သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ် တိုက်ပွဲတွေကြောင့် ဒေသခံတွေ ဘေးလွတ်ရာတိမ်းရှောင်


စစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA) ကြားတိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ် မင်းပြားမြို့နယ်အတွင်း ပျက်စီးသွားတဲ့ လူနေအိမ်တချို့ (မေ ၂၁၊ ၂၀၂၄)
စစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA) ကြားတိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ် မင်းပြားမြို့နယ်အတွင်း ပျက်စီးသွားတဲ့ လူနေအိမ်တချို့ (မေ ၂၁၊ ၂၀၂၄)

ရခိုင်တောင်ပိုင်း သံတွဲမြို့ ငပလီကမ်းခြေတလျောက်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA ကြား တိုက်ပွဲတွေ သီတင်း ၁ ပတ်ကျော်ကြာ ဆက်လက်ပြင်းထန်နေပါတယ်။ စစ်ကောင်စီဘက်က သံတွဲမြို့အနီးတဝိုက် လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်နေရာမှာ မနေ့က ထိခိုက်ဒဏ်ရာရ သူတွေရှိနေကြောင်း ဒေသခံတွေက ဗွီအိုအေကိုပြောပါတယ်။ အလားတူ မောင်တောဘက်မှာလည်း မြို့သိမ်းတိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ဒေသခံ ရိုဟင်ဂျာတွေ ဘေးလွတ်ရာကို ထွက်ပြေးနေကြရပါတယ်။ ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး ကိုစံကျော် တင်ပြထားပါတယ်။

ရခိုင်တောင်ပိုင်း သံတွဲမြို့နယ်က ငပလီလေဆိပ်ကို အာရက္ခတပ်တော် AAဘက်က ဇွန်လ (၂၄) ရက်မှာ သိမ်း လိုက်ပြီးနောက် ငပလီကမ်းခြေတလျောက်မှာ တိုက်ပွဲတွေ ဒီကနေ့အထိ ဆက်တိုက်ပြင်း ထန်နေတာပါ။ စစ်ကောင်စီဘက်ကတော့ သံတွဲငပလီမှာ ရေတပ်အင်အားအလုံး အရင်းဖြည့်တင်းပြီး ခုခံတိုက်ခိုက်နေပါတယ်။ လက်နက်ကြီးသံတွေကို ဒီကနေ့အထိ ကြားနေရတယ်လို့ လက်ရှိသံတွဲမှာ ရှိနေသေးတဲ့ ဒေသခံတဦးက ဗွီအိုအေကို ပြောပါတယ်။

“ ကမ်းခြေဘက်မှာ ဖြစ်နေတယ် အသံတွေကြားရတယ်၊ လက်နက်ကလေး သံတွေ လည်းကြားရတယ် လက်နက်ကြီးသံတွေလည်းကြားရတယ်၊ ဒီနေ့ကတော့ လက်နက်ကလေးသံ သိပ်မကြားရဘူး လက်နက်ကြီးတွေနဲ့ ထုနေ ထောင်းနေသံတွေတော့ ကြား ရတယ်။”

လောလောဆယ် သူကိုယ်တိုင် အန္တရာယ်ကို စိုးရိမ်နေပေမဲ့ အခြေအနေတွေကို စောင့်ကြည့်နေကြောင်း လုံခြုံရေးအရ အမည်မဖေါ်လိုတဲ့ အဲဒီ ဒေသခံက ပြောပါတယ်။ မနေ့က သံတွဲမြို့အနီးအနားကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ဒေသခံတချို့ ထိခိုက်ဒဏ်ရာရတာရှိတယ်လို့ သံတွဲမြို့ကိုစွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံတဦးကပြောပါတယ်။

“ မနေ့က အထိကလေ ကျမတို့ မြို့နဲ့ တမိုင်အကွာလောက်မှာရှိတဲ့ ဗုံးကြဲတယ် ဘုန်းကြီး ကျောင်းတကျောင်း ကို ဗုံးကြဲလိုက်တယ်၊ လက်မှာလည်း လက်နက်ကြီးတွေ ကျတယ်၊ နောက်ပြီးတော့ ကျမတို့ သံတွဲမြို့သစ်ပေါ့နော် အဲဒီက ဘုးန်ကြီးကျောင်းကို ဗုံးကြဲတယ်၊ နောက် စစ်မှုထမ်းဟောင်း အိမ်ရာ ရောင်ခြည်ဦး အဲဒီနေရာမှာလည်း ဗုံးကြဲတယ်၊ ဂျက်ဖိုက်တာနဲ့လေ အဲဒီမှာ ထိခိုက်ဒဏ်ရာရတဲ့သူတွေ ရှိတယ်လို့ ကျမတို့ သိရပါတယ်။”

စစ်ကောင်စီခေါင်းဆောင်တွေရဲ့ အကျိုးစီးပွားတွေ ရှိနေတဲ့ သံတွဲငပလီ AA လက်ထဲအပါမခံလိုတဲ့ စစ်ကောင်စီအနေနဲ့ အပြင်းအထန်ခံနေရသလို ငပလီအခြေစိုက် ခမရ ၅၆၆တပ်ရင်းဟာလည်း သံတွဲ ငပလီ လမ်းဆုံမှာရှိတဲ့ ခလရ ၅၅ တပ်ရင်းနဲ့ ပူးပေါင်းထားတယ်လို့ ဒေသခံတွေကပြောပါတယ်။ AA ဘက်ကတော့ ခလရ ၅၅တပ်ရင်းကို ထိုးစစ်ဆင်တိုက်ခိုက် နေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ လက်ရှိမှာတော့ ငပလီကမ်းခြေတိုက်ပွဲတွေဟာ မြို့အနီးအနားကို ရောက်ရှိလာတာကြောင့် မြို့ပေါ်မှာ ကျန်ရှိနေသေးတဲ့ဒေသခံတွေဟာလည်း ဆက်လက်ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ သံတွဲမြို့ပေါ်က ထွက်ပြေးတိမ်းရှောင်လာတဲ့ အမျိုးသမီးတဦးက ပြောပါတယ်။

“ကျမတို့လည်း အဝတ်တထည်ကိုယ်တခုနဲ့ ထွက်ပြေးလာရတာ သံတွဲမှာကလည်း မြို့ထဲမှာ မဖြစ်ဆိုပေမယ့် ဒေသခံကလည်း အယောက် ၁ဝဝမှာ ၉ဝလောက်က မရှိတော့ဘူး။ ကျမတို့လည်း တောင့်ခံနေသေးတယ် ဒါပေမယ့် ကလေးတွေလည်း ပညာရေးကလည်း ရှိသေးတော့ ထွက်လာခဲ့လိုက်တယ်။”

အခုလို တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် သံတွဲလေဆိပ်ကို ပိတ်ထားလိုက်ပြီ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံအတွင်း ခရီးသွားနေတဲ့ အမေရိကန်နိုင်ငံသားတွေအနေနဲ့ သတိထားသွား လာကြဖို့ ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးက ဇွန်လ ၂၇ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မောင်တောမြို့ကိုလည်း ပြီးခဲ့တဲ့ လကတည်းက AAဘက်က မြို့သိမ်းတိုက်ပွဲအဖြစ် ထိုးစစ်ဆင်တိုက်ခိုက်နေတာဒီကနေ့အထိဖြစ်ပါတယ်။ ဒါပေမယ့်လည်း မောင်တောမြို့နယ်မှာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ လုံးဝပြတ်တောက်နေတာကြောင့် မောင်တောအခြေအနေ ကိုသိရဖို့ခက်ခဲနေတာပါ။ ဒီကနေ့ ဗွီအိုအေက လက်ခံရရှိတဲ့ ဗွီဒီယိုဖိုင်တခုမှာတော့ ရာနဲ့ချီ မောင်တောမြို့ပေါ်က ဒေသခံ ရိုဟင်ဂျာတွေ ဘေးလွတ်ရာကို ထွက်ပြေးနေကြတာကိုတွေ့ရပါတယ်။ ဒါပေမယ့်လည်း ရခိုင်တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီးတော့ စစ်ကောင်စီနဲ့ AAနှစ်ဘက်လုံးက သတင်းကြေညာချက် တစုံတရာထုတ်ပြန်ထားတာကို မတွေ့ရသေးပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG