သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပလက်ဝဒေသ AA စစ်သားစုဆောင်းမှု Chinland Council ကန့်ကွက်


chin Paletwa ပလက်၀ (CUSF - Paletwa)
chin Paletwa ပလက်၀ (CUSF - Paletwa)

ပလက်ဝမြို့နယ်တွင်း အာရက္ခတပ်တော်-AA ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ၊ ချင်းလူမျိုးတွေကို စစ်သားစုဆောင်းတာတွေနဲ့ ဒေသအုပ်ချုပ်ရေးဖော်ဆောင်မှုတွေရပ်တန့်ပေးဖို့ Chinland Council က သဘောထားထုတ်ပြန်တောင်းဆိုခဲ့ပါတယ်။ AA ဘက်ကတော့ သူတို့အနေနဲ့ အတင်းအကြပ် စစ်သားစုဆောင်းတာမရှိဘူးလို့ တုံ့ပြန်ထားပါတယ်။ ဒီအကြောင်းသတင်းပေးပို့ချက်ကို ကိုဇော်မိုးကျော်က တင်ပြပေးထားပါတယ်။

ပလက်ဝမြို့နယ်တွင်း AA ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ၊ စစ်သားစုဆောင်းမှုတွေနဲ့ ဒေသခံတွေဆန္ဒမပါဘဲ အုပ်ချုပ်ရေးဖော်ဆောင်တာတွေကို ရပ်တန့်ပေးဖို့ Chinland Council က ဇွန်လ ၁၁ ရက်မှာ ထုတ်ပြန်တာပါ။ AA ဘက်က ဒီလို ဆောင်ရွက်ချက်တွေကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ကြရတယ်လို့ Chinland Council အတွင်းရေးမှူး ဆလိုင်းပေါလ်က အခုလို ဖြေကြားပါတယ်။

"ULA ဘက်ကနေ အကောင်အထည်ဖော်တဲ့ဘက်တွေမှာ ခုနကြုံတွေ့နေရတဲ့ ဟာတွေပေါ့။ အတင်းအကြပ် စစ်သင်တန်း ယူကိုယူရမယ်ဆိုတဲ့အချက်တွေ၊ ဒီဟာတွေက ပြည်သူလူထုအနေနဲ့ နားလည်မှုလွဲတဲ့ဟာတွေပေါ့။ လုံးဝ ကျနော်တို့က စစ်သင်တန်းမယူချင်ဘူး။ AA ရဲ့အထဲမှာလည်း ပြောမယ်ဆို အရံတပ်အနေနဲ့ မပါဝင်ချင်တဲ့ အုပ်စုတွေ ရှိတာပေါ့။ ဒီဟာတွေကို အတင်းအကြပ်ပြုလုပ်တဲ့အချိန်မှာ သူတို့ရဲ့စိတ်ထဲမှာ မလုံခြုံဘူးပေါ့။ ထွက်ပြေးတာပေါ့။ ပလက်ဝကနေ ထွက်ပြေးပြီးတော့ ရန်ကုန်တို့၊ တခြားပြည်ပတွေတို့ စစ်ရှောင်တွေက ထောင်နဲ့ချီပြီးများလာတဲ့အတွက်ကြောင့်မို့လို့ စစ်ရှောင်တွေကို ပြန်ပြီးတော့ သုံးသပ်ကြည့်တော့ ဒီအချက်တွေက ULA အနေနဲ့ လက်ရှိဆောင်ရွက်နေတဲ့ ကိစ္စတွေဖြစ်တယ်ဆိုတော့ သူတို့ အိမ်နီးချင်း တိုင်းရင်းသားလူမျိုးနွယ်စုအနေနဲ့ ဒီလိုမျိုးကိစ္စတွေကို မဆောင်ရွက်ပေးဖို့အတွက် မေတ္တာရပ်ခံပြီး ထုတ်ပြန်တဲ့စာဖြစ်တယ်ပေါ့။"

အခု ဇွန်လ ၈ ရက်က ULA/AA က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ သူတို့အနေနဲ့ အတင်းအဓမ္မ စစ်သားစုဆောင်းတာမရှိဘူးလို့ သတင်းထောက်တွေရဲ့ မေးမြန်းမှုကို AA ပြောခွင့်ရ ခိုင်သုခက ဖြေကြားသွားပါတယ်။

"အတင်းအဓမ္မ စစ်သားစုဆောင်းစရာမလိုတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ကျနော်တို့မှာ စစ်သားတွေက 'ဒီအပတ်စဉ်မှာလူပြည့်လို့ နောက်အပတ်စဉ်မှလာ' ဆိုပြီးလုပ်နေရတဲ့ အနေအထားမျိုးပါ။ ကျနော်တို့အနေနဲ့ အတင်းအဓမ္မ စစ်သားစုဆောင်းစရာမလိုပါ။ နောက်တခုရှိတာက ကျနော်တို့ အဖွဲ့အစည်းမူဝါဒက ဘယ်သူတဦးတယောက်ကိုမှ သူ့ရဲ့ဆန္ဒမပါဘဲ ဒီနေ့အထိ အတင်းကြပ်စုဆောင်းတာ လုံးဝမရှိပါ။ နောက်ပြီး အရွယ်မရောက်သေးတဲ့ လူငယ်တွေတပ်ထဲဝင်ဖို့ရောက်လာရင်တောင် ကျနော်တို့က သူ့ရဲ့ မိဘတွေကို ပြန်ခေါ်ပြီး ပြန်အပ်ပါတယ်။ ဒီပုံစံမျိုး အတင်းအဓမ္မ လူသစ်စုဆောင်းတာ လုံးဝ လက်ခံနိုင်စရာမရှိဆိုတာကို ဖြေကြားလိုပါတယ်။"

ပလက်ဝမြို့ဟာ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ် အစပ်မှာရှိပြီး ချင်းလူမျိုးကော ရခိုင်လူမျိုးတွေကော နေထိုင်ကြတဲ့ မြို့ဖြစ်ပါတယ်။ လက်ရှိ ပလက်ဝမြို့မှာ ရှိတဲ့ စစ်တပ်စခန်းတွေကို AA က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် မြို့ကို AA ကပဲထိန်းချုပ်ထားပါတယ်။

ပလက်ဝဒေသ AA စစ်သားစုဆောင်းမှု Chinland Council ကန့်ကွက်
please wait

No media source currently available

0:00 0:02:45 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG