သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ် တိုက်ပွဲတွေအတွင်း အရပ်သား ထိခိုက်သေဆုံးမှုတွေတိုး


ရခိုင်ပြည်နယ်အတွင်း မောရတီဗျူဟာအား အာရက္ခတပ်တော် AA က သိမ်းပိုက်ပြီးနောက် AA မှ ထုတ်ပြန်ထားသည့်ဓါတ်ပုံ (ဇွန် ၁၃၊ ၂၀၂၄)
ရခိုင်ပြည်နယ်အတွင်း မောရတီဗျူဟာအား အာရက္ခတပ်တော် AA က သိမ်းပိုက်ပြီးနောက် AA မှ ထုတ်ပြန်ထားသည့်ဓါတ်ပုံ (ဇွန် ၁၃၊ ၂၀၂၄)

ရခိုင်ပြည်နယ်တောင်ပိုင်းမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA တို့ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတာနဲ့အမျှ အရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အရပ်သား ထိခိုက်သေဆုံးမှုတွေအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေ စိုးရိမ်နေချိန်မှာပဲ နောက်ထပ် သေကြေတဲ့ သတင်းတွေ ထွက်ပေါ်နေတာပါ။ ရခိုင်ပြည်နယ်က စစ်ရေးပဋိပက္ခ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ ထားတာကို အခြေခံပြီး ကိုစံကျော် တင်ပြထားပါတယ်။

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ကျယ်ပြန့်လာတာနဲ့အမျှ ဒေသခံတွေ ထိခိုက်သေဆုံးမှုတွေလည်း တိုးလာနေတာပါ။ ဒီကနေ့မနက်မှာလည်း တောင်ကုတ်မြို့နယ်၊ ကံဆိပ်ကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှု ရှိခဲ့ကြောင်း ဒေသခံတဦးကပြောပါတယ်။

“ ဒီနေ့ကတော့ ဆယ်နာရီဝန်းကျင် လေယာဉ်တစီးပျံသွားတော့ ပန်းတင်းကျွန်း ကံဆိပ်ရွာကို ဗုံးချတယ်လို့ ကြားတယ်၊ အဲမှာ လူသေတယ်လို့ ကြားတာပေါ့၊ တချို့ကဆိုလည်း နှစ်ယောက် တချို့ကဆိုလည်း ၇ ယောက် အတည်ပြုလို့တော့မရသေးဘူး၊ ရွာအလယ်ကို ကျတာဆိုတော့ တော်တော်များများ ဒဏ်ရာရတယ်လို့ကြားတယ်။ စက်လှေတွေနဲ့ ပြေးလာကြတာကိုလည်း မြင်တယ်။”

တောင်ကုတ်မြို့ အနောက်ဘက် ၇ မိုင်လောက်အကွာမှာရှိတဲ့ ကံဆိပ်ကျေးရွာမှာတော့ တောင်ကုတ်မြို့က တိုက်ပွဲတွေကနေ တိမ်းရှောင်လာကြတဲ့ ရာနဲ့ချီ ခိုလှုံနေကြတာပါ။ တောင်ကုတ်မြို့နယ်မှာ ပြီးခဲ့ ဇွန်လ ၁၅ရက်နေ့ကတည်းက စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AAကြား တိုက်ပွဲတွေ စတင်ခဲ့တာပါ။ လက်ရှိမှာလည်း စစ်ကောင်စီနဲ့ AAကြား ထိတွေ့တိုက်ပွဲ တွေ ရှိနေသလို စစ်ကောင်စီရဲ့ လေတပ် ရေတပ် လက်နက်ကြီးတပ်တွေကနေ တောင် ကုတ်မြို့ အနီးအနားကျေးရွာတွေကို ပစ်ခတ်နေတယ်လို့ တောင်ကုတ်မြို့ခံတွေက ပြောပါတယ်။ တိုက်ပွဲတွေကြောင့် တောင်ကုတ်မြို့ခံ အများအပြားဟာ ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့လည်းမြို့ခံတဦးကပြောပါတယ်။

“ ရမ်းဗြဲကို ပြေးတဲ့ လူတွေကပြေး မအီဘက်ကို ပြေးတဲ့သူတွေက ပြေး အဲလိုပြေးနေကြတာပေါ့။ ပန်းတင်းဘက်ကို ပြေးတဲ့သူတွေက ဗုံးထိတော့ ပြန်ပြေး အဲလိုဖြစ်နေကြတယ်။ မြို့ပေါ်မှာ ဆိုရင်တော့ ၄ပုံ ၁ပုံလောက်ပဲ ကျန်တော့တယ်၊ ပြေးဖို့မရှိတဲ့ လူတွေက ဘုန်းကြီးကျောင်းမှာ နေကြတာပေါ့၊ နောက်အိမ်စောင့်တွေပေါ့ ဟိုနားမှာ တယောက် ဒီနားမှာတယောက် ဟိုလမ်းမှာ တယောက် နှစ်ယောက် အဲလောက်ပဲကျန်တာ။ ကျန်နေတဲ့ သူတွေက ဗုံခိုကျင်းတူးရင်လည်း စစ်ကောင်စီက မတူးရဘူး လာတားတာတွေရှိတယ်။”

တောင်ကုတ်မြို့မှာ ဆက်လက်နေထိုင်သူ တချို့ရှိပေမဲ့ အန္တရာယ်ကိုလည်း စိုးရိမ်နေကြပါတယ်။

“ ကျနော်တို့ကတော့ ဒါက ရခိုင်မှာ ဖြစ်နေကြပဲလေဒါပေမယ့် ဖြစ်လာတဲ့ အပေါ်မှာ မူတည်ပြီးတော့ ပြေးသင့်ရင်ပြေးရမှာပေါ့ ရှောင်သင့်ရင် ရှောင်ရမှာပေါ့၊ နေလို့ရတဲ့ အတိုင်းအတာတခုအထိတော့နေမှာပဲ ကိုယ့်ရပ်ကိုယ့်ရွာပဲ အဲလိုပဲ စဉ်းစားထားတာပေါ့။ ဒါက ရခိုင်မှာ တမြို့ပြီး တမြို့ ဖြစ်နေတာလေ ဒါပေမယ့် မိသားစုအတွက်ကတော့ စိုးရိမ်မှုတွေတော့ ရှိတာပေါ့။”

ရခိုင်ပြည်နယ်က တောင်ကုတ် သံတွဲ ကျောက်ဖြူ အမ်းနဲ့ မောင်တော မြို့နယ်တွေမှာ စစ်ကောင်စီနဲ့ AAကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။ မောင်တောမြို့ နယ်မှာတော့ မြို့သိမ်းတိုက်ပွဲ စတင်တော့မှာဖြစ်တာကြောင့် မြို့ခံတွေ ဘေးလွတ်ရာကို တိမ်းရှောင်ပေးကြဖို့ AA အဖွဲ့က သတိပေးထားပါတယ်။ ရခိုင်ပြည်နယ်က တိုက်ပွဲတွေနဲ့ ထိခိုက်သေဆုံးမှု အခြေအနေတွေအပေါ် လတ်တလော စစ်ကောင်စီက သတင်းထုတ်ပြန်တာတော့ မတွေ့ရသေးပါဘူး။

၆ လကြာ တိုက်ပွဲတွေအတွင်း ရခိုင်ပြည်နယ်က မြို့နယ် ၉ခုနဲ့ ချင်းပြည်နယ်က ပလက်ဝမြို့နယ်တို့ကို ထိန်းချုပ်ထားကြောင်း AA အဖွဲ့က ကြေညာထားတာပါ။ AA အဖွဲ့က ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို စစ်ကောင်စီဘက်က လေကြောင်း တိုက်ခိုက်တာတွေ မကြာခဏရှိနေတာကြောင့် အရပ်သားသေဆုံး ဒဏ်ရာရတာတွေလည်း တိုးလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Forum

XS
SM
MD
LG