သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်ခြားစောင့်တပ်ဖွဲ့တွေ ဆုတ်ခွာလာတဲ့ ရေယာဉ်ပစ်ခတ်မှုသတင်း စစ်ကောင်စီဖြေရှင်း


ရခိုင်ပြည်နယ်က တိုက်ပွဲတွေကြား ဆုတ်ခွာလာတဲ့ နယ်ခြားစောင့် တပ်ဖွဲ့ဝင်များနဲ့မိသားစုများကို ဗီဒီယိုထဲမှာ တွေ့ရစဉ် (ဇွန် ၁၀၊ ၂၀၂၄)
ရခိုင်ပြည်နယ်က တိုက်ပွဲတွေကြား ဆုတ်ခွာလာတဲ့ နယ်ခြားစောင့် တပ်ဖွဲ့ဝင်များနဲ့မိသားစုများကို ဗီဒီယိုထဲမှာ တွေ့ရစဉ် (ဇွန် ၁၀၊ ၂၀၂၄)

ရခိုင်ပြည်နယ်က တိုက်ပွဲတွေကြား ဆုတ်ခွာလာတဲ့ နယ်ခြားစောင့် တပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ ရေယာဉ်ကို ရေတပ်က ပစ်ခတ်ခဲ့တဲ့ သတင်းအပေါ် စစ်ကောင်စီက တုံ့ပြန်လိုက်ပါတယ်။ မောင်တောမြို့ကနေ ဆုတ်ခွာလာကြတဲ့ နယ်ခြားစောင့်တပ်ဖွဲ့ ဝင်တွေနဲ့ မိသားစုဝင်တွေကို စစ်ကောင်စီရေတပ်က လက်မခံပဲ ခြောက်လှန့် ပစ်ခတ်ခဲ့တယ်လို့ဆိုတဲ့ ဗွီဒီယိုဖိုင်တခု အွန်လိုင်း လူမှုကွန်ယက်တွေပေါ်မှာ ထွက်ပေါ်နေတာနဲ့ပတ်သက်လို့ ဗွီအိုအေက မေးမြန်းခဲ့ရာမှာ စစ်ကောင်စီက ဒီကနေ့ပဲ Viber လူမှုကွန်ရက်ကနေ ဖြေကြားခဲ့တာပါ။

လုံခြုံရေးတပ်ဖွဲ့တွေနဲ့ မိသားစုဝင်တွေကို အလှည့်ကျ သယ်ဆောင်ပေးတဲ့အချိန် ကမ်းက ခွင့်ပြုချက်မရဘဲ ချဉ်းကပ်ဖို့ ကြိုးစားခဲ့တဲ့ စက်လှေကို မကပ်ဖို့ပြောပေမဲ့ ရာသီဥတု ဆိုးရွားနေပြီး လှိုင်းသံ၊ လှေသံကြားမှာ ပြောမရဖြစ်နေတာကြောင့် လက်နက်ငယ် ၂ ချက်ပစ်ဖေါက်ပြီး ကမ်းကို ပြန်ခိုင်းခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

နယ်ခြားစောင့် ၄ နဲ့ နယ်ခြားစောင့် ၉ ရဲ့ လက်ကျန်တပ်ဖွဲ့ဝင်တွေ ဆုတ်ခွာချိန် စက်လှေနဲ့သင်္ဘောဆီသွားတာကို ကမ်းထိုးသင်္ဘောက အတက်မခံဘဲ သေနတ်နဲ့ပစ်ခဲ့တယ်လို့ နယ်ခြားစောင့်တပ်သားတဦး ပြောဆိုနေတဲ့ ဗွီဒီယိုဖိုင် အွန်လိုင်းပေါ်မှာ မနေ့က ပျံ့နှံ့ခဲ့တာပါ။

ကမ်းထိုးယာဉ်မှာ လိုက်ပါလာတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေဟာ အခုအခါ စစ်တွေမြို့ကို ရောက်သွားကြပြီလို့လည်း စစ်ကောင်စီရဲ့ တုံ့ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ဆုံးရှုံးမှု အများအပြားနဲ့ ရင်ဆိုင်နေရချိန် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေး ခိုလှုံသွားကြတဲ့ တပ်ဖွဲ့ဝင်တွေရှိသလို တချို့ တပ်ဖွဲ့ဝင် အတော်များများကိုလည်း စစ်ကောင်စီက ကယ်ထုတ်နေရတဲ့ အခြေအနေတွေ ရှိနေတာပါ။

ဒီအတောအတွင်း ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ တိုက်ပွဲတွေအတွင်း ဖမ်းဆီးရမိသူတွေနဲ့ လက်နက်ချတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ထောင်နဲ့ချီ ရှိနေကြောင်း အာရက္ခတပ်တော် AA က ကြေညာထားပါတယ်။ ရခိုင်ပြည်နယ်က တိုက်ပွဲတွေအတွင်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးသွားကြတဲ့ စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ဝင် ၁၃၀ ကျော်ကိုလည်း ဇွန်လ ၉ ရက်နေ့က မြန်မာနိုင်ငံကို ပြန်လည် လွှဲပြောင်းပေးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG