သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ရေးတင်းမာမှုကြောင့် ကရင်နီဒေသခံတွေ နေရပ်ပြန်ဖို့ အခက်ကြုံ 


ကရင်နီပြည်မှာ စစ်ကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသူများ (ဓာတ်ပုံ - ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်)
ကရင်နီပြည်မှာ စစ်ကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသူများ (ဓာတ်ပုံ - ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်)

ကရင်နီပြည်ခေါ် ကယားပြည်နယ်အတွင်းမှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်သလို လေယာဉ်အသုံးပြုပြီးတော့လဲ ဆက်လက်ဗုံးကြဲ တိုက်ခိုက်နေတာကြောင့် ဒေသခံတွေ နေရပ်ပြန်နေဖို့ အခက်တွေ့နေတယ်လို့ စစ်ရှောင်နဲ့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ တည်ထောင်သူက ဗွီအိုအေကို ပြောပါတယ်။ ဒီလို တိုက်ခိုက်မှုတွေအတွင်း အမျိုးသမီးနဲ့ကလေးငယ်အများစု အပါအဝင် အရပ်သား ( ၅၀၀ ကျော်) သေဆုံးပြီး၊ နေအိမ် ၁၅၀၀ လောက်လည်း ပျက်စီးသွားခဲ့တယ်လို့လည်း ခန့်မှန်းထားတာပါ။
ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး မအိသန့်စင် ပြောပြမှာပါ။

ဒီးမော့ဆိုမြို့နယ်မှာ နှစ်ဖက်တိုက်ပွဲတည်ငြိမ်နေတာ တစ်လကျော်လောက်ရှိနေပါပြီ၊ ဒါပေမဲ့ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ရပ်တန့်မသွားဘဲ ဆက်လက်ရှိနေဆဲဖြစ်တယ်လို့ ဒေသခံ တွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၉ ရက်နေ့က ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်တွေက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ပြေးဒုက္ခသည်အတွက် စုဆောင်းထားတဲ့ ဆန်၊ စားနပ်ရိက္ခာသိုလှောင်ထားတဲ့ ဂိုဒေါင်ထိမှန်ပျက်စီးသွားသလို
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၂ ရက်နေ့တုန်းကလည်း တိုက်ပွဲ ဖြစ်ပွားတာမျိုးမရှိဘဲ ဒီးမော့ဆိုမြို့ပေါ်ရပ်ကွက်တွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် နေရပ်ပြန်လာပြီး နေအိမ်သန့်ရှင်းရေးလုပ်တဲ့ အမျိုးသမီးတစ်ဦး ထိခိုက်သေဆုံးသွားတယ်လို့ ကရင်နီပြည် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာသူတွေက ပြောပါတယ်။

တိုက်ပွဲတွေကြောင့် ရှမ်းပြည်တောင်ပိုင်းမှာ သွားရောက်ခိုလှုံတဲ့ ဒီးမော့ဆိုမြို့နယ် ကုန်းသာရွာခံတဦးကလည်း စစ်ကောင်စီဘက်က ဦးတည်ရာမရှိ ပစ်ခတ်နေတာကြောင့် နေရပ်ပြန်ဖို့ အဟန့်အတားဖြစ်စေတယ်လို့ ခုလို ပြောပါတယ်။

“အခု စစ်ရှောင်တဲ့နေရာမှာတောင်မှ သူတို့ အဲ့လိုမျိုး လက်နက်ကြီးတွေ လေယာဉ်တွေနဲ့ ကြဲနိုင်သေးတယ်ဆိုတော့ ရွာပြန်နိုင်ဖို့ကတော့ မသေချာသေးဘူးပေါ့နော်၊ ဝေးတုန်းပဲလို့ထင်တယ်။ အန္တရာယ်တွေရှိနိုင်တာပေါ့နော်၊ ပြန်လို့လည်း အဟန့်အတားတော့ ဖြစ်စေတာပေါ့။ ပြန်ဖို့ကလည်း ပြန်နေရတယ် ပြောရင်တောင်မှ ကြောက်နေရတဲ့ အခြေအနေတော့ ရှိနေသေးတာပေါ့နော်။”

ဟိုတုန်းကတော့ ဒေသတွင်း တိုက်ပွဲတွေ စဲသွားချိန်မှာ စစ်ပြေးရှောင်အများစုဟာ နေရပ် ပြန်လာကြပြီး တောင်ယာလုပ်ငန်းတွေ ဆက်လုပ်ကိုင်လေ့ရှိကြပါတယ်။ ဒီလို နေရပ်ပြန်လာတဲ့အချိန် လက်နက်ကြီးနဲ့ လေကြောင်းရန်ပြုမှုတွေ မကြာခဏ ကြုံတွေ့ရလို့ ဘေးလွတ်ရာကို ထွက်ပြေးလိုက် ဒေသအခြေအနေတည်ငြိမ်လာရင် နေရပ်ပြန်လာလိုက်နဲ့ အသက်အန္တရယ် စိုးရိမ်နေရတာပါ။ ကရင်နီဒေသမှာ ပုံမှန်နေထိုင် လုပ်ကိုင်စားသောက်နိုင်တဲ့ အခြေအနေ မရှိသလို မြေမြှုပ်မိုင်း အန္တရာယ်လည်း အတော်လေး စိုးရိမ်စရာကောင်းတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့တည်ထောင်သူ ကိုဗညားက ဗွီအိုအေကို ခုလို ပြောပါတယ်။

“အဓိက လူပြန်နေဖို့ ခက်ခဲတဲ့ အကြောင်းရင်းတော့ ခုနပြောသလိုပေါ့နော် ဒီတိုက်ပွဲတွေ မရှိဘူးဆိုမှာလည်း သူတို့က စိတ်ကူးပေါက်သလို စစ်ကောင်စီက စိတ်ကူးပေါက်ရင်ပေါက်သလို လက်နက်ကြီးနဲ့ လှမ်းထုတာတွေရှိတာပေ့ါနော်။ လေယာဉ်နဲ့လာကြဲတာရှိတယ် အဲ့ဒါလည်း ပြန်နေဖို့အတွက် ခက်ခဲမှုတစ်ရပ်ဖြစ်တယ်။ နောက်အခြားတဖက်မှာက မြေမြှုပ်မိုင်းတွေပေါ့နော်၊ စစ်ကောင်စီတွေ နေခဲ့တဲ့ရွာတွေ စစ်ကောင်စီ အတော်အသင့်အခြေချခဲ့တဲ့ လမ်းပိုင်းတွေ ဒေသတွေမှာဆိုရင်တော့ မြေမြှုပ်မိုင်းအရမ်းများတော့ ပြန်နေပြီးတော့မှ ပုံမှန်လူမှုစီးပွားရေးပေါ့နော်၊ ပြန်လည်စိုက်ပျိုး နေထိုင်နိုင်ဖို့အတွက်က စိုးရိမ်စရာရှိတာပေါ့ မရှင့်လင်းနိုင်သေးဘူးပေါ့နော်။”

လေကြောင်းအသုံးပြု ဗုံးကြဲမှု၊ လက်နက်ကြီးပစ်ခတ်မှု၊ ဖမ်းဆီးသတ်ဖြတ်ခံရမှုတွေကြောင့် စစ်အာဏာသိမ်းယူပြီးချိန်ကစပြီး အခုချိန်ထိ အရပ်သား ရာနဲ့ချီ သေဆုံးခဲ့ရပြီးလို့ လည်း ကိုဗညားက ပြောပါတယ်။

“စစ်အာဏာသိမ်းပြီးနောက်မှာ အခုချိန်ထိ ကရင်နီပြည်မှာ လူ ၅၂၀ ဝန်းကျင်ပေါ့နော် သေဆုံးသွားပြီးဖြစ်ပါတယ်။ ခုနပြောတဲ့ ဒီလက်နက်ကြီးတွေကြောင့် ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် ပစ်ခတ်မှုတွေကြောင့် လေယာဉ်ကြောင့်ပေါ့နော်"

ဒီသေဆုံးမှုအရေအတွက်ထဲမှာ အမျိုးသမီးနဲ့ ကလေးသူငယ်တွေက အများဆုံးပါဝင်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် အရပ်သားနေအိမ် ၁၅၀၀ လောက် ထိခိုက်ပျက်စီးဆုံးရှုံးသွားတယ်လို့လည်း ကိုဗညားက ပြောဆိုပါတယ်။ ဒီစာရင်းတွေဟာ ကရင်နီလူ့အခွင့်အရေးအဖွဲ့က လက်လှမ်းမီသလောက် ပြုစုထားတဲ့စာရင်းဖြစ်ပြီး မြေပြင်မှာ ဒီထက်မက များနိုင်ပါတယ်။

ဒီးမော့ဆိုဒေသခံအပါအဝင် ကရင်နီဒေသ စစ်ရှောင်အများစုက ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်၊ တောင်ကြီး၊ ညောင်ရွှေ၊ ပင်လောင်း စတဲ့ မြို့နယ်တွေဆီ တိမ်းရှောင်သွားကြသလို တချို့စစ်ရှောင်တွေ တောတောင်ထဲ လက်လှမ်းမမီတဲ့ နေရာတွေကို တကွဲတပြားစီရောက်နေကြတာကြောင့် လူသားချင်းစာနာတဲ့ အကူအညီတွေ မရကြဘူးလို့ စစ်ဘေးရှောင်ကူညီသူတွေက ပြောပါတယ်။ စစ်ပွဲတွေ အချိန်ကြာလာတာနဲ့အမျှ အလှူရှင်တွေ မရှိသလောက်နည်းပါးလာပြီး စားရေးသောက်ရေးတွေ ပိုမိုကျပ်တည်းလာတာကြောင့် ဘဝရှင်သန်နိုင်ရေးအတွက် ဒုက္ခသည်တွေဟာ နည်းမျိုးစုံသုံးပြီး ရပ်တည်ဖို့ ကြိုးစားနေကြရတယ်လို့ အကူအညီပေးသူတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG