သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေ လူ့အခွင့်အရေး ချိုးဖောက်ခံရမယ့်အရေး စိုးရိမ်မှုတွေ ဆက်လက်မြင့်တက်


စစ်ဘေးရှောင်မွတ်ဆလင်များကို AA ကကြိုဆိုခဲ့ကြောင်း ထုတ်ပြန်ခဲ့သည့်မှတ်တမ်းဓာတ်ပုံ (မေ ၁၃၊ ၂၀၂၄)
စစ်ဘေးရှောင်မွတ်ဆလင်များကို AA ကကြိုဆိုခဲ့ကြောင်း ထုတ်ပြန်ခဲ့သည့်မှတ်တမ်းဓာတ်ပုံ (မေ ၁၃၊ ၂၀၂၄)

ရခိုင်ပြည်နယ်က လက်နက်ကိုင် ပဋိပက္ခတွေကြား ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်မှုမရှိကြောင်း အာရက္ခတပ်တော် AA က ထပ်မံငြင်းဆန်လိုက်ပါတယ်။ ဘာသာရေး၊ လူမျိုးရေး တင်းမာမှုတွေ မဖြစ်အောင်လုပ်မယ်လို့လည်း ကတိပြုလိုက်ပေမဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေ ကြားမှာတော့ စိုးရိမ်မှုတွေ ရှိနေဆဲပါ။ စစ်ရေးပဋိပက္ခတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအရေး ရန်ကုန်က သတင်းပေးပို့ ထားတာကို အခြေခံပြီး မဆုမွန် တင်ပြထားပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA ကြား တိုက်ပွဲတွေ ပြင်းထန်လာနေတာနဲ့အမျှ ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်ခံရမယ့် အရေးအပေါ် စိုးရိမ်မှုတွေလည်း တိုးလာနေပါတယ်။ မကြာသေးခင်က ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေမှာရှိတဲ့ ရိုဟင်ဂျာတွေအပေါ် AA အဖွဲ့က လူ့အခွင့်အရေး ချိုးဖောက်တာတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ထွက်ပေါ်ခဲ့တာပါ။ AAပြောခွင့်ရ ခိုင်သုခကတော့ နိုင်ငံတကာနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ပြောဆိုချက်တွေဟာ မြေပြင်အခြေအနေနဲ့ကွဲလွဲနေတယ်လို့ ပြီးခဲ့တဲ့ စနေ့ကသတင်း စာရှင်းလင်းပွဲတွေမှာပြောဆိုခဲ့ပါတယ်။

“ အခု မွတ်ဆလင်ကိစ္စမှာ နိုင်ငံတကာကထုတ်တဲ့ Statement တွေ နောက်ပြီးတော့ တခြားအစိုးရတချို့ ထုတ်တဲ့ Statementတွေ အကြိမ်ကြိမ်အဖွဲ့အစည်းတွေက ထုတ်တဲ့ ထုတ်ပြန်ချက်တွေကို ကျနော်တို့ အားလုံးကို သေသေချာချာစောင့်ကြည့်ပါတယ်၊ ဆိုတော့ အားလုံးကို ခြုံပြီးတော့ သုံးသပ်လိုက်မယ်ဆိုရင် ထုတ်ပြန်ချက်တွေအားလုံးဟာ မြေပြင်အခြေအနေနဲ့ ကွဲလွဲနေတာတွေကို ကျနော်တို့ တွေ့ရပါတယ်၊ တချို့က တဖက်သတ် ထုတ်ပြနချက် တွေ ဖြစ်တယ်၊ ဒီလို တဖက်သတ်ထုတ်ပြန်ချက်တွေ ပြောကြားချက်တွေ စွပ်စွဲချက်တွေဟာ အခုဖြစ်နေတဲ့ မွတ်ဆလင်ကိစ္စနဲ့ အနာဂတ်ဒုက္ခသည်ပြဿနာဖြေရှင်းရေး အတွက် ဒီဟာတွေ က အထောက်အကူမဖြစ်နိုင်ပါ။ အဲဒါကြောင့် နိုင်ငံတကာအဖွဲ့အစည်းတွေ နိုင်ငံတကာ အစိုးရတွေအနေနဲ့ ရခိုင်တွေဘက်က ဘာပြောလဲဆိုတာနဲ့ ပြဿနာရဲ့ အရင်းအမြစ်ကို အခြေခံကျကျစဉ်းစားပြီးတော့ ပြဿနာကို သိအောင်လုပ်ဖို့ အရေးကြီးပါတယ်။”

ပြီးခဲ့တဲ့ လတွေက ဘူးသီးတောင်မြို့နယ်က ရိုဟင်ဂျာတွေကို AAဘက်က အတင်းဖိအားပေး နှင်ထုတ်တာတွေနဲ့ ရိုဟင်ဂျာတွေရဲ့ နေအိမ်တွေကို မီးရှို့တာတွေ နဲ့ မတရားဖမ်းဆီးသတ်ဖြတ်တာတွေရှိနေတာကြောင့် အရပ်ဖက်အဖွဲ့စည်းပေါင်း ၁ဝဝကျော်က စုပေါင်း ထုတ်ပြန်ခဲ့တာလည်းရှိပါတယ်။

ဒီထုတ်ပြန်ချက်တွေနဲ့ ပတ်သတ်ပြီးလည်း AA အနေနဲ့ ဘူးသီးတောင်မြို့ပေါ်မှာ ရိုဟင်ဂျာ တွေရဲ့ နေအိမ်တွေကို မီးရှို့ခဲ့တာမရှိသလို မြို့ပေါ်က ရိုဟင်ဂျာ တွေကိုလည်း တိုက်ပွဲဖြစ် လာရင် ထိခိုက်နစ်နာမှာစိုးရိမ်တာကြောင့် ဘေးလွတ်ရာကို ရွေ့ပြောင်းပေးခဲ့ရတာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။ ဒါ့အပြင်တိုက်ပွဲကြောင့် ဒုက္ခရောက် နေကြတဲ့ ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာ တွေကို AAထိန်းချုပ်နယ်မြေတွေမှာ ကူညီစောင့် ရှောက်ထားကြောင်း AA အဖွဲ့က ပြောဆို ထားပါတယ်။ ရိုဟင်ဂျာအရေး စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုတဲ့ အရပ်ဘက်အဖွဲ့အစည်း ၁ဝဝကျော်ထဲမှာပါဝင်တဲ့ Generation Waveရဲ့ ဥက္ကဋ္ဌ ဖြစ်သူ ကိုမိုဃ်းသွေးကတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့ရင် တာဝန်ခံရလိမ့်မယ်လို့ ပြောပါတယ်။

“ ဒီအပေါ်မှာ ဘာမှမရှိဘူးဆိုတော့လည်း ကောင်းပါတယ်။ ဘာမှမရှိဘူးဆိုရင် ဘာမှ မဖြစ်ဘူး ပေါ့နော်၊ ဒါပေမယ့် ရှိထားဖြစ်ထားရင်တော့ ဘယ်သူမဆိုတာဝန်ယူကြရမှာပေါ့နော်။ အခုရှိ ထားပြီးတော့မှ မသိတာဖြစ်စေ တခြားအကြောင်းတခုခုကြောင့် အခုမဖြေရှင်းနိုင် ဘူးဆိုရင် နောင်တချိန် ဖြေရှင်းရမယ့် ကိစ္စတွေ ဖြစ်တာပေါ့ဗျာ။”

ဘူးသီးတောင်တိုက်ပွဲအတွင်းမှာ နေအိမ်ပေါင်း ၂၉၀၉အိမ်မီးလောင်ပျက်စီးသွားခဲ့တာပါ။ အဲဒီထဲက မီးလောင်သွားတဲ့ အိမ်တွေမှာ ရခိုင်ဒေသခံတွေနဲ့ နေအိမ် ဟိန္ဒူအိမ် ၁၂၂အိမ်၊ ရိုဟင်ဂျာအိမ် ၅၅၀၊ ရခိုင်အိမ် ၂၂၃ရအိမ်ဖြစ်တယ်လို့လည်း AAသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့တာပါ။ မီးလောင်မှုတွေဟာ စစ်ကောင်စီနဲ့ ရိုဟင်ဂျာလက်နက်ကိုင်တွေရဲ့ လက်ချက်အဖြစ်လည်း ပြောဆိုခဲ့တာပါ။

မြန်မာစစ်တပ်ရဲ့ ၂၀၁၇ ခုနှစ်က နယ်မြေရှင်းလင်းတဲ့ စစ်ဆင်ရေးအတွင်း သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဖက် ထွက်ပြေးကြရတဲ့အထိ ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေး ပြဿနာတွေ ကြုံခဲ့ဖူးတာကြောင့် တကျော့ပြန် ပေါ်ပေါက်လာမှာကိုလည်း နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေ သတိပေးနေကြတာပါ။ AAပြောခွင့်ရ ခိုင်သုခ ကတော့ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခတွေမဖြစ်အောင် ကြိုးပမ်းမယ်လို့ ပြောပါတယ်။

ဒါပေမယ့်လည်း AA တာဝန်ရှိသူတွေဟာ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကိုတောင် လက်ခံသုံးစွဲတာမျိုး မတွေ့ရသေးတာဟာ စိုးရိမ်စရာ လက္ခဏာတခုဖြစ်တယ်လို့ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူ ကိုမိုဃ်းသွေး ကထောက်ပြပါတယ်။

“ နောင်မှာ AAက ရိုဟင်ဂျာတွေနဲ့ ပတ်သတ်ပြီး ကောင်းစွာ စီမံနိုင်မလား မစီမံနိုင်ဘူးဆိုတာ ကိုတော့ လက်ရှိမှာကျနော်တို့ သိရသလောက် သတင်းအချက်အလက်အရ ဘာမှမပြော နိုင်ဘူး။ သို့သော် AAရဲ့ ထုတ်ပြန်ကြေငြာချက်တွေ AA ခေါင်းဆောင်တွေရဲ့ ထုတ်ဖော် ပြောကြားမှုတွေအရဆိုလို့ရှိရင်တော့ အရင်တုန်းက ရိုဟင်ဂျာလို့ သုံးခဲ့တာကနေ အခု ဘဂါင်္လီလို့သုံးတယ်၊ ပေါ်ပေါ်ထင်ထင် ဒါမျိုးတွေ ရှိတယ် နောက်ပြီးတော့ အကြမ်းဖက်သမား ဆိုတဲ့ စကားလုံးတွေ အကြိမ်ကြိမ်သုံးခဲ့တာ တွေ့ရတယ်။ ဒါတွေက ကျနော်တို့အတွက် စိုးရိမ်ပူပန်မှုဖြစ်စေတယ်။”

ရခိုင်ပြည်နယ်မှာ ပဋိပက္ခတွေ ကြီးထွားလာနေတာနဲ့အမျှ ရိုဟင်ဂျာတွေရော၊ ရခိုင်တိုင်းရင်းသားတွေပါ အကြမ်းဖက်မှုတွေ ရင်ဆိုင်နေရတဲ့အပေါ် ကုလသမဂ္ဂ အကြီးအကဲကလည်း ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ရှုတ်ချထားပါတယ်။ ရခိုင်တိုင်းရင်းသားတွေအပေါ် ပစ်မှတ်ထားခံရတာတွေ၊ ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်မှုတွေဟာ လူမှုအသိုင်းအဝိုင်းတွေအားလုံးအတွက် ကာကွယ်စောင့်ရှောက်မှုတွေ လိုအပ်နေတယ်ဆိုတာ ပြသရာရောက်တယ်လို့လည်း ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် Antonio Guterrus ကထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG