သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ငပလီကမ်းခြေအနီးက ရွာသားတချို့ ထိခိုက် ဒဏ်ရာရ


ရခိုင်ပြည်နယ် သံတွဲမြို့နယ် : Photo- REUTERS (February 19, 2019)
ရခိုင်ပြည်နယ် သံတွဲမြို့နယ် : Photo- REUTERS (February 19, 2019)

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ငပလီကမ်းခြေက ဆင်ခေါင်းကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်မှုကြောင့် အရပ်သား ထိခိုက်သေဆုံးတာတွေ အများအပြားရှိတယ်လို့ အာရက္ခတပ်တော် AA ပြောခွင့်ရက ပြောပါတယ်။ AA က ထိုးစစ်ဆင်တိုက်ခိုက် နေတာကြောင့် ပြည်နယ်အတွင်းက မောင်တော၊ အမ်းနဲ့ သံတွဲမြို့နယ်တွေမှာ နှစ်ဘက် တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပါတယ်။​ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုစံကျော်က တင်ပြပေးပါမယ်။

ရခိုင်ပြည်နယ်က မောင်တော၊ အမ်းနဲ့ သံတွဲမြို့နယ်တွေကို အာရက္ခတပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် နှစ်ဘက်တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတယ်လို့ AA ပြောခွင့်ရ ခိုင်သုခကပြောပါတယ်။

“ရခိုင်ပြည်တွင်းတိုက်ပွဲ အခြေအနေကတော့ မောင်တော၊ အမ်းနဲ့ သံတွဲမြို့နယ်တွေကို သိမ်းပိုက်နိုင်ဖို့အတွက် ကျနော်တို့ အာရက္ခတပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက်နေတာ ရှိပါတယ်။ ဒါ့ကြောင့် အဲဒီမြို့နယ်တွေမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတာရှိပါတယ်။”

သံတွဲမြို့ ကမ္ဘာကျော် ငပလီကမ်းခြေအနီးက ဂေါ့ကျေးရွာအနီးမှာ ပြီးခဲ့တဲ့ ဇွန်လ ၃ရက်နေ့က စတင်ပြီးတော့ စစ်ကောင်စီနဲ့ AA အဖွဲ့ကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။ စစ်ကောင်စီတပ်က သံတွဲမှာ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် အရပ်သား ထိခိုက် သေဆုံး ဒဏ်ရာရတာတွေ အများအပြားရှိတယ်လို့လည်း ခိုင်သုခက ဆက်ပြောပါတယ်။

“အကြမ်းဖက် စစ်ကောင်စီကတော့ အရပ်သားပစ်မှတ်တွေကို လေကြောင်းကနေ တိုက်ခိုက်နေတာရှိတယ်၊ မနေ့ကနဲ့ ဒီနေ့မနက်မှာ သံတွဲမြို့ အနီးက ဆင်ခေါင်းကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာတွေ Y12 လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အပြစ်မဲ့ပြည်သူ အများအပြား သေဆုံး ဒဏ်ရာရတာတွေ ရှိတယ်လို့ သိရပါတယ်။ သေဆုံးဒဏ်ရာရတဲ့ ကိန်းဂဏန်း အတိအကျကိုတော့ မသိရသေးဘူး။ ကျနော်တို့လည်း ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။”

အခုလိုစစ်ကောင်စီဘက်က အဆက်မပြတ် ကြည်း၊ ရေ၊ လေ စတဲ့ ဘက်စုံကနေ တိုက်ခိုက်မှုတွေကြောင့် ဒေသခံတွေကြား အသက်အန္တရာယ် စိုးရိမ်မှုတွေ ဖြစ်နေရတယ်လို့ လက်ရှိ ငပလီမှာရှိနေတဲ့ ဒေသခံ အမျိုးသမီးတဦးက ဗွီအိုအေကို ပြောပါတယ်။

“ စိုးရိမ်စိတ်က ဘယ်လိုပြောရမလဲ လေယာဉ်က မနက်ကော ညကော ၂၄ နာရီပျံနေတာ ဆိုတော့လေ ဗုံးကျတယ် ဘာညာသတင်းကြားရင် ဘယ်နေ့များ ငါ့အိမ်ကိုကျမလဲ၊ လက်နက်ကြီးဆိုရင်လည်း ညီမတို့က ကျည်ထိုးသံတွေကအစ ကြားနေရတာဆိုတော့လေ၊ ဘယ်နေ့ဘာဖြစ်မလဲမသိတော့လေအရမ်းစိုးရိမ်နေကြတယ်။”

ဒါ့အပြင် တိုက်ပွဲတွေကြောင့် ငပလီဒေသခံအများအပြား ဘေးလွတ်ရာကို ထွက်ပြေးနေကြရသလို ပိတ်မိနေသူတွေလည်း ရှိနေတယ်လို့ သူက ဆက်ပြောပါတယ်။

“ညီမတို့ ငပလီဒေသခံတွေက ဒီအခြေအနေက လုံးဝကို ပထမဆုံး ကြုံဖူးတဲ့ အခြေအနေပေါ့နော်။ အားလုံးက အရမ်း ထိပ်လန့်ကြတယ် အစောကြီးကတည်းကဘဲ။ ရွာတွေမှာ ဆိုလို့ရှိရင်တော့ တဝက်လောက်က မရှိတော့ဘူး။ ညီမတို့ ရပ်ကွက်တွေ၊ ရွာတွေထဲမှာ။ အကုန်လုံးကတော့ ရန်ကုန်ကို ပြောင်းတဲ့သူ ပြောင်းကြတယ်၊ အခြားဘေးလွတ်ရာတွေကို၊ ဂွ ဘက်ပေါ့နော်၊​ အဲ့ဘက်ကို ပြောင်းရွှေ့တဲ့သူက ပြောင်းရွှေ့ကြတယ်ဆိုတော့ လူက တဝက်လောက်ပဲ ရှိတော့တယ်။ တိမ်းရှောင်ဖို့အခြေအနေကတော့ လွယ်တော့ မလွယ်ကူဘူးပေါ့နော်၊ သူတို့က လမ်းတွေ ပိတ်ထားတယ် ဆိုတော့လေ။ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ရွာတွေသွားပြီး ရှောင်လို့ရအောင်တော့ ပြင်ဆင်ထားတာမျိုးတွေတော့ ရှိတယ်ရှင့်။”

သံတွဲမြိုနယ်အတွင်းမှာရှိတဲ့ ကမ္ဘာကျော် ငပလီ အပန်းဖြေ ကမ်းခြေရှိရာနေရာမှာ တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တဲ့ ဇွန်လ ၃ရက်နေ့ကနေ ၃ဝရက်နေ့အထိ သံတွဲလေဆိပ်ကိုလည်း ပိတ်ထားတယ်လို့ လေယာဉ်လက်မှတ်အရောင်းဌာနတွေက ထုတ်ပြန် ထားကြပါတယ်။

ရခိုင်ပြည်နယ်မှာ တကျော့ပြန်တိုက်ပွဲတွေ စတင်ခဲ့တဲ့ ၂၀၂၃ခုနှစ် နိုင်ဝင်ဘာလ ၁၃ရက်နေ့ကနေ ၂၀၂၄ခုနှစ် မေလ ၁၂ရက်နေ့ အထိ ၆လတာကာလအတွင်း အရပ်သား ၁၈၇ ဦးသေဆုံးခဲ့ရသလို အရပ်သား ၃၈၀ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အာရက္ခတပ်တော် AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် အရပ်သားပြည်သူ ၁၄၈ ဦးကိုလည်း စစ်ကောင်စီက ဖမ်းဆီးထားဆဲ ဖြစ်တယ်လို့ AA က ထုန်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG