သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သံတွဲ၊ တောင်ကုတ်၊ အမ်း၊ ကျောက်ဖြူ ရခိုင်တောင်ပိုင်း တိုက်ပွဲပြင်းထန်


မေလ ၁၅ ရက်မနက်ပိုင်းက အာရက္ခတပ်တော် AA ထိန်းချုပ်နယ်မြေထဲက ကျောက်တော်မြို့နယ်ဆေးရုံ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခံထားရတဲ့မြင်ကွင်း။ (မေ ၁၅၊ ၂၀၂၄/ဓာတ်ပုံ AA Info Desk)
မေလ ၁၅ ရက်မနက်ပိုင်းက အာရက္ခတပ်တော် AA ထိန်းချုပ်နယ်မြေထဲက ကျောက်တော်မြို့နယ်ဆေးရုံ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခံထားရတဲ့မြင်ကွင်း။ (မေ ၁၅၊ ၂၀၂၄/ဓာတ်ပုံ AA Info Desk)

ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲ၊ တောင်ကုတ်၊ အမ်း စတဲ့မြို့နယ်တွေမှာ စစ်ကောင်စီနဲ့ AA ကြား တိုက်ပွဲတွေ ပြင်းထန်နေသလို တရုတ်စီမံကိန်းတွေရှိတဲ့ကျောက်ဖြူမှာလည်း ဇွန်လ ၁၇ ရက်နေ့ မနက်ပိုင်းကစလို့ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ရခိုင်တိုက်ပွဲအခြေအနေတွေနဲ့ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ်တောင်ပိုင်းက အမ်း၊ တောင်ကုတ်၊ သံတွဲစတဲ့ မြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် AA ကြား တို်က်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲဖြစ်တယ်လို့ ရခိုင်အရေး လေ့လာသုံးသပ်သူ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက ပြောပါတယ်။

“ တောင်ပိုင်းမှာကျတော့ အမ်းမှာဖြစ်တယ်။ အမ်းမြို့နယ် ကုဇုကိုင်း၊ တောဟိန်းတောင် ဗျူဟာပေါ့ အဲဒီမှာတော့ တိုက်နေတာ တော်တော်ကြပါပြီ။ လနဲ့ချီရှိနေပြီ။ နောက်ပြီးတော့ မနေ့ တနေ့ကဆိုရင်လည်း တောင်ကုတ်မြို့မှာ ဖြစ်တယ်။ သံတွဲမှာလည်း ဖြစ်နေတာ လဝက်နီးပါး ရှိနေပါပြီ။ အဲသုံးနေရာတော့ ပြင်းပြင်းထန်ထန်ဖြစ်နေတာပေါ့။ မြောက်ပိုင်းမှာဆိုရင်တော့ သိတဲ့အတိုင်းပဲ။ မောင်တောမှာဖြစ်နေတယ်။ စစ်တွေကတော့ AA ဘက်က ပိတ်ဆို့ထားတယ်။”

တရုတ်စီမံကိန်းတွေရှိနေတဲ့ ရခိုင်တောင်ပိုင်းက ကျောက်ဖြူမြို့နယ်မှာလည်း AA တပ်ဖွဲ့ဝင်တွေရှိနေတဲ့နေရာကို စစ်ကောင်စီတပ်တွေဝင်လာတာကြောင့် တနင်္ဂနွေနေ့မနက်ပိုင်းက စပြီး နှစ်ဘက်အပြန်အလှန်ပစ်ခတ်နေကြတယ်လို့ အနီးအနားမှာရှိနေတဲ့ ဒေသခံတဦးကပြောပါတယ်။

“ကျောက်ဖြူနဲ့ ၁၁ မိုင်လောက်အကွာ မင်းတက်တောင်ကျေးရွာနဲ့ လမ်းကွဲလမ်းစုံအနီးမှာ ဖြစ်တာ။ အချိန်ကတော့ မနက် ၇ နာရီခွဲလောက်မှာ စပြီးတော့ ဖြစ်တယ်။ တိုက်ပွဲကတော့ ၅ မိနစ်လောက် တခေါက်စီဖြစ်တယ်။ နောက် ကြာပြီးတော့မှ နည်းနည်းစီဖြစ်တယ်။ စစ်ကောင်စီဘက်ကတော့ လက်နက်ကြီးတွေနဲ့ လှမ်းပစ်တာရှိတယ်။ နောက်ပြီးတော့ ဒရုန်းတွေနဲ့ လာချတာတွေလည်းရှိတယ်။”

ကျောက်ဖြူ- ရန်ကုန်ကားလမ်းပေါ်က မင်းတက်တောင်ကျေးရွာအနီးမှာ တိုက်ပွဲတွေဖြစ်နေတာပါ။ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ပစ်ခတ်နေပြီး အနီးအနားကျေးရွာတွေက ဒေသခံတချို့ကို ဓားစာခံအဖြစ် ခေါ်သွားတာရှိတယ်လို့ ဒေသခံတဦးကပြောပါတယ်။

“ အနီးအနားကျေးရွာတွေ ဆိုလို့ရှိရင်တော့ မင်းတက်တောင်ကျေးရွာကတော့ အရင်ကတည်းက တိမ်းရှောင်နေကြတာ။ နောက်ပြီးတော့မှ လယ်လုပ်မယ်ဆိုပြီး ပြန်ဝင်လာသူတွေလည်းရှိတယ်။ အဲဒီအနားက မိကျောင်းတက်ရွာက အရပ်သား အမျိုးသမီးတချို့ကို သူတို့က ဓားစာခံလုပ်ပြီးတော့ လမ်းပြခေါ်သွားတာတွေလည်း ၆ ယောက်လောက်ရှိတယ်လို့ သိရတယ်။”

ဒါ့အပြင် ရခိုင်မြောက်ပိုင်းက မောင်တောမြို့နယ်မှာ နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်နေတာ လနဲ့ချီရှိနေပါပြီ။ မောင်တောမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းတော်တော်များများကို AA ဘက်က သိမ်းပိုက်ထားပြီးဖြစ်သလို မြို့သိမ်းတိုက်ပွဲစတင်တော့မှာဖြစ်တာကြောင့် မြို့တွင်းမှာရှိနေတဲ့ဒေသခံတွေ ဘေးလွတ်ရာကို တိမ်းရှောင်ကြဖို့လည်း AA ဘက်က သတိပေးချက် ထုတ်ပြန်ထားပါတယ်။ မောင်တောမြို့ပေါ်မှာ လူဦးရေဘယ်လောက်ရှိနေသေးတယ်ဆိုတာမသိရပေမယ့် အများစုဟာ ရိုဟင်ဂျာမွတ်ဆလင်တွေ ဖြစ်ကြပါတယ်။ ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူတွေဘက်ကတော့ ဒေသခံတွေကို တိမ်းရှောင်ကြဖို့ AA ထုတ်ပြန်ချက်အပေါ် ဝေဖန်မှုတွေလည်းရှိနေပါတယ်။ ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းကတော့ AA ဘက်က မြို့သိမ်းတော့မယ်ဆိုရင် ဒေသခံတွေတိမ်းရှောင်ကြဖို့ အခုလို သတိပေးချက်လုပ်လေ့လုပ်ထရှိတယ်လို့ ဆိုပါတယ်။

“ အထူးသဖြင့် စစ်ကောင်စီတပ်တွေရှိတဲ့နေရာမျိုးတွေမှာ AA ဘက်က ပြည်သူတွေကို အမြဲတမ်း တိုက်တွန်းသတိပေးတာရှိတယ်။ ကျောက်ဖြူတို့၊ စစ်တွေတို့လည်း အဲလိုပဲသတိပေးထားတာတွေရှိတယ်။ တောင်ကုတ်လည်း အဲလိုပါပဲ။ ဆိုတော့ ဒါက သူတို့ဘက်ကလုပ်နေကျ လုပ်ဆောင်ချက်တခုပဲ ဖြစ်ပါတယ်။ မွတ်ဆလင်အများစုနေတဲ့ ဘူးသီးတောင်မှာလည်း အဲလိုဖြစ်ခဲ့တာပေါ့။ အချိန်မီမထွက်နိုင်တော့ မြို့တွင်းမှာ ပိတ်မိတာရှိတယ်။ ဘူးသီးတောင်၊ မောင်တော မွတ်ဆလင်နေရာလို့ မဟုတ်ပါဘူး။ အကုန်လုံးကို သတိပေးတာပေါ့၊ ပထမပိုင်းမှာ သတိပေးတာတွေအားနည်းခဲ့လို့ နောက်ပိုင်းမှာ သူတို့ရဲ့အတွေ့အကြုံအရ ပြည်သူတွေ ဒုက္ခရောက်ခဲ့တယ်၊ ပြည်သူတွေကို ဓားစာခံအဖြစ်ဖမ်းဆီးထားတယ်၊ ပြည်သူတွေက လက်နက်ကြီးကျည် ကျပြီးတော့ သေဆုံးဒဏ်ရာရတာတွေရှိခဲ့တယ်၊ အဲဒီနောက်ပိုင်းမှာတော့ မြို့သိမ်းတိုက်ပွဲ ဆင်နွဲမယ်ဆိုရင် ထွက်ခွာကြဖို့ သတိပေးတာတွေရှိတယ်။”

ရခိုင်ပြည်နယ်မှာ စုစုပေါင်း ၁၇ မြို့နယ်ရှိပါတယ်။ အဲဒီထဲက ရခိုင်မြောက်ပိုင်းမြို့နယ်တွေဖြစ်တဲ့ ရသေ့တောင်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တောနဲ့ ရခိုင်တောင်ပိုင်းက ရမ်းဗြဲမြို့နယ်တွေကို AA ဘက်က သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။ ကျန်ရှိနေသေးတဲ့ မြို့တွေထဲက မောင်တော၊ အမ်း၊ သံတွဲနဲ့ တောင်ကုတ်မြို့နယ်တွကို AA ဘက်က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ကျောက်ဖြူ၊ ဂွနဲ့ စစ်တွေမြို့နယ်တွေကိုတော့ အာရက္ခတပ်တော် AA ဘက်က ပိတ်ဆို့ထားပါတယ်။ လတ်တလော ရခိုင်တိုက်ပွဲတွေနဲ့ပတ်သက်လို့တော့ စစ်ကောင်စီဘက်က ပြောဆိုထုတ်ပြန်တာမျိုးမရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG