သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့မှာ ကရင်နီစစ်ရှောင် သုံးသောင်းကျော်ရှိ 


ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်ဘက်ကို လွိုင်ကော်ဒေသခံတချို့ (နိုဝင်ဘာ ၂၁၊ ၂၀၂၃)
ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်ဘက်ကို လွိုင်ကော်ဒေသခံတချို့ (နိုဝင်ဘာ ၂၁၊ ၂၀၂၃)

တစ်လေးလုံး စစ်ဆင်ရေးတိုက်ပွဲကြောင့် စစ်ရှောင်အရေအတွက်က တနေ့တခြား ပိုတိုးလာနေပါတယ်။ အခု အချိန်အထိဆို ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်ကို ခိုလှုံလာတဲ့ ကရင်နီစစ်ရှောင်က သုံးသောင်းဝန်းကျင် ရှိနေပါပြီ။ စစ်ရှောင်အများစုဟာ ဖြစ်သလို နေထိုင်စားသောက် နေကြရတာပါ။ ဆောင်းရာသီမို့ နှာစေး၊ ချောင်းဆိုး ဖျားနာသူတွေများလာနေပေမဲ့ ကျန်းမာရေးစောင့်ရှောက်မှု မပေးနိုင်ကြသလို ဆေးဝါးလည်း မလုံလောက်ပဲ ဖြစ်နေတယ်လို့ စစ်ရှောင်ကူညီသူက ဗွီအိုအေကို ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က ပေးပို့တဲ့သတင်းကို အခြေခံပြီး မမြသဇင်အောင်က ပြောပြမှာပါ။

ကရင်နီပြည်နယ်မှာ တစ်လေးလုံး စစ်ဆင်ရေး ပြင်းထန်လာပြီးနောက် စစ်ပြေးဒုက္ခသည်အရေအတွက် က တနေ့တခြား ပိုမိုများပြားလာနေတာ ဖြစ်ပါတယ်။ ကရင်နီပြည်နယ် လွိုင်ကော်မြို့နယ်နဲ့ နီးစပ်တဲ့ ရှမ်းပြည်တောင်ပိုင်းက ဆီဆိုင်မြို့နယ်မှာ ဆိုရင် အိုးအိမ်စွန့်ခွါ ထွက်ပြေးကြတဲ့ ကရင်နီ စစ်ပြေးဒုက္ခသည်က သုံးသောင်းဝန်းကျင်ရှိသွားပြီးလို့ စစ်ရှောင်အရေးကူညီနေသူတွေက ပြောပါတယ်။

စစ်ရှောင်အများစုဟာ ရာသီအကူးအပြောင်းကာလမှာ ဖြစ်ပွါးတတ်တဲ့ နှာစေး၊ ချောင်းဆိုးတာနဲ့ ဖျားနာနေကြတာပါ။ စစ်ရှောင် အယောက် ၁၀၀ မှာ ၂၀ လောက် ဖျားနာနေပေမဲ့ လုံလောက်တဲ့ ဆေးဝါး အကူညီတွေ မပေးနိုင်ဘူးလို့ စစ်ရှောင်ကူညီသူ တဦးက VOA ကို ပြောပါတယ်။

“နှားစေး၊ ချောင်းဆိုးတာတော့ ရှိကြတာပဲ။ လူ ၁၀၀ မှာ ၂၀ လောက်ရှိမယ်ထင်တယ် အဲ့လိုမျိုးတော့ ဖြစ်နေကြတာ။ တချို့လည်း ဆေးလှမ်းတောင်း လာတာပေါ့လေ၊ ကျနော်တို့လည်း မပေးနိုင်ဘူး။ လက်ရှိ ဆီဆိုင်ကတော့ ခန့်မှန်းချေ ကတော့ (လူဦးရေ) သုံးသောင်းလောက်တော့ ရှိသွားပြီ။ (စစ်ရှောင်တွေ) လာနေတုန်းပဲ စာရင်းနဲ့ တချို့ လက်လှမ်းမမီဘူး။ တချို့က အမျိုးရှိရာ အသိရှိရာသွား၊ ရရာနေရာ သွားနေပေါ့။ ခုနရွာဘေးမှာ တဲထိုးနေတဲ့ အုပ်စုတွေလည်း ရှိသေးတယ်။ အများကြီးတော့ စာရင်းတော့ အကုန်လုံး မရနိုင်ဘူး ခန့်မှန်းချေတော့ သုံးသောင်း ဝန်းကျင်လောက်ရှိဗျ။ တောင်ကြီးတို့ ဟိုပုံတို့ ပေါင်းလိုက်ရင်တော့ သိန်းဂဏန်း နီးပါးလောက် ဖြစ်သွားပြီး ထင်တယ်။ ကျနော်ထင်တာလေ။”

တချို့စစ်ရှောင်တွေဟာ မိုးမလုံလေမလုံပဲ ယာယီမိုးကာတဲထိုး နေထိုင်ကြရပါတယ်။ အခုလို အေးတဲ့ ဒေသတွေမှာ အနွေးထည်တွေ၊ စောင်တွေ ကလည်း လုံလုံလောက်လောက် မရှိတာကြောင့် ကျန်းမာရေး ဆိုင်ရာ အခက်အခဲတွေ အများကြီးကြုံရတယ်လို့ ဆီဆိုင်မှာ ရောက်ရှိနေတဲ့ ဖရူဆိုက စစ်ရှောင်တဦးက ပြောပါတယ်။

“ရာသီအကူးအပြောင်းလည်း ဖြစ်တယ်လေ၊ နောက်ပြီးတော့ ဒေသ မတူတာလည်း ပါတော့ တချို့ဆိုရင် စောင်တွေ အနွေးထည်တွေ မဖူလုံတာ လည်း ပါတယ်။ နောက်ပြီးတော့ နေရာထိုင်ခင်း အခင်းအကျဉ်းလည်း စစ်ရှောင်ဆိုတော့ အိမ်နဲ့ မတူဘူးပေါ့လေ၊ ရရာ တဲလေးတွေ ထိုးပြီးတော့ နေကြတဲ့အတွက်ကြောင့် ကျန်းမာရေး အခက်အခဲကတော့ အများကြီး ရှိကြတာပေါ့နော်။ နှားစေး ချောင်းဆိုးတာက အစပေါ့နော် နောက် သက်ကြီးဆိုလည်း ခြေလက်တွေ ကိုက်ခဲတာတို့ အဲ့ဒါသူ့ရဲ့ ဆေးဝါး မဖူလုံတဲ့အတွက် ဆေးပြတ်လပ်သွားတာတို့ သောက်နေကြ ဆေးလေတွေ မပါတော့ ဒီလိုနေရာလေးမှာ ရောက်ရှိလာတဲ့အတွက် ဆေးပြတ်လပ်သွားတဲ့ အခြေအနေလေးတွေ တချို့ကြားသိရတာပေါ့နော်။”

ပြည်တွင်း စစ်ပြေးဒုက္ခသည် အများစုဟာ တိုက်ပွဲတွေ ကြောင့် တနေရာပြီး တနေရာ ပြောင်းရွှေ့နေကြရတာ ဖြစ်ပြီး ဒီလို ပြောင်းရွှေ့နေရတာ အခုဆို ၃နှစ်ထဲရောက်ရှိလာပါပြီ။ အလုပ်အကိုင်က မရှိ ငွေကြေး ပြတ်လပ်တဲ့ အခြေအနေကြောင့် နာမကျန်းဖြစ်ပေမယ့် တချို့က ဆေးမကုနိုင်ကြပါဘူး။

တချို့သူတွေကတော့ သူတို့ရောက်ရှိတဲ့ နေရာမှာ နေ့စားအလုပ် လိုက်လုပ်ရင်း စားရေးသောက်ရေးနဲ့ ကျန်းမာရေး ပြသနာတွေကို ရုန်းကန်ဖြေရှင်းနေကြရ တာပါ။ ဆီဆိုင်မှာ ရောက်ရှိနေတဲ့ ဒီးမော့ဆို စစ်ရှောင်တဦးကတော့ နေ့စား အလုပ်လုပ်ကိုင်ပြီး ကျန်းမာရေး ပြသနာကို ဖြေရှင်းနေရတယ်လို့ ပြောပါတယ်။

“တစ်ခါတလေဖြစ်တာ တောင်မှပေါ့နော၊် ဆေးခန်းမပြနိုင်တာ လည်း ရှိတယ်။ ဆေးမဝယ် နိုင်တာလည်း ရှိတယ်။ ရှိတဲ့ ဆေးလေး တွေပဲ သောက်ကြ့ရတယ်၊ အဲ့လိုရှိတယ်။ ပြေးတာလည်း အခုပြေးလာတာ ကျမတို့ ဒီးမော့ဆို ဆို ၃ နှစ်ရှိပြီ ။ အဲ့ကြောင့် ငွေရေးကြေးရေးလည်း အခက်အခဲ ဖြစ်တာပေါ့နော်။ တော်တော်လေးတော့ ဖြစ်နေပြီးပေါ့နော်။ အလုပ်အကိုင်လည်း မရှိဘူး၊ အခုတော့ ဒီဖက်ကျတော့ ပြောင်းခူးချိန်ဆိုတော့ နေ့စားတွေ ခေါ်တယ်၊ နေ့စားတွေ လိုက်ကြတယ်၊ တစ်ရက်ကို ၇၀၀၀၊ ၈၀၀၀ အဲ့လိုရတော့ အဲ့ဒါနဲ့ ဆေးခန်းတွေ ပြတယ်၊ ဆေးတွေ ဝယ်သောက်တယ် အဲ့လိုလုပ်ရတယ်။”

နှစ်တွေ လတွေ နဲ့ချီ ပြေးရှောင်နေရတာ ဖြစ်ပြီး အချိန်ကြာတာနဲ့အမျှ ဒုက္ခသည်တွေကို ကူညီတဲ့ အလှူရှင် တွေလည်း မရှိသလောက် နည်းပါးသွားတာပါ။ စစ်ပြေးဒုက္ခသည် တွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ၊ စောင်တွေ၊ အနွေးထည်တွေ လိုအပ်နေကြ ပါတယ်။ ဒါကြောင့် လက်ရှိမှာ အလွန်အမင်း အခက်အခဲကြုံ တွေ့နေကြရတဲ့ စစ်ပြေးဒုက္ခသည်တွေအတွက် နိုင်ငံတကာ အဖွဲ့အစည်းတွေကရော ပြည်တွင်းပြည်ပက အလှူရှင်တွေကပါ ထိရောက်စွာကူညီပေးဖို့ စစ်ရှောင်တွေနဲ့ စစ်ရှောင်အရေး ကူညီဆောင်ရွက်နေသူ တွေကပါ တောင်းဆိုနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG