သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်နီဒေသ တိုက်ပွဲတွေကြောင့် ဒေသခံတွေလုံခြုံရေးစိုးရိမ် 


ကယားပြည်နယ် လွိုင်ကော်မြို့မှာ တိုက်ပွဲဖြစ်နေစဉ်အတွင်း ထွက်ပြေးတိမ်းရှောင်နေကြတဲ့ မြို့ခံများနှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ဝင်တဦး (KNDF) ကို တွေ့ရစဉ် (နိုဝင်ဘာ ၁၄၊ ၂၀၂၃)
ကယားပြည်နယ် လွိုင်ကော်မြို့မှာ တိုက်ပွဲဖြစ်နေစဉ်အတွင်း ထွက်ပြေးတိမ်းရှောင်နေကြတဲ့ မြို့ခံများနှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ဝင်တဦး (KNDF) ကို တွေ့ရစဉ် (နိုဝင်ဘာ ၁၄၊ ၂၀၂၃)

ကရင်နီဒေသမှာ ပြီးခဲ့တဲ့လကစခဲ့တဲ့ တိုက်ပွဲတွေဟာ သီတင်း ၃ ပတ်လောက် ရှိလာချိန်မှာ ဆက်လက် ပြင်းထန်နေဆဲဖြစ်တာကြောင့် ဒေသခံတွေ လုံခြုံရေးအတွက် စိုးရိမ်နေကြပါတယ်။ တိုက်ပွဲဖြစ်ပွားရာ ဒေသတွေမှာ ဆက်သွယ်ရေးနဲ့ လျှပ်စစ်မီးတွေ ပြတ်တောက်နေပြီး ကုန်စည်စီးဆင်းမှုတွေလည်း နှောင့်နှေးနေတာကြောင့် ဒေသခံတွေ အခက်ကြုံနေရတာပါ။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး မမြသဇင်အောင်က ပြောပြပေးပါမယ်။

ဒေသခံလက်နက်ကိုင် တပ်ဖွဲ့တွေက ၁၁၁၁ စစ်ဆင်ရေးအဖြစ် ကြေညာလိုက်ပြီး နိုဝင်ဘာ ၁၁ ရက်ကနေ စလိုက်တဲ့ တိုက်ပွဲတွေဟာ အခုအချိန်အထိ ဆက်ဖြစ်နေပါတယ်။ ဒေသခံလက်နက်ကိုင် အဖွဲ့တွေနဲ့ တိုက်ပွဲတွေ နေ့စဉ်ရက်ဆက် အပြင်းအထန် ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က လေကြောင်းနဲ့ပါ တိုက်ခိုက်တာတွေ ရှိတယ်လို့လည်း ဒေသခံတဦးက ပြောပါတယ်။

“ပစ်ခတ်မှုတွေက ဒီမနက်အစောပိုင်းရယ် နောက် ညအချိန်ဆိုရင်တော့ လေယာဉ်နဲ့လာကြဲတာမျိုးတော့ ရှိတယ်ပေါ့နော်။ လေယာဉ်ကတော့ ကျနော်တို့ကို ဖြတ်ပြီးတော့ ဒီလွိုင်ကော်မြို့နယ်ဘက်ကိုသွားသွားကြဲတာမျိုးတော့ရှိတယ်ဗျဟုတ်။ (တိုက်ပွဲ)နားတယ်လို့တော့ မရှိဘူး နှစ်ဦးနှစ်ဘက်ကျတော့လေ သူတို့က အပြန်အလှန်တိုက်စစ်ဆင်ကြတာပေါ့နော်။ (တော်လှန်ရေး)ကလေးတွေဘက်ကလည်း ထိုးစစ်ဆင်တယ်။ ဟိုဘက်ကလည်း ပြန်ပြီးတော့ အပြန်အလှန်ဖြစ်ကြတာမျိုးတော့ နေ့ရက်တိုင်းပါပဲ ပြင်းထန်တာနဲ့ ပုံမှန် အဲ့နှစ်ခုပဲရှိတယ်ဗျ။ မပစ်တဲ့ရက် နားတဲ့ရက်ဆိုတာမရှိဘူးဗျဟုတ်။”

ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF) KNPLF၊ ဒီးမော့ဆိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ အလယ်ပိုင်းတိုင်း ရှမ်းတောင်စစ်ဒေသခွဲ နဲ့ ကယား(ကရင်နီ)စစ်ဒေသခွဲ PDF တပ်ရင်း စတဲ့ တော်လှန်ရေးအင်အားစုတွေက ၁၁၁၁ စစ်ဆင်ရေးအဖြစ် ပြီးခဲ့တဲ့ နိုဝင်ဘာလကပဲ စတင်ခဲ့တာပါ။

လက်နက်ကိုင် အင်အားစုတွေရဲ့ စစ်ဆင်ရေးအတွင်း နယ်မြေတချို့ကို ထိန်းချုပ်နိုင်တာတွေ ရှိတယ်လို့လည်း ဒေသခံတယောက်က ပြောပါတယ်။

“လွိုင်ကော်မြို့ကိုတော့ အတိအကျပြောလို့မရသေပေမယ့် ကျနော်တို့ဘက်ကိုတော့ သူတို့ ထိန်းချုပ်နိုင်ပြီးပေါ့နော်၊ ဒါကိုတော့ အတိအကျပြောလို့ရတယ်ပေါ့ ကျနော်တို့ ကုန်းသာကျတော့ လွိုင်ကော်နဲ့ အရမ်းလည်း မဝေးတော့ဘူးလေနော်။ ဒီကုန်းသာ၊ ဆောင်ကန်း၊ မိုးဗြဲ၊ ဝါရီကော်ခူတကျောဆိုရင်တော့ ဒီကာကွယ်ရေးတပ်က ထိန်းချုပ်ထားပြီးဗျဟုတ်။”

ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်ဘက်ကို စစ်ဘေးတိမ်းရှောင်လာတဲ့ လွိုင်ကော်ဒေသခံတချို့ (နိုဝင်ဘာ ၂၁၊ ၂၀၂၃)
ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်ဘက်ကို စစ်ဘေးတိမ်းရှောင်လာတဲ့ လွိုင်ကော်ဒေသခံတချို့ (နိုဝင်ဘာ ၂၁၊ ၂၀၂၃)

နယ်မြေလုံခြုံရေး အခြေအနေကြောင့် တိုက်ပွဲတွေဖြစ်ပွားနေတဲ့ မြေပြင်အခြေအနေ အသေးစိတ်ကို မသိရသလို၊ သီးခြားအတည်ပြုလို့တော့ မရပါဘူး။ စစ်ကောင်စီဘက်ကတော့ ကရင်နီဒေသမှာ တိုက်ပွဲတွေဖြစ်ပွားနေကြောင်း သတင်းထုတ်ပြန်ထားပေမဲ့ အသေးစိတ်ကို မပြောပါဘူး။ တိုက်ပွဲတွေ ပြင်းထန်နေတာနဲ့အမျှ ဒေသခံတွေက လုံခြုံရေးအတွက် စိုးရိမ်မှုတွေလည်း ရှိနေကြတာပါ။

“တခုကြောက်ရတာပေါ့နော်။ ဒီစစ်ကောင်စီတွေက မရှိတော့ပေမယ့် ကလေးတွေရှိနေတော့ ရုတ်တရက်လေယာဉ်နဲ့ လာကြဲမှာ၊ လက်နက်ကြီးရုတ်တရက်ကျမှာ အဲ့ဒါတော့ စိုးရိမ်နေရတယ်ပေါ့နော်။ ဆိုတော့ ကျနော်တို့လည်း ဒီဗုံးခိုကျင်းတို့ဘာတို့တော့ တူးထားတဲ့အခြေအနေမျိုးရှိတယ်။”

လွိုင်ကော်မြို့အပါအဝင် စစ်ရေးပြင်းထန်နေတဲ့ ဒေသတွေမှာ လျှပ်စစ်မီးနဲ့ တယ်လီဖုန်းလိုင်းတွေ ပြတ်တောက်နေတာ သီတင်းတပတ်ကျော်ပြီလို့လည်း ဒေသခံတွေက ပြောပါတယ်။ ကုန်စည်စီးဆင်းမှုတွေ ပြတ်တောက်နေတာကြောင့် အခက်အခဲတွေလည်း ကြုံနေရတာပါ။ ကယားပြည်နယ် အပါအဝင် တိုင်းရင်းသား ဒေသတွေမှာ တိုက်ပွဲတွေကြောင့် နောက်ထပ် နေရပ်စွန့်ခွာရသူ ၃ သိန်း ၃ သောင်းခွဲနီးပါး ရှိခဲ့ကြောင်းလည်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးက ပြီးခဲ့တဲ့လနှောင်းပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။ တိုက်ပွဲတွေကြောင့် လွိုင်ကော်နဲ့ လားရှိုးလေဆိပ်တွေကိုလည်း ပိတ်ထားရပြီး သယ်ယူပို့ဆောင်ရေး အခက်အခဲတွေ ရှိနေကြောင်းလည်း ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG