သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ရွာသား ၇၆ ဦးကို စစ်ကောင်စီ သတ်ဖြတ်ခဲ့ကြောင်း AA အဖွဲ့သတင်းထုတ်ပြန်


စစ်ကောင်စီစခန်းတွေ သိမ်းပိုက်ရရှိကြောင်း AA ထုတ်ပြန်သည့်မှတ်တမ်းဓာတ်ပုံ (ဧပြီ ၂၀၂၄)
စစ်ကောင်စီစခန်းတွေ သိမ်းပိုက်ရရှိကြောင်း AA ထုတ်ပြန်သည့်မှတ်တမ်းဓာတ်ပုံ (ဧပြီ ၂၀၂၄)

ရခိုင်ပြည်နယ်မှာ ဒေသခံကျေးရွာသား အနည်းဆုံး ၇၆ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသတ်ဖြတ်လိုက်ကြောင်း အာရက္ခတပ်တော် AA က သတင်းထုတ်ပြန်လိုက်ပါတယ်။ AA အဖွဲ့ရဲ့ ဒီကနေ့ စွပ်စွဲချက်ကိုတော့ စစ်ကောင်စီကတော့ ငြင်းဆန်လိုက်ပါတယ်။ လက်နက်ကိုင် ပဋိပက္ခတွေကြား ဒေသခံတွေ သေဆုံးမှုတွေကြောင့် စိုးရိမ်မှုတွေ ကြီးထွားလာတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို ကိုစံကျော် တင်ပြထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက စစ်တွေမြို့နယ် ဗျိုင်းဖြူရွာကို စစ်ကောင်စီတပ်ဖွဲ့တွေ ပိတ်ဆို့ထားပြီး ရွာသူရွာသားတွေကို ပြီးခဲ့တဲ့ စနေနေ့ကပဲ ဖမ်းဆီးခဲ့သလို၊ အဲဒီထဲက အနည်းဆုံး ၇၆ ဦးကို သတ်ဖြတ်ခဲ့ကြောင်း အာရက္ခတပ်တော် (AA) အဖွဲ့က ဒီကနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။ ရခိုင်ပြည်နယ်မှာ နယ်မြေတွေ လက်လွတ်ဆုံးရှုံးနေတဲ့ စစ်ကောင်စီဟာ ဒေသခံတွေကို အငြိုးအတေးနဲ့ လုပ်ခဲ့တာလို့လည်း AAပြောခွင့်ရ ခိုင်သုခက ဗွီအိုအေကို ပြောပါတယ်။

“ အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီဟာ ရခိုင်ဒေသမှာစစ်ရှုံးပြီးတော့မှသူတို့သေချာပေါက် ရခိုင်ပြည်ကို လက်လွတ်ရတော့မယ့် အနေအထားမျိုးမှာ လူမျိုးရေးအရ အငြိုးအတေးတွေပေါ်မှာအခြေခံပြီးတော့ အခုလိုမျိုးရွာသားတွေကို မတရားဖမ်းဆီးသတ်ဖြတ်မှုတွေ လုပ်တာဟာ ဒါဟာစစ်ကောင်စီရဲ့ လူမျိုးရေး ဘာသာရေး အဓိကရုဏ်းတွေ ဖန်တီးလိုမှုကို ကွက်ကွက် ကွင်းကွင်းဖော်ပြနေတာဖြစ်ပါတယ်။”

AA အဖွဲ့ရဲ့ စွပ်စွဲချက်ကိုတော့ စစ်ကောင်စီက ငြင်းဆန်ခဲ့ပြီး စနေနေ့က လုံခြုံရေးတပ်ဖွဲ့တွေ ဗျိုင်းဖြူရွာမှာ နယ်မြေရှင်းလင်းနေစဉ် တပ်ဖွဲ့ဝင်တဦး သေနတ်ကို လုယူဖို့ ကြိုးစားမှုကြောင့် တုံ့ပြန်ခဲ့ရတာသာ ရှိတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ရခိုင်ပြည်နယ်က လက်နက်ကိုင် ပဋိပက္ခတွေကြား အရပ်သားသေဆုံးမှုတွေအတွက် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း မကြာသေးခင်ကပဲ သတိပေးထားပါတယ်။ မြန်မာနိုင်ငံအခြေစိုက် ဗြိတိန်သံရုံးကလည်း အရပ်သားပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်တဲ့ သတင်းတွေကို နေ့စဉ်လိုလို ကြားသိနေရပြီး၊ ထိခိုက်နစ်နာသူတွေရဲ့ ဆွေမျိုးသားချင်းတွေနဲ့ အသက်ရှင်ကျန်ရစ်သူတွေအတွက် သတိရ ဆုတောင်းပေးနေကြောင်း ဒီကနေ့ပဲ သတင်းထုတ်ပြန်ခဲ့တာပါ။ ရခိုင်အရေးတက်ကြွလှုပ်ရှားသူ ကိုထွန်းကြည်ကလည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ စိုးရိမ်စရာ အခြေအနေမှာ ရောက်နေပြီလို့ ပြောပါတယ်။

“ ဒါကတော့ နိုင်ငံတကာ အခင်းအကျင်းအရ တော်တော်စိတ်ပျက်ဖို့ကောင်းတဲ့ အခြေအနေ တရပ်လို့ ကျနော်မြင်တယ်၊ ဒီလိုသာ လူသားမျိုးနွယ်စုအပေါ်ကျုးလွန်နေတဲ့ ပြစ်မှုတွေကို ဆက်ပြီးတော့ ခွင့်ပြုထားမယ်ဆိုလို့ရှိရင် လက်ရှိကျန်နေသေးတဲ့ ရခိုင်ပြည်သူတွေရဲ့ အခြေ အနေကလည်း စိုးရိမ်ရတဲ့ အခြေအနေဖြစ်တယ်လို့ ပြောလို့ရတယ်။ အစုလိုက် အပြုံ လိုက် သတ်ဖြတ်မှုကတော့ ရခိုင်ပြည်နယ် တခုတည်းမဟုတ်ဘူး၊ ဒါပေမယ့် ရခိုင်ပြည်နယ်မှာ ဒီတ ခေါက် ပစ်သတ်လိုက်တာကတော့ တော်တော်လေးထိပ်လန့်ဖို့ကောင်းတယ်။ မြန်ပြည် အတွင်းမှာပဲ ဒီတရက်နှစ်ရက်အတွင်း မင်္ဂလာဆောင်တခုကို လေယာဉ်နဲ့ ဗုံးကြဲခဲ့ တာကြောင့် အစုလိုက်အပြုံလိုက် သေဆုံးတာရှိတယ်၊ ဆိုတော့ မြန်မာစစ်ကောင်စီအနေနဲ့ ဒီလိုလူမျိုး တုန်းသတ်ဖြတ်မှုတွေကို လက်ရဲဇရဲ ရှိလာတဲ့အပေါ်မှာ နိုင်ငံတကာအနေနဲ့ ဘာအသံမှ ထွက်မလာဘူးဆိုတဲ့ဟာက တာဝန်မကြေတဲ့ အခြေအနေတရပ်လို့ မြင်ပါတယ်။”

ရခိုင်ပြည်နယ်မှာ အရပ်သားတွေ မကြာခဏသတ်ဖြတ်ခံရတာတွေ လေကြောင်း ဗုံးကြဲတိုက် ခိုက်ခံရတာတွေ အများပြည်သူတွေနဲ့ သက်ဆိုင်တဲ့ ဆေးရုံတွေ စာသင်ကျောင်း တွေကို စစ်ကောင်စီက နေ့တိုင်းလိုလို ဦးတည် တိုက်ခိုက်နေတယ်လို့ AAဘက်က ပြောဆိုထား တာရှိပါတယ်။ လက်ရှိအရခိုင်တိုက်ပွဲအတွင်း အရပ်သားတွေကို ဦးတည်တိုက်ခိုက်တာမျိုး မလုပ်ဖို့ AAဘက်က စစ်ကောင်စီကို တောင်းဆိုခဲ့ပေမယ့် စစ်ကောင်စီက လက်မခံခဲ့ကြောင်းလည်း AAစစ်ဦးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောဆိုထားတာရှိပါတယ်။ အရပ်သားတွေ သတ်ဖြတ်ခံရတာ၊ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးဒဏ် ခံရတာတွေကြောင့် လုံခြုံရေးအတွက် ဒေသခံတွေ စိုးရိမ်နေကြတယ်လို့လည်း ကိုထွန်းကြည်ကပြောပါတယ်။

“ အခုအနေအထားအရဆိုရင်တော့ အားလုံးက ထိတ်လန့်နေကြတယ်၊ ဘယ်နေ့ဘယ်သူ အသတ်ခံရမလဲ ဆိုတဲ့ဟာနဲ့မိုးလင်းပြီးတော့ ဘယ်နေ့ဘယ်မှာ ဘလောက်ထိ အသတ်ခံ ဆိုတာနဲ့ နေဝင်နေကြသလို ဖြစ်နေကြတယ်။ အဓိကတော့ စစ်ကောင်စီဘက်က အရပ်သားတွေကို ဦးတည်ပစ်မှတ်ထားလာတာ ဖမ်းဆီးတာတွေကို ပိုပြီးတော့ များလာတာတွေ့ရတယ်၊ လက်ရှိပိတ်လှောင်ခံထားရတဲ့ မြို့နယ်တွေ အများကြီးကျန်နေသေးတယ်ပေါ့နော် ဆိုတော့ ဒီမြို့နယ်တွေ မှာလည်း တော်တော်လေးတော့ စိုးရိမ်မှုတွေ ရှိနေကြတာ တွေ့ရတယ်၊ ဒါကလည်း စိုးရိမ်စရာကောင်းတဲ့ အခြေအနေတရပ်ပါ။”

စစ်ကောင်စီနဲ့ ၆လကျော်ကြာ တိုက်ပွဲအတွင်း ရခိုင်ပြည်နယ်က မြို့နယ် ၉မြို့နယ်ကို ထိန်းချုပ်ခဲ့ကြောင်း AA ကကြေညာထားပြီး နောက်ထပ် နယ်မြေတွေ ထိန်းချုပ်နိုင်ဖို့လည်း ဖိအားပေး တိုက်ခိုက်နေတာပါ။ လက်ရှိမှာတော့ စစ်ကောင်စီထိန်းချုပ်ထားဆဲ မြို့နယ်တွေထဲက မောင်တော၊ အမ်း၊ သံတွဲ စတဲ့မြို့နယ်တွေမှာ နှစ်ဘက်တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ တကြော့ပြန်တိုက်ပွဲတွေ စတင်ခဲ့တဲ့ ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် နိုင်ဝင်ဘာလ ၁၃ရက်နေ့ကနေ ၂၀၂၄ခုနှစ် မေလ ၁၂ရက်နေ့ ၆ လတာကာလအတွင်း အရပ်သား ၁၈၇ ဦးသေဆုံးခဲ့ရသလို အရပ်သား ၃၈၀ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အာရက္ခတပ်တော် AAရဲ့ က ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ဒါ့အပြင် အရပ်သားပြည်သူ ၁၄၈ ဦးကိုလည်း စစ်ကောင်စီက ဖမ်းဆီးရထားဆဲဖြစ်တယ်လို့ AAဘက်က ထုတ်ပြန်ထားပါတယ်။ ဒေသခံတွေ သေဆုံးမှုတွေနဲ့ ပတ်သက်လို့ အပြန်အလှန် စွပ်စွဲချက်တွေ ရှိနေသလို၊ နယ်မြေဒေသ မလုံခြုံမှုကြောင့် သီးခြားအတည်ပြုနိုင်ဖို့လည်း ခက်ခဲနေပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG