သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည်သူတွေကို  ကာကွယ်ဖို့ အမေရိကန်နဲ့ မဟာမိတ်တွေတောင်းဆို


စစ်ဘေးရှောင်များကို အာဟာရဒါနလှူဒါန်းနေစဉ် (ဓာတ်ပုံ - IDPs Support Group)
စစ်ဘေးရှောင်များကို အာဟာရဒါနလှူဒါန်းနေစဉ် (ဓာတ်ပုံ - IDPs Support Group)

မြန်မာနိုင်ငံမှာ ပိုမိုဆိုးရွားလာနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေမှာ အရပ်သား အရပ်သားပြည်သူ ထိခိုက်နစ်နာမှုပိုများလာတဲ့အတွက် တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေအနေနဲ့ အကာအကွယ်ပေးဖို့ အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေက ဒီကနေ့ ပူးတွဲ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတဝန်း လက်နက်ကိုင် ပဋိပက္ခတွေအကြား အရပ်သားတွေ ထိခိုက်သေဆုံးတာ၊ အိုးမဲ့အိမ်မဲ့ ထွက်ပြေးနေရတာနဲ့ ပတ်သက်လို့ လူ့အခွင့်အရေးနဲ့ ဘေးဒုက္ခအကျပ်အတည်းတွေ ပိုမို ဆိုးရွားလာအောင် တွန်းပို့နေတယ်လို့ ယူကေ၊ အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂ၊ သြစတြေးလျ၊ ကနေဒါ၊ ကိုရီးယားသမ္မတနိုင်ငံ၊ ‌မော်တာ၊ နယူးဇီလန်၊ နော်ဝေ၊ ဆွစ်ဇာလန် နိုင်ငံတွေက ဒီနေ့ မေလ ၂၄ ရက်နေ့စွဲနဲ့ ပူးတွဲကြေညာချက် ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ စာနာမှု အကူအညီ လိုအပ်သူ ဦးရေဟာ အရင်က ၁ သန်းလောက် ရှိရာကနေ ၂၀၂၁ စစ်တပ် အာဏာသိမ်းမှု နောက်ပိုင်းမှာတော့ ၁၈.၆ သန်းအထိ တိုးလာတယ်လို့ ပူးတွဲ ထုတ်ပြန်ချက်မှာ ထောက်ပြပါတယ်။ လက်နက်ကိုင် ပဋိပက္ခတွေ တိုးလာနေတဲ့ ရခိုင်ပြည်နယ်ထဲက ဘူးသီးတောင်မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေ အလွန်အမင်း များပြားလာတယ် ဆိုတဲ့ သိပ်မကြာခင်က အစီရင်ခံစာတွေအရ စိုးရိမ်မကင်းဖြစ်ရကြောင်းလည်း ပြောပါတယ်။

လက်ရှိ အခြေအနေဟာ ရခိုင် ၊ ရိုဟင်ဂျာနဲ့ အခြားလူမျိုးစုတွေ အပါအဝင် အရပ်သားပြည်သူ အားလုံးအတွက် ဘေးအန္တရာယ် ပိုမို များပြားစေတယ်လို့ ဆိုပြီး တာဝန်ရှိတဲ့ အဖွဲ့အစည်း အားလုံးက အရပ်သားပြည်သူတွေကို အကာအကွယ်ပေးဖို့ အဓိက ဦးစားပေးဖို့လည်း တောင်းဆိုထားပါတယ်။ မြန်မာနိုင်ငံမှာ ကျူးလွန်တဲ့ ရက်စက်ကြမ်းကြုတ်မှု လုပ်ရပ် အားလုံးအတွက် တာဝန်ခံမှု ရှိရမယ်လို့လည်း ကြေညာချက်မှာ ဖော်ပြပါတယ်။

အရပ်သားတွေရဲ့ အိုးအိမ်တွေ၊ စာသင်ကျောင်းတွေ၊ ဘာသာရေး အဆောက်အဦတွေ၊ ဆေးရုံဆေးခန်းတွေ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခံရတာ၊ အမျိုးသမီးနဲ့ ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ မတရားပြုကျင့်မှုနဲ့ အရပ်သားတွေကို လူသားဒိုင်းအဖြစ်အသုံးချတာ စတဲ့ အခွင့်အရေးချိုးဖောက်တဲ့ ယုံကြည်ရတဲ့ သတင်းတွေ ပေါ်ထွက်ခဲ့တာကိုလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG