သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငပလီမှာ စစ်ကောင်စီနဲ့ AA စစ်ရေး ဆက်လက်တင်းမာ


ယခင်မှတ်တမ်းရုပ်ပုံ | ရခိုင်ပြည်နယ် သံတွဲမြို့ရှိ သံတွဲလေဆိပ်
ယခင်မှတ်တမ်းရုပ်ပုံ | ရခိုင်ပြည်နယ် သံတွဲမြို့ရှိ သံတွဲလေဆိပ်

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်က နာမည်ကျော် ငပလီကမ်းခြေအနီး လေယာဉ်ကွင်းကို အာရက္ခတပ်တော် AA ကသိမ်းပိုက်လိုက်ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက် ဒီနေ့မှာတော့ တိုက်ခိုက်မှုတွေ ပြင်းပြင်းထန်ထန် မကြားရတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ဒါပေမဲ့လည်း စစ်ကောင်စီက လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေ ရှိနေဆဲဖြစ်တာကြောင့် ဒေသခံတွေလည်း ဘေးလွတ်ရာ တိမ်းရှောင်နေကြတာပါ။ ရခိုင်ပြည်နယ်က စစ်ရေးတင်းမာမှု နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ ထားတာကို အခြေခံပြီး ကိုစံကျော် တင်ပြထားပါတယ်။

အာရက္ခတပ်တော် AA ဘက်က ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့ နယ် ငပလီကမ်းခြေက မဇင်လေဆိပ်ကို မနေ့ကညနေပိုင်းက AA ဘက်က သိမ်းလိုက်ပြီလို့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက် ဒီနေ့မှာတော့ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်တာမျိုး မရှိတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

“ ညကနေပြီးတော့ သံတွဲလေဆိပ်ကို သိမ်းပြီးပြီလို့ ပြောကတည်းက အသံကတော့ တိတ်သွားတယ်၊ ဒီမနက်မှာလည်း တိုက်ပွဲဖြစ်တဲ့ အသံမကြားရဘူး။ လက်နက်ကြီးသံတော့ ၅ချက် လောက် ပစ်တယ် အဲဒီနောက်ပိုင်းကို လေယာဉ်လာတယ်လို့ပြောတယ်၊ နှစ်ဖက်ထိတွေ့တိုက် ပွဲဖြစ်တာတော့ မကြားရသေးဘူးဟုတ်။”

ဒါပေမဲ့လည်း စစ်ကောင်စီတပ်ဖွဲ့တွေက လေကြောင်းလှုပ်ရှားမှုတွေ ပိုများလာပြီး၊ လက်နက်ကြီး ပစ်ခတ်မှုတွေ ရှိနေတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့လည်း ပြောပါတယ်။

“ အခုကတော့ ဂျိတ်တော၊ လင်းသာ အဲဒီမှာ ရှိတဲ့သူတွေထဲက တချို့တဝက်ကတော့ ဘေးလွတ်ရာကို ရောက်နေကြပြီ၊ တချို့ကတော့ အဲဒီမှာ ကျန်ခဲ့တယ်။ ကျန်ခဲ့တဲ့ သူတွေက အခုလက်ရှိမှာမှ ဘေးကင်းမဲ့နေရာကိုရွှေ့ဖို့လုပ်နေကြတဲ့ အခါကျတော့ ၅၅တပ်ရင်းကနေ ပိတ်ထားတော့ သူတို့က ရွှေ့လို့မရဘူး၊ ဒီလိုနဲ့ အထဲမှာ ပိတ်မိနေတဲ့သူ ကျန်နေတဲ့သူတွေ ရှိနေသေးတယ်။”

ယခင်မှတ်တမ်းရုပ်ပုံ | ရခိုင်ပြည်နယ် သံတွဲမြို့နယ် ငပလီကမ်းခြေ (ဖေဖော်ဝါရီ ၁၉၊ ၂၀၁၉)
ယခင်မှတ်တမ်းရုပ်ပုံ | ရခိုင်ပြည်နယ် သံတွဲမြို့နယ် ငပလီကမ်းခြေ (ဖေဖော်ဝါရီ ၁၉၊ ၂၀၁၉)


စစ်ကောင်စီနဲ့ AAကြား တိုက်ပွဲတွေ ဒီလဆန်းမှာ တိုက်ပွဲတွေ စတင်ချိန်ကစလို့ ငပလီက ဒေသခံအများအပြား ဘေးလွတ်ရာ တိမ်းရှောင်နေကြတာပါ။ ငပလီမှာ ထိုးစစ်ဆင်နေတဲ့ AA အဖွဲ့က လေယာဉ်ကွင်းကို ထိန်းချုပ်လိုက်ကြောင်း သတင်းတွေ ထွက်ပေါ်နေပေမဲ့ လတ်တလော AA အဖွဲ့က တရားဝင် သတင်းထုတ်ပြန်တာ မတွေ့ရသေးသလို ရခိုင်ပည်နယ်က တိုက်ပွဲတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဖက်ကလည်း တစုံတရာ ပြောဆိုတာ မရှိသေးပါဘူး။ စစ်ကောင်စီအနောက်ပိုင်တိုင်းစစ်ဌာနာချုပ်ရဲ့ အရေးကြီးဗျူဟာကုန်းဖြစ်တဲ့ တောဟိန်းတောင်ဗျူဟာကုန်းကိုတော့ AA အဖွဲ့က လနဲ့ချီတိုက်ခိုက်ခဲ့ပြီးနောက် မနေ့ကပဲ သိမ်းပိုက်လိုက်ပြီလို့ ရခိုင်အရေးလေ့လာသုံးသပ်သူ လွတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းကပြောပါတယ်။

“တောဟိန်းတောင် ဗျူဟာကုန်းက အမ်းမြို့နယ် ကဇုကိုင်းရွာအထက်မှာရှိတာပေါ့ တော်တော့ကို အင်းအား ၆ဝဝလောက်ရှိတဲ့ ဗျူဟာကုန်းပေါ့၊ အဲတာကို AAတပ်တော်က ၂လကျော်လောက် အချိန်ယူပြီးတော့ ဝိုင်းပတ်ပြီးတော့ ပိတ်ဆို့တိုက်ခိုက်နေတာ မနေ့က မနက် ၂နာရီလောက်မှာ အဲဒီစခန်းက စစ်သားတွေ ထွက်ပြေးသွားတယ်၊ အမ်းဘက်ကို ဆုတ်ခွာသွားတယ်၊အဲမှာ အလောင်းတွေ လက်နက်တွေ ရတယ်ဆိုပြီး ကျနော်တို့ မြေပြင်သတင်းတွေအရရော မီဒီယာသတင်းတွေအရ သိရပါတယ်။”

တောဟိန်းတောင် ဗျူဟာကုန်းက အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ အကြီးဗျူဟာကုန်း တခုဖြစ်သ လို အင်အားအများဆုံးဗျူဟာကုန်းတခုလည်းဖြစ်ပါတယ်။ AAအနေနဲ့ ဒီဗျူဟာကုန်းကို သိမ်းလိုက်ပြီဆိုရင် အမ်းမြို့ကို ဆက်လက်သိမ်းပိုက်နိုင်ဖို့ လွယ်ကူ သွားပြီးလို့လည်း ဦးဖေသန်းကသုံးသပ်ပါတယ်။ လက်ရှိမှာတော့ တောဟိန်းဗျူဟာကုန်းကနေ ဆုတ်ခွာသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ AA ဘက်က လိုက်လံရှင်းနေတယ် လို့အမ်း ဒေသခံတွေက ပြောဆိုကြပါတယ်။

AA အနေနဲ့ ၆လကျော်ကြာ တိုက်ပွဲကာလတလျောက် ရခိုင်ပြည်နယ်က မြို့နယ် ၉ခုနဲ့ ချင်းပြည်နယ်က ပလက်ဝမြို့နယ်တွေကို ထိန်းချုပ်လိုက်ကြောင်း ကြေညာထားပါတယ်။ နောက်ထပ်လည်း တောင်ကုတ်၊ သံတွဲ၊ အမ်းနဲ့ မောင်တောမြို့ နယ်တွေက စစ်ကောင်စီတပ်ဖွဲ့တွေကို တိုက်ခိုက်နေတာပါ။ တိုက်ပွဲတွေ ကြီးထွားလာနေရာက ဒေသခံ ရခိုင်တိုင်းရင်းသားတွေနဲ့ ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်ခံရမှု သတင်းတွေလည်း ထွက်ပေါ်နေတာကြောင့် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကလည်း စိုးရိမ်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG