သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်နီဒုက္ခသည်တွေ အရေးပေါ် အကူအညီလိုအပ်


ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်အတွင်းက စစ်ဘေးရှောင် ဒုက္ခသည်စခန်းတခုက ယာယီခရစ်ယန်ဘုရားရှိခိုးကျောင်းမှာ ဝတ်ပြုဆုတောင်းနေသူများ (အောက်တိုဘာ ၂၉၊ ၂၀၂၃)
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်အတွင်းက စစ်ဘေးရှောင် ဒုက္ခသည်စခန်းတခုက ယာယီခရစ်ယန်ဘုရားရှိခိုးကျောင်းမှာ ဝတ်ပြုဆုတောင်းနေသူများ (အောက်တိုဘာ ၂၉၊ ၂၀၂၃)

မကြာသေးခင်က တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ ကရင်နီဒေသမှာ လတ်တလော တိုက်ခိုက်မှုတွေ ငြိမ်သက်နေပေမဲ့ စစ်ကောင်စီက လက်နက်ကြီးတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ ရှိနေတာကြောင့် ဒေသခံတွေ လုံခြုံရေးအတွက် စိုးရိမ်နေကြပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလက တိုက်ပွဲတွေကြောင့် နေရပ်စွန့် ထွက်ပြေးနေရသူတွေကတော့ အိမ်ပြန်ဖို့ စိုးရိမ်နေကြသလို၊ အကူအညီလိုအပ်ချက်တွေလည်း တိုးလာနေပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး မအိသန့်စင် ပြောပြပေးပါမယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလကစ စစ်ကောင်စီတပ်နဲ့ ဒေသခံ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့ ကရင်နီဒေသမှာ ဒီရက်ပိုင်း ၂ ဖက်တိုက်ခိုက်မှုတွေ မရှိပေမဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုတွေတော့ ရှိနေဆဲပဲလို့ ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။

“အခုရက်ပိုင်းတော့ ငြိမ်နေသေးတယ်။ သူ့ဟာသူ လေယာဉ်လာကြဲတာ လက်နက်ကြီးပစ်တာတော့ သူတို့ ပုံမှန်တော့အလုပ်လုပ်နေတယ်။ နေ့တိုင်းလိုလိုပဲ နေ့ရော ညရော။ ဒါက လွိုင်ကော် ဒီးမော့ဆိုပေါ့နော်၊ သူ့ဟာသူ လက်နက်ကြီးပစ်တယ် လေယာဉ်လာကြဲတယ်ပေါ့နော်။ တိုက်ပွဲမရှိလည်း သူတို့ လုပ်နေကြအလုပ်ပဲ သူတို့လုပ်နေတယ်။”

ကရင်နီဒေသက စစ်ရေးအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ တစုံတရာ ထုတ်ပြန်တာ မရှိသေးပါဘူး။ မကြာသေးခင် လတွေက တိုက်ပွဲတွေကြောင့် လွိုင်ကော်မြို့ အပါအဝင် ကရင်နီ ဒေသခံအများအပြား နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ကြတာပါ။ ၂ ဖက်တိုက်ပွဲတွေ ငြိမ်သက်နေပေမဲ့ လုံခြုံရေးအတွက် စိုးရိမ်မှုကြောင့် အများစုဟာလည်း နေရပ်မပြန်နိုင်ကြသေးဘူးလို့ အကူအညီပေးနေသူတွေက ပြောပါတယ်။

လွိုင်ကော်မြို့နဲ့ မိုင် ၄၀ နီးပါးလောက်အကွာ ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်မှာ ဆိုရင်လည်း ကရင်နီဒေသက တိမ်းရှောင်လာသူတွေ အပါအဝင် ဒုက္ခသည်အရေအတွက် တိုးလာနေပြီး အရင်က တိမ်းရှောင်လာတဲ့သူနဲ့ အခုတလော အသစ်ထပ်ရောက်လာတဲ့ စစ်ရှောင်အပါအဝင် လူဦးရေ သုံးသောင်းကျော်သွားပြီလို့ အကူအညီပေးနေသူ ဒေသခံတဦးက ပြောပါတယ်။

“နေရာအတော်များများတော့ ရိက္ခာတော့ ပြတ်ကြတာပဲ။ ရိက္ခာတော့ မရကြဘူး။ မရတဲ့လူလည်း ၁၁ လပိုင်းရှောင်လာတဲ့လူတွေပေ့ါ ရိက္ခာမရကြဘူး။ ရိက္ခာတော့ တော်တော်များများတော့ ပျက်ကြတယ်။ ရိက္ခာမရှိကြဘူး။ နောက်ပြီးတော့ အိမ်သာတို့ လိုနေတာပဲ တွေ့ရတယ်။ တချို့နေရာက စောင်တို့ အနွေထည်တို့ပေါ့လေနော်။ လိုအပ်တာတော့ စားနပ်ရိက္ခာရယ် အိမ်သာရယ် နောက်ပြီးတော့ တကိုယ်ရေသုံးပစ္စည်းလေးတွေရယ်။”

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်အတွင်းက စစ်ဘေးရှောင် ဒုက္ခသည်စခန်းတခု (အောက်တိုဘာ ၂၇၊ ၂၀၂၃)
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်အတွင်းက စစ်ဘေးရှောင် ဒုက္ခသည်စခန်းတခု (အောက်တိုဘာ ၂၇၊ ၂၀၂၃)

စစ်ရှောင်အများစုက ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ နီးစပ်ရာဆွေမျိုးအိမ်တွေမှာ နေထိုင်ကြသလို တချို့က ယာယီမိုးကာတဲနဲ့ မြေကြီးပေါ်မှာ ဖြစ်သလို နေထိုင်နေကြရပါတယ်။ ဒုက္ခသည်တွေအတွက် ယာယီအဆောက်အဦး တည်ဆောက်ဖို့ အမိုးအကာတွေ လိုအပ်သလို သောက်သုံးရေ၊ အိမ်သာ၊ အဝတ်အထည်၊ စောင် စတဲ့ တကိုယ်ရေသုံးပစ္စည်းတွေ လိုအပ်နေတယ်လို့လည်း ပြောပါတယ်။

“တချို့ကျတော့လည်း စစ်ရှောင်အဟောင်းလေတွေက ရှိတဲ့ဟာ ပြန်မျှကြတယ်။ နောက်ပြီးတော့ အဆောက်အဦးလည်း လိုအပ်တယ်ဗျ။ အခုလောလောဆယ် သူတို့နေတဲ့ဟာက ယာယီအနေနဲ့ ဝါနဲ့လုပ်ထားတဲ့အခါကျတော့ မိုးကာအဟောင်းလေးတွေ ဆွေးကုန်ပြီး ဝါလည်း ပိုးထိုးလို့ ပျက်ကုန်ပါပြီ။ စစ်ရှောင်ကတော့ ကျနော်တို့ ဆီဆိုင်ဘက်တော့ တိုးနေတုန်းပဲဗျ။”

ဒီဇင်ဘာလနှောင်းပိုင်းမှာ ဆီဆိုင်မြို့နယ်ကို ရောက်လာတဲ့ လွိုင်ကော်စစ်ရှောင်တဦးက လက်ရှိ နေထိုင်စားသောက်ရေး အဆင်ပြေနေပေမယ့် ကာလကြာရှည်တိမ်းရှောင်ရပါက အခက်အခဲမျိုးစုံကြုံလာနိုင်တယ်လို့ အခုလို ပြောပါတယ်။

“အခုလောလောဆယ်တော့ ဆန်နည်းနည်းပါးပါး ဆီလေးတွေပေါ့၊ စောင်လေး အဝတ်လေးတွေ အဲ့လိုလာလှူပေးတဲ့လူတော့ ရှိတယ်။ လောလောဆယ်တော့ အဆင်ပြေနေတယ်လို့ပဲ ပြောရမှာပေါ့။ ကိုယ်က ဒီကအရပ်က နေတဲ့လူမဟုတ်တဲ့အခါကျတော့ ဒီမှာ လုပ်စားတဲ့ အလုပ်တွေက ကိုယ်လုပ်နေကျအလုပ်မဟုတ်တဲ့အခါကျတော့လေ ရေရှည်အတွက်ဆိုရင်တော့ အခက်အခဲတော့ ရှိလာနိုင်တယ်။”

တိုက်ပွဲကြောင့် လက်ရှိ တနိုင်ငံလုံးအတိုင်းအတာနဲ့ နေရပ်စွန့်ခွာရသူ အရေအတွက်က ၂ ဒသမ ၆ သန်း ရှိလာပြီဖြစ်ပြီး အဲ့ဒီထဲမှာ ကယားပြည်နယ် အပါအဝင် ဒေသ ၇ ခုမှာ တိုက်ပွဲကြောင့် နောက်ထပ် နေရပ်စွန့်ခွာရသူက ၆သိန်း ၆သောင်းကျော် တိုးမြင့်လာ နေတဲ့အကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး UNOCHA က ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG