သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကျန်လက်နက်တွေကြောင့် ကရင်နီဒေသမှာ ထိခိုက်သေဆုံးမှုတွေများပြား


မိုင်းကြောင့် ခြေတဖက်ဆုံးရှုံးခဲ့ရသူ အမျိုးသမီးတဦးကို ဖယ်ခုံမြို့အနီး စစ်ဘေးရှောင်စခန်းမှာ တွေ့ရစဉ် (ဇူလိုင် ၂၉၊ ၂၀၂၃)
မိုင်းကြောင့် ခြေတဖက်ဆုံးရှုံးခဲ့ရသူ အမျိုးသမီးတဦးကို ဖယ်ခုံမြို့အနီး စစ်ဘေးရှောင်စခန်းမှာ တွေ့ရစဉ် (ဇူလိုင် ၂၉၊ ၂၀၂၃)

လက်နက်ကိုင် ပဋိပက္ခတွေ ပေါ်ပေါက်နေတဲ့ ကရင်နီဒေသမှာ မြေမြှုပ်မိုင်း အပါအဝင် စစ်လက်နက် အကြွင်းအကျန်တွေရဲ့ အန္တရာယ်ကြောင့် ထိခိုက်သေဆုံးသူ အများအပြား ရှိနေတယ်လို့ ဒေသခံတွေနဲ့ လက်နက်ကိုင် အင်အားစုတွေက ပြောပါတယ်။ မိုင်းရှင်းလင်းရေးအတွက် နည်းပညာနဲ့ ပစ္စည်းကိရိယာ လိုအပ်ချက်တွေ ရှိနေတာကလည်း စိန်ခေါ်မှုတခု ဖြစ်နေတာပါ။ ကရင်နီဒေသက မြေမြှုပ်မိုင်းအန္တရာယ်အကြောင်း ရန်ကုန်က သတင်းပေးပို့ ထားတာကို အခြေခံပြီး မဆုမွန် တင်ပြထားပါတယ်။

စစ်ရေးပဋိပက္ခဖြစ်ပွားနေတဲ့ ကရင်နီဒေသထဲမှာ မြေမြှုပ်မိုင်းကြောင့် အရပ်သားထိခိုက်သေဆုံးမှု များပြားနေပြီး မြေမြှုပ်မိုင်းအန္တရာယ် ကြီးကြီးမားမား ရင်ဆိုင်ကြနေရပါတယ်။ ဧပြီ ၂၈ ရက်နေ့တုန်းက ဒီးမော့ဆိုမြို့နယ် ပူးဖားကျေးရွာမှာ နွားကျောင်းသွားတဲ့ အသက် ၁၄ နှစ်အရွယ် အမျိုးသားကလေးတစ်ဦးဟာ မြေမြှုပ်မိုင်းနင်းမိလို့ သေဆုံးခဲ့ပါတယ်။

အခု ၂၀၂၄ ခုနှစ် ပထမ ၃ လပတ်ထဲမှာ မြေမြှုပ်မိုင်းနင်းမိလို့ သေဆုံးထိခိုက်ဒဏ်ရာရှိသူ အယောက် ၂၀ ကျော်ရှိတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့တည်ထောင်သူ ကိုဗညားက ဗွီအိုအေကို ပြောပါတယ်။ စစ်အာဏာသိမ်းယူပြီးနောက်ပိုင်း ၃ နှစ်ကျော်ကာလအတွင်းမှာတော့ မြေမြှုပ်မိုင်းကြောင့် သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိသူ ပိုများလာတယ်လို့လည်း ပြောပါတယ်။

“ဒီကရင်နီလူ့အခွင့်အရေးအဖွဲ့ရဲ့ မှတ်တမ်းအရဆိုတာ ကျနော်တို့ ၈၅ ယောက် ၉၀ ဝန်းကျင်တော့ ရှိသွားပြီးလို့ ပြောလို့ရတာပေါ့။ ဒါကျနော်လက်လှမ်းမီသလောက်ပဲနော် ဒီထက် များနိုင်တယ်ဆိုတာလည်း သိပါတယ်ဟုတ်။”

ပစ်ခတ်တိုက်ခိုက်မှု တည်ငြိမ်တဲ့ ရပ်ကွက်နဲ့ ကျေးရွာတွေမှာ အရပ်သားတွေ နေရပ်ပြန်ပြီး အိမ်ခြံသန့်ရှင်းရေးလုပ်တာ၊ လိုအပ်တဲ့ပစ္စည်းတွေ ပြန်ယူရင်း နင်းမိလို့ ပေါက်ကွဲထိခိုက်တာ များတယ်လို့လည်း ပြောပါတယ်။

“operation နောက်ပိုင်းမှာ စစ်ကောင်စီတွေ တချို့နေရာကနေ ဆုတ်သွားတာရှိတယ်။ ကျနော်တို့ တိုက်ခိုက်သိမ်းပိုက်နိုင်တာရှိတယ်။ အဲ့ဒီမှာ လူထုတွေကနေ ပြန်ပြီးတော့မှ ရတဲ့ရွာတွေမှာ အိမ်တွေမှာ သန့်ရှင်းရေးတွေ ပြန်လုပ်တယ်၊ စားနပ်ရိက္ခာတွေလည်း ယူကြတယ်ပေါ့နော်။ အဲ့ဒီကနေ အများဆုံး မြေမြှုပ်မိုင်းတွေ ပြန်ပြီးတော့ နင်းမိတာရှိတယ်ဟုတ်။”

ရပ်ရွာထဲမှာ မြေမြှုပ်မိုင်းအပြင် မပေါက်ကွဲသေးတဲ့ စစ်လက်နက် အကြွင်းအကျန် အန္တရာယ်လည်း ဆိုးရွားရှိနေတယ်လို့ ကရင်နီအမျိုးသမီးအစည်းအရုံး (KNOW) အဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

“မိုင်းကတော့ ကျမတို့ ကရင်နီအနေအထားနဲ့က တော်တော်လေး အန္တရာယ်ရှိတယ်။ လေယာဉ်ကြဲလို့ ဗုံးမပေါက်ကွဲတဲ့ဟာတွေ လက်နက်ကြီးထုလို့ မပေါက်ကွဲတဲ့ဟာမျိုးတွေ စစ်ကောင်စီဖက်က ထောင်ထားတဲ့မိုင်းကြောင့် မပေါက်ကွဲတဲ့ဟာမျိုးတွေ အဲ့လိုမျိုးတွေပေါ့။ လူထုတွေကလည်း သူတို့ရပ်ရွာကို သန့်ရှင်းရေးပြန်လုပ် မဟုတ်လို့ရှိရင် ဟင်းတွေထွက်ရှာ လမ်းမှာရှိမှန်းမသိ အဲ့လိုမျိုးတွေပေါ့ ပေါက်ကွဲထိတာမျိုးတွေ ဘာတွေ ရှိတယ်။ မိုင်းနင်းမိပြီး ခြေပြတ်တာတို့ လက်ပြတ်တာတို့ တချို့ဆိုသေဆုံးတာတို့ အဲ့လိုမျိုးတော့ ကြုံရတယ်ပေါ့နော်။”

မြေမြှုပ်မိုင်းတွေဟာ စစ်ကောင်စီတပ်ဖွဲ့တွေ တပ်စွဲအထိုင်ချထားတဲ့ စခန်းတဝိုက်နဲ့ သူတို့လှုပ်ရှားခဲ့တဲ့ ရပ်ကွက်၊ ကျေးရွာတွေမှာ အများဆုံးတွေ့ရပြီး စစ်ကောင်စီဘက်က ထောင်ထားတဲ့ မိုင်းတွေဖြစ်တယ်လို့ ကရင်နီဒေသတွင်းအဖွဲ့အစည်းတချို့နဲ့ လက်နက်ကိုင် အင်အားစုတွေက ပြောပါတယ်။

ဒေသခံလက်နက်ကိုင်အဖွဲ့တွေနဲ့ တိုက်ပွဲတွေအတွင်း မြန်မာစစ်တပ်က မြေမြှုပ်မိုင်း အသုံးပြုတာဟာ စစ်ရာဇဝတ်မှုမြောက်တယ်လို့ ၂၀၂၃ ခုနှစ် ဇူလိုင်လမှာ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ Amnesty International က သတိပေးထားပါတယ်။ မြေမြှုပ်မိုင်း အသုံးပြုမှုကို နိုင်ငံတကာမှာ တားမြစ်ထားပေမယ့် ကရင်နီဒေသ ကျေးရွာ ၂၀ ထက်မနည်းမှာ စစ်ကောင်စီတပ်တွေက မြေမြှုပ်မိုင်းတွေ အသုံးပြုခဲ့တယ်လို့ အစီရင်ခံစာ ထုတ်ပြန်ခဲ့တာပါ။ ကရင်နီပြည်အတွင်းမှာ ရပ်ကွက်ကျေးရွာအများစုက မြေမြှုပ်မိုင်းနဲ့ အခြား မပေါက်သေးတဲ့ အကြွင်းအကျန်စစ်သုံးပစ္စည်း အန္တရာယ် ကြီးမားနေဆဲဖြစ်တာကြောင့် ဒေသခံတွေအနေနဲ့ သက်ဆိုင်ရာ တော်လှန်ရေးအင်အားစုတွေဆီ အတည်ပြုချက်မရဘဲ နေရပ်ပြန်နေထိုင်တာမလုပ်ကြဖို့ မေလ ၁ ရက်နေ့က ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီက အသိပေးထုတ်ပြန်ထားပါတယ်။

နေရပ်ပြန်ထိုင်ခွင့်ရှိသူတွေအနေနဲ့ သတ်မှတ်ထားတဲ့ နေရာမှာပဲ နေထိုင်သွားလာပြီး ကန့်သတ်ထားတဲ့ နေရာတွေမှာ သွားလာတာ မလုပ်ကြဖို့၊ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်လက်နက်ပစ္စည်းတွေ တွေ့ရှိရင် ကိုင်တွယ်ထိတွေ့တာ မလုပ်ဘဲ သက်ဆိုင်ရာ တော်လှန်ရေးအင်အားစုတွေကို အသိပေးဖို့ ဖော်ပြထားပါတယ်။ မြေမြှုပ်မိုင်းအန္တရာယ်ကို ရှင်းလင်းနိုင်ဖို့ ကာကွယ်ရေးတပ်တွေ ကြိုးပမ်းနေပေမယ့် နည်းပညာနဲ့ ခေတ်မီစက်ကိရိယာ အခက်အခဲ ရှိနေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဗဟိုပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက ဗွီအိုအေကို ပြောပါတယ်။

“တော်လှန်ရေးတပ်ဖွဲ့တွေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတော့ လက်လှမ်းမီသလောက် မိုင်းရှင်းလင်းရေးလုပ်နေတာရှိပါတယ်။ ဒါပေမယ့် စနစ်ကျတဲ့ ဒီမိုင်းရှင်းလင်းမှုတွေ နောက်ပြီးတော့မှ ဒီစီမံကိန်းအကြီးတွေနဲ့ လုပ်တဲ့ မိုင်းရှင်းလင်းမှုတွေကတော့ ဒါမလုပ်နိုင်သေးဘူးခင်ဗျ။ လူနဲ့ပဲ ရှင်းတာဖြစ်ပါတယ်။ ဖြစ်နိုင်ရင်တော့ ခေတ်မီစက်ကိရိယာတွေနဲ့ ရှင်းလင်းချင်တာပေါ့နော် ဒါပေမယ့်ဒီခေတ်မီစက်ပစ္စည်းတွေကို ဒါမသုံးနိုင်ဘူးပေါ့နော်၊ စတဲ့အခက်အခဲလေးတွေ ရှိတယ် နည်းပညာအခက်အခဲတွေ ရှိပါတယ်။”

မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ ကြီးထွားလာနေတာနဲ့အမျှ စစ်ကျန်လက်နက်တွေ အန္တရာယ် ပိုဆိုးလာနေကြောင်း ကုလသမဂ္ဂ ကလေးငယ်များ ရန်ပုံအဖွဲ့ UNICEF က ဧပြီ ၄ရက်နေ့က ထုတ်ပြန်ထားပါတယ်။ ၂၀၂၃ ခုနှစ်အတွင်း မြေမြှုပ်မိုင်းကြောင့် ထိခိုက် သေဆုံးသူရ ၁,၀၅၂ ဦး ရှိတယ်လို့လည်း အစီရင်ခံစာက ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG