သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီနဲ့ TNLA အဖွဲ့ကြား တိုက်ပွဲဆက်လက် ပြင်းထန်


PSLF/TNLA တအာန်းပြည်သူ့လွတ်မြောက်ရေးတပ်မှ သတင်းထုတ်ပြန်ထားသည့် ဗွီဒီယိုဖိုင်တွင် တွေ့ရသော စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့်အဆောက်အဦတခု
PSLF/TNLA တအာန်းပြည်သူ့လွတ်မြောက်ရေးတပ်မှ သတင်းထုတ်ပြန်ထားသည့် ဗွီဒီယိုဖိုင်တွင် တွေ့ရသော စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့်အဆောက်အဦတခု

၁၀၂၇ စစ်ဆင်ရေး ဒုတိယအဆင့် စတင်ခဲ့တဲ့ ၆ရက်အတွင်း ရှမ်ပြည်မြောက်ပိုင်းနဲ့ မန္တလေးတိုင်းမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး၊ စစ်ကောင်စီရဲ့ တပ်စခန်း ၃၀ကျော် သိမ်းယူနိုင်ခဲ့ကြောင်း TNLA ပြောခွင့်ရက ဗွီအိုအေကိုပြောပါတယ်။ တိုက်ပွဲတွေအတွင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု ကြောင့် အရပ်သား နှစ်ဒါဇင်နီးပါး သေဆုံးခဲ့တယ်လို့လည်းTNLA ကသတင်းထုတ်ပြန်ထားပါတယ်။
ရှမ်းပြည်မြောက်ပိုင်းနဲ့ မန္တလေးတိုင်းက တိုက်ပွဲတွေ နောက်ဆုံး အခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး ကိုငြိမ်းချမ်း တင်ပြထားပါတယ်။

ဇွန်လ ၂၅ရက်နေ့က စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယအဆင့် တိုက်ပွဲတွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်းက ကျောက်မဲ၊နောင်ချို၊ မိုးမိတ်နဲ့ မန္တလေးတိုင်းက မိုးကုတ်မြို့စတဲ့ မြို့နယ် ၄ခုမှာ ဆက်လက်ဖြစ်ပွားနေပါတယ်။ အလားတူ စစ်ကောင်စီတပ်နဲ့ MNDAA ကိုးကန့်တပ်အကြား တိုက်ပွဲတွေပြန်စတင်နေပြီး ဇွန်လ ၂၉ရက်နေ့ကဆိုရင် လားရှိုး- သိန္နီလမ်းက ၁၂မိုင်မှာ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ လက်ရှိ တိုက်ပွဲဖြစ်ပွားနေတဲ့အခြေအနေကို တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက VOA ကို အခုလို ပြောပါတယ်။

“ ဒီကနေ့ ကျမဆီမှာ တက်လာတဲ့သတင်းအရဆိုရင် ဒီ ကျောက်မဲဘက်မှာတိုက်ပွဲဖြစ်တယ်။ နောင်ချိုမြို့၊ ပြီးရင် မိုးကုတ်၊ မိုးမိတ်တွေဘက်မှာလည်း တိုက်ပွဲပြင်းထန်နေပါတယ်။ ကျောက်မဲမှာတော့ စစ်ကောင်စီရဲ့ ခမရ ၅၀၁၊ ၅၀၂ မှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ နောင်ချိုဘက်မှာတော့ လက်ရှိ စကစရဲ့ ၆၀၆ စခန်းမှာ တိုက်ပွဲ ပြင်းထန်နေပါတယ်။ မိုးကုတ်မှာဆိုရင် မနေ့က ရွှေသာယာဘက်မှာလည်း တိုက်ပွဲတွေ ပြင်းထန်နေတယ်။ ငါးစေတီဘက်မှာလည်း တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ မိုးမိတ်ဘက်မှာဆိုရင် မနေ့ကတော့ ညောင်နီရွာဘက်မှာ တိုက်ပွဲပြင်းထန်နေပါတယ်။”

၁၀၂၇ စစ်ဆင်ရေး ဒုတိယအဆင့်ရဲ့တိုက်ပွဲ ၆ရက်တာကာလအတွင်းမှာ စစ်ကောင်စီတပ်စခန်း ၃၀ကျော် သိမ်းယူနိုင်ခဲ့ကြောင်းလည်း သူက ပြောပါတယ်။

“ လက်ရှိ ဒီ ၆ရက်တာ တိုက်ပွဲအတွင်းမှာဆိုရင် စစ်ကောင်စီရဲ့ တပ်စခန်း ၃၂ခုပေါ့နော်။ ကျမတို့ သိမ်းပိုက်နိုင်ခဲ့တယ်။”

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် ကျောက်မဲမြို့ အမှတ်(၁)ပင်ပေါလေးရပ်ကွက်က One Love ဟိုတယ်
စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် ကျောက်မဲမြို့ အမှတ်(၁)ပင်ပေါလေးရပ်ကွက်က One Love ဟိုတယ်

ဇွန်လ ၃၀ရက်နေ့ညက ကျောက်မဲမြို့ One Love ဟိုတယ်အနီးကို စစ်ကောင်စီဘက်က တိုက်လေယာဉ် ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံးချခဲ့တာကြောင့် အရပ်သားလူနေအိမ် ၂၀ခန့်ပျက်စီးပြီး အရပ်သား ၃ဦး ထိခိုက်ခဲ့ကြောင်းလည်း လွေးယေဦးက ပြောပါတယ်။ ကျောက်မဲ မြို့ခံတဦးကတော့ မနေ့ညက စစ်ကောင်စီရဲ့ လေကြောင်းက ဗုံးကြဲတဲ့အခြေအနေကို အခုလို ပြောပါတယ်။

“ မနေ့ညက One Love ဟိုတယ် ဗုံးချသွားတာလေ။ ကျနော်တို့ ရပ်ကွက်ထဲပဲ။ တလုံးတည်းပါ။ အဲဒီ One Love ဟိုတယ်ကလည်း တခုလုံးတော့ ပြိုမကျဘူး။ မှန်တွေကွဲ၊ ပြတင်းပေါက်တွေ ပျက်၊ အမိုးတွေ ပွင့်ပေါ့။ ပတ်ဝန်းကျင်ကတော့ ဧရာမန်း Owner အိမ်၊ သူ့ရှေ့က အိမ်ကတော့ ပြာကျသွားတာပဲ။ ကျန်တာတွေကတော့ အကုန်လုံး ခေါင်မိုးတွေပွင့် ဘာတွေ ပွင့်ပေါ့။ ပတ်ပတ်လည်အိမ်တွေကတော့ အကုန်သွား၊ တချို့ ခပ်လှမ်းလှမ်းအိမ်တွေတောင်မှ မှန်တွေ ဘာတွေ တပ်ထားတဲ့ အိမ်တွေကျ အကုန်လုံး မှန်တွေ ကွဲကုန်တာလေ။ ဒါပေမဲ့ လူကတော့ အသေအပျောက်မရှိဘူး။ အဲဒီမှာ ဗုံး ကျတာက။ ”

အခြားကျောက်မဲဒေသခံတဦးကတော့ ဗုံးကျပြီးတဲ့နောက်မှာ ကျောက်မဲမြို့မှာ အသွားအလာမရှိ သလောက်ဖြစ်သွားသလို မြို့ခံအတော်များများကလည်း မြို့ကို စွန့်ခွာတာတွေ ပိုများလာကြောင်း ပြောပါတယ်။

“ မနေ့ညသန်းခေါင်က ဂျက်လေယာဉ်နဲ့ ဗုံး ချတော့ လူတွေက တမြို့လုံး လန့်ဖြန့်ပြီးတော့မှ မြို့ထဲမှာ လူကို မရှိသလောက်ဖြစ်သွားပြီ။ ပိုပြီးတော့ ထွက်ခွာကြတာပေါ့။ မြို့ပေါ်ကနေ။ မြို့မှာ ဗဟိုချက်ဖြစ်ပြီးတော့မှ တိုက်ပွဲဖြစ်နေတော့ အရပ် ၈မျက်နှာ ဘေးပတ်လည် ကျေးရွာတွေကို လူတွေက ထွက်ခွာသွားကြတာပေါ့။ ဒီနေ့ အခြေအနေက နာရီဝက် တနာရီ လက်နက်ကြီး ပစ်သံတော့ ကြားတယ်။ ခါတိုင်းရက်လို ဆက်တိုက် ဆက်တိုက်မရှိတော့တာပေါ့။ အသံတွေက။”

ပြင်ဦးလွင်၊ မန္တလေး စတဲ့ မြေပြန့်နဲ့နီးတဲ့ နောင်ချိုနဲ့ မိုးကုတ်မြို့တွေက ဒေသခံတွေအတော်များများဟာလည်း မြို့ကို စွန့်ခွာပြီး ဘေးလွတ်ရာကို တိမ်းရှောင်နေကြသလို တိုက်ပွဲကြောင့် လမ်းခရီးမှာ ပိတ်မိနေသူတွေလည်း ရှိနေပါတယ်။

PSLF/TNLA တအာန်းပြည်သူ့လွတ်မြောက်ရေးတပ်မှ သတင်းထုတ်ပြန်ထားသည့် ဗွီဒီယိုဖိုင်တွင် တွေ့ရသော တိုက်ပွဲအတွင်း ပျက်စီးသွားသည့်အဆောက်အဦတခု
PSLF/TNLA တအာန်းပြည်သူ့လွတ်မြောက်ရေးတပ်မှ သတင်းထုတ်ပြန်ထားသည့် ဗွီဒီယိုဖိုင်တွင် တွေ့ရသော တိုက်ပွဲအတွင်း ပျက်စီးသွားသည့်အဆောက်အဦတခု

ဇွန်လ ၂၉ရက်နေ့ကလည်း နောင်ချိုမြို့ မီးသတ်ရုံးအနီး ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် လူနေအိမ် ၈လုံးပျက်ဆီးကြောင်း နဲ့ တိုက်ပွဲဖြစ်ပွားပြီး ၆ရက်အတွင်း လေကြောင်းကနေ ဗုံးကြဲတာ၊ လက်နက်ကြီး ထိမှန်တာကြောင့် အရပ်သား ပြည်သူ ၂၂ ဦးသေဆုံးပြီး ဒဏ်ရာရသူ ၃၀ ခန့်ရှိခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်ထားပါတယ်။ တိုက်ပွဲတွေအတွင်း ထိခိုက်သေကျေမှုတွေနဲ့ ပတ်သက်လို့ နယ်မြေအခြေအနေအရ ဗွီအိုအေက သီးခြားအတည်ပြုလို့မရသေလို၊ TNLA အဖွဲ့နဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ နောက်ဆုံးအခြေအနနဲ့ ပတ်သက်လို့လည်း စစ်ကောင်စီက သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။ တကျော့ပြန် တိုက်ပွဲတွေကြောင့် ဒေသခံတချို့ ထိခိုက်သေဆုံးမှုတွေ ရှိနေပြီး၊ လုံခြုံရေးအတွက် စိုးရိမ်စရာ အန္တရာယ်တွေ ရှိနေတယ်လို့လည်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးက ဒီကနေ့ ထုတ်ပြန်တဲ့ လစဉ်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG