သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည်တောင်ပိုင်း နေရပ်ပြန် ဒုက္ခသည်တွေ လုံခြုံရေးနဲ့ စားဝတ်နေရေး အခက်ကြုံ


တိုက်ပွဲဒဏ် အပြင်းအထန်ခံနေရတဲ့ ဆီဆိုင်မြို့ခံတွေ စစ်ဘေးတိမ်းရှောင်နေကြ။ (မတ် ၁၅၊ ၂၀၂၄)
(ဓါတ်ပုံ_PNLA News & Info)
တိုက်ပွဲဒဏ် အပြင်းအထန်ခံနေရတဲ့ ဆီဆိုင်မြို့ခံတွေ စစ်ဘေးတိမ်းရှောင်နေကြ။ (မတ် ၁၅၊ ၂၀၂၄) (ဓါတ်ပုံ_PNLA News & Info)

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့မှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခဲ့သူတွေ အခုအခါ နေရပ်ပြန်လာကြပေမဲ့ စစ်လက်ကျန် လက်နက်တွေ အန္တရာယ်ကို စိုးရိမ်နေကြပါတယ်။ အာဏာပိုင်တွေက နေရပ်ပြန်ခိုင်းပေမဲ့ လုံခြုံရေးနဲ့ အခြေခံလိုအပ်ချက်တွေ ရှိနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းက ဒုက္ခသည်တွေ အခြေအနေ ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး ကိုစံကျော် တင်ပြထားပါတယ်။

လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ဆီဆိုင်မြို့က တိမ်းရှောင်ခဲ့ကြတဲ့ ဒုက္ခသည်တွေဟာ ၃ လအကြာ ဧပြီလကုန်ပိုင်းမှာ နေရပ်ပြန်လာခဲ့ကြပေမဲ့ လုံခြုံရေးအတွက် စိုးရိမ်နေကြပါတယ်။ စစ်ကောင်စီက နေရပ်ပြန်နိုင်ပြီလို့ အုပ်ချုပ်ရေးမှူးတွေကနေ တဆင့် ပြန်လည်ခေါ်ယူချိန်မှာ ဒေသခံတချို့ ပြန်ခဲ့ကြပေမဲ့ စစ်လက်နက် အကြွင်းအကျန် အန္တရာယ်တွေ ကြုံနေရတာပါ။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကလည်း ဆိုင်ဖွင့်ဖို့ပြင်ဆင်နေတဲ့ သားအမိ ၂ ဦး မပေါက်ကွဲသေးတဲ့ လက်ပစ်ဗုံးကို ထိမိလို့ ဒဏ်ရာရခဲ့ပါတယ်။ သူတို့ ၂ ဦးအပြင် မေလအစောပိုင်းမှာ မိုင်းနင်းမိလို့ သေဆုံးသူတဦးနဲ့ ခြေတဖက်ပြတ်သူလည်း ရှိခဲ့တယ်လို့ ဆီဆိုင်မြို့ခံတဦးက ပြောပါတယ်။

"လက်ပစ်ဗုံး ပေါက်ကွဲလို့ ဒဏ်ရာရတာပေါ့။ ဒဏ်ရာကတော့ သိပ်မပြင်းထန်ပါဘူး။ အဲဒီ ပြန်တဲ့သူတွေနဲ့ ပတ်သက်ပြီးတော့ အဲလိုမျိုးထိခိုက် ဒဏ်ရာရတာက သူတို့သားအမိ ရှေ့မှာတင် ၂ ယောက်ရှိပြီ။ ၁ ယောက်ကတော့ လုံးဝ အသက်ဆုံးရှုံးသွားတယ်။ ၁ ယောက်က ခြေထောက်ပြတ်သွားတယ်။"

နေရပ်ပြန်လာကြတဲ့ ဒုက္ခသည်တွေဟာ စစ်ကျန်လက်နက်တွေ အန္တရာယ် စိုးရိမ်ရတဲ့အပြင် အခြေခံ လိုအပ်ချက်တွေလည်း ရှိနေတယ်လို့ ပြောပါတယ်။


"ရေကတော့ မီးသတ်ကားနဲ့ ရေအခက်အခဲရှိလို့ အကြောင်းကြားတဲ့ အိမ်တွေကို လိုက်ပို့ပေးတာရှိတယ်။ လျှပ်စစ်မီးကတော့ မရသေးဘူး။ ဈေးဆိုင် အနည်းအကျဉ်းတော့ ရှိနေပါပြီ။ အရင်တုန်းက လိုမျိုးတော့ စည်စည်ကားကား သိုက်သိုက်ဝန်းဝန်းတော့ မဟုတ်ဘူးပေါ့နော်။ အဲဒီမှာ နေထိုင်တဲ့သူတွေ အလွယ်တကူ ဝယ်ယူလို့ရနိုင်တဲ့ အနေအထားတော့ ရှိတာပေါ့။"

လက်နက်ကိုင် ပဋိပက္ခတွေကြား နေအိမ်မီးလောင်ခံရတာ၊ စစ်ဘေးကြောင့် တိမ်းရှောင်နေချိန် အိမ်ဖောက်ထွင်းခံရသူတွေလည်း ရှိတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။ ဒီလိုနေရေးစားရေး အခက်အခဲရှိသူတွေကတော့ အခုအထိ မပြန်နိုင်ကြသေးပါဘူး။

"အိမ်ပြန် မရောက်သေးဘူး။ ဘာမှတော့ မဖြစ်ပါဘူးဗျာ၊ စဉ်းစားနေတာပေါ့။ လောလောဆယ် သူများတွေကတော့ ဈေးရောင်းနေပြီ ကြားတာပဲ။ အိမ်ပြန်တော့ ပြန်ချင်တယ်၊ စဉ်းစားဦးမယ်ဗျာ။ အိမ်ကတော့ ရှိတယ်။ ပစ္စည်းတွေ အကုန်လုံးကတော့ သူခိုးတွေ ခိုးသွားတယ်။ နေအိမ်ပဲ ရှိတာပေါ့။"

ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို အစည်းအဝေးခေါ်ပြီး နေရပ်ပြန်ချင်တဲ့ ပြည်သူတွေ ပြန်နိုင်ပြီလို့ စစ်ကောင်စီဘက်က ဧပြီလ ၂၃ ရက်နေ့ကတည်းက ပြောခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး နေရပ်ပြန်သူတွေ တစထက်တစ များလာပေမယ့် ဒေသတွင်း အပျက်အစီးတွေကို ရှင်းလင်းပြင်ဆင်ထားတာ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင် ပဋိပက္ခတွေ ကြီးထွားလာတာနဲ့အျှ အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ဧပြီလမှာ ၃ သန်းကျော် သွားပြီလို့ ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားပါတယ်။ ဒီကိန်းဂဏန်းဟာ ခြောက်လအတွင်း ၅၀ ရာခိုင်နှုန်း ခုန်တက်သွားတာလို့ ကုလသမဂ္ဂထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Forum

XS
SM
MD
LG