သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည်မြောက်ပိုင်းမှာ စစ်ရှောင်ဒုက္ခသည်တချို့ မြေမြှုပ်မိုင်းထိ


မူဆယ်မြို့နယ်တွင်း စစ်ကောင်စီတပ်နဲ့ TNLA တပ်ကြား တိုက်ပွဲကြောင့် စစ်ဘေးရှောင်သူများ (photo: Citizen Journalist)
မူဆယ်မြို့နယ်တွင်း စစ်ကောင်စီတပ်နဲ့ TNLA တပ်ကြား တိုက်ပွဲကြောင့် စစ်ဘေးရှောင်သူများ (photo: Citizen Journalist)

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ရှောင်နေသူတွေထဲ တောင်ယာနဲ့ တောတွင်းသွားသူတချို့ မိုင်းနင်းမိလို့ ကိုယ်လက်အင်္ဂါ ဆုံးရှုံးတဲ့အထိ ကြုံတွေ့နေပါတယ်။ မူဆယ်နဲ့ သီပေါမြို့မှာ ကျေးရွာနဲ့ တောထဲသွားလာရင်း မိုင်းနင်းမိလို့ ခြေတဖက်ပြတ်တဲ့ စစ်ရှောင်သူဦးရေ အခုလထဲမှာ ၅ ဦးထက်မနည်း ရှိနေပါတယ်။ ဒီအကြောင်း ပေးပို့ထားတဲ့ သတင်းကို မခင်ဖြူထွေးက ပြောပြမှာပါ။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့မှာ စစ်ရှောင်နေတဲ့ သူတွေထဲ သွားလာရင်း မိုင်းနင်းမိလို့ ခြေတဖက်ပြတ် ဆုံးရှုံးခဲ့တဲ့သူ အခုရက်ပိုင်းထဲ ၂ ဦးရှိပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက မန့်မိုင်ရွာအနီးမှာ စစ်ရှောင်တဦး မိုင်းနင်းမိပြီး ခြေတဖက်ပြတ်ခဲ့သလို၊ အခုလ ၁၄ ရက်နေ့တုန်းကလည်း အမျိုးသားတဦး မိုင်းနင်းမိလို့ ခြေထောက်ပြတ်ခဲ့ပါတယ်။ အခုလို မိုင်းအန္တရာယ်က တိုက်ပွဲတွေစဖြစ်ကတည်းက ရှိနေတာလို့ ဒေသခံတဦးက ပြောပါတယ်။

"တားမြစ်နယ်မြေတွေထဲ သွားတာလည်းရှိတယ်။ နောက်ပြီးတော့ တောင်ပေါ်မှာ ထင်းရှာတာတို့ ဘာတို့ အဲဒါမျိုးတွေ ထိတာ။"

မူဆယ်ကိုရောက်ရှိနေတဲ့ ၁၀၅ မိုင်က စစ်ရှောင်သူတွေ နေရပ်ပြန်ဖို့ မဖြစ်နိုင်သေးပေမယ့် နမ့်ခမ်းဘက်က ရောက်လာသူတွေတော့ ပြန်လို့ရတဲ့ အခြေအနေရှိပြီလို့ ပြောပါတယ်။ မူဆယ်မြို့မှာ တိုက်ပွဲမရှိပေမယ့် စစ်ရှောင်သူတွေနဲ့ ဒေသခံတွေဟာ မိုင်းအန္တရာယ်ကိုတော့ မကြာခဏ ကြုံတွေ့နေရပါတယ်။

"ကိုယ့်ဟာကိုယ် မြို့တွင်းထဲနေတာပဲ ကောင်းပါတယ်။ တခြားမြို့ပြင်တွေ ဘာတွေ သွားတယ်ဆိုရင်တော့ ဘာမှစိတ်မချရဘူး။ ရွာလေးတွေက ထင်းခွေတာတွေဆိုရင် သတိထားပြီး သွားလာဖို့ပေါ့။ အဲလို မိုင်းတွေက ခဏခဏထိနေတော့ တော်ကြာ မိုင်းတွေထပ်ပြီးတော့ နင်းမိမှာစိုးတာ။"

သီပေါမြို့မှာလည်း အခုနှစ် ဇန်နဝါရီလ အစောပိုင်းကတည်းက ကျေးရွာထဲ သွားလာရင်း မိုင်းနင်းမိတဲ့ ဖြစ်စဉ်တွေရှိခဲ့ပါတယ်။ အခု ဇန်နဝါရီလထဲမှာ မိုင်းထိသူတွေကို ဆေးရုံပို့ဆောင်ပေးခဲ့တာ နှစ်ကြိမ်ရှိပြီလို့ သီပေါမြို့က လူမှုကူညီနေသူတဦးက ပြောပါတယ်။

"ဒီလအတွင်းမှာတော့ နှစ်ခုပေါ့နော်။ နှစ်ကြိမ်တော့ ကျနော်တို့ သွားကယ်ပေးပြီးပြီပေါ့။"

မိုးတေကျေးရွာမှာ ဇန်နဝါရီလ ၃ ရက်နေ့က ဒေသခံတဦး မိုင်းနင်းမိပြီး ခြေထောက်ပြတ်ခဲ့သလို၊ တုံစင့်ကျေးရွာ အနောက်ဖက်စိုက်ခင်းမှာလည်း ၉ ရက်နေ့တုန်းက မိုင်းထိသူတဦး ခြေထောက်ပြတ်ခဲ့ပါတယ်။ တုံစင့်ကျေးရွာနဲ့ ကုံးစုံရွာကြား တောလမ်းမှာ ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက မိုင်းထိသူ ၂ ဦး ရှိခဲ့ပြီး၊ အဲဒီထဲက ၁ ဦးဟာ ခြေတဖက်ပြတ်ခဲ့ပါတယ်။

စစ်ရေးပဋိပက္ခရှိနေတဲ့ ဒေသတွေမှာ မြေမြှုပ်မိုင်းအသုံးပြုမှု များလာသလို၊ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးတာတွေလည်း တိုးလာနေပါတယ်။ တိုက်ပွဲတွေ မရှိတော့ပေမယ့်လည်း မပေါက်ကွဲသေးတဲ့ မြေမြှပ်မိုင်းအန္တရာယ်တွေကို စစ်ရှောင်သူတွေနဲ့ ဒေသခံတွေဟာ ရင်ဆိုင်ကြုံတွေ့နေရတာပါ။

မိုင်းတားဆီးရေးစာချုပ်ကို ၂၀၂၁ နိုဝင်ဘာ ၁ ရက်အထိ နိုင်ငံပေါင်း ၁၆၄ နိုင်ငံ ( ကမ္ဘာ့နိုင်ငံတွေရဲ့ ၈၀ ရာခိုင်နှုန်း) က အတည်ပြု လက်ခံခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံကတော့ လူသားတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတဲ့ ဒီမြေမြှုပ်မိုင်းကိစ္စမှာ ပူးပေါင်းပါဝင်တာ မရှိသေးဘူးလို့ မြေမြှုပ်မိုင်း စောင့်ကြည့်လေ့လာရေးအဖွဲ့ Landmine & Cluster Munition Monitor က ပြီးခဲ့တဲ့ နိုဝင်ဘာလ အစီရင်ခံစာမှာ ရေးသားထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG