သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပဋိပက္ခများ ကျယ်ပြန့်လာမှုအပေါ် ကုလအတွင်းရေးမှူးချုပ် စိုးရိမ်ပူပင်


ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်

ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံတွင်း ပဋိပက္ခတွေ တိုးမြင့်ကျယ်ပြန့်လာတဲ့အပေါ် အလွန်တရာစိုးရိမ်ကြောင်းနဲ့ သက်ဆိုင်ရာအစုအဖွဲ့တွေအနေနဲ့ နိုင်ငံတကာလူသားချင်းစာနာမှုဥပဒေတွေကို လေးစားလိုက်နာပြီး အရပ်သားတွေကို တတ်စွမ်းသမျှ အကာအကွယ်ပေးကြဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က တိုက်တွန်းပန်ကြားပါတယ်။

မြန်မာနိုင်ငံအတွင်း ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာပြေးကြရတဲ့ ဒုက္ခသည် နှစ်သန်းကျော်သွားပြီလို့လည်း ကုလကြေညာချက်မှာဖော်ပြပါတယ်။ အရေးပေါ်လူသားချင်းစာနာမှုအထောက်အပံ့တွေ အတားအဆီးမရှိ ပို့ပေးနိုင်ရေးအတွက်လည်း ပန်ကြားထားပြီး ကုလသမဂ္ဂအေဂျင်စီတွေနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေ ဘေးကင်းလုံခြုံရေးအတွက်လည်း အလွန်တရာအရေးကြီးတယ်လို့ ကုလအတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရသူက ထုတ်ပြန်ခဲ့ပါတယ်။

တိုက်ပွဲတွေမှာတော့ ရှမ်းပြည်မြောက်ပိုင်းက ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ စစ်ကောင်စီစခန်းတွေကို ဆက်တိုက်သိမ်းပိုက်နေပြီး သိမ်းပိုက်နိုင်တဲ့ စစ်စခန်းပေါင်း ၁၅၀ နီးပါးအထိ ရှိလာပြီလို့ MNDAA ကိုးကန့်အဖွဲ့က ထုတ်ပြန်ပါတယ်။

တချိန်တည်းမှာပဲ ၁၁.၁၁ စစ်ဆင်ရေးလုပ်နေတဲ့ ကရင်နီ ပူးပေါင်းတပ်ဖွဲ့တွေဟာ လွိုင်ကော်မြို့ထဲအထိ ဝင်ရောက်ပြီး လွိုင်ကော်တက္ကသိုလ်မှာ တပ်စွဲထားတဲ့ တပ်မ ၆၆ လက်အောက်ခံ တပ်ရင်းတွေကို တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ရင်းမှုးအပါအဝင် တပ်ဖွဲ့ဝင်အတော်များများ သေဆုံးပြီး တပ်ခွဲမှူးတဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၂ ဦး လက်နက်ချခဲ့တယ်လို့ KNDF က ဗွီဒီယိုမှတ်တမ်းတွေနဲ့တကွ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ လွိုင်ကော်တက္ကသိုလ်တိုက်ခိုက်မှုအပေါ် ဝေဖန်ပြစ်တင်ပြီး ကျန်းမာရေးနဲ့ ပညာရေးဆိုင်ရာအဆောက်အအုံတွေမှာ တပ်စွဲချထားမှုတွေကို ဆန့်ကျင်ကြဖို့ဆိုပြီး နိုင်ငံတကာကိုရော မြန်မာလူထုကိုပါ ပန်ကြားခဲ့တာ တွေ့ရပါတယ်။ တက္ကသိုလ်ဝန်းအတွင်း စစ်ကောင်စီတပ်ဖွဲ့တွေ တပ်စွဲနေရာချထားတာကိုရော၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ လက်နက်ချတာတွနဲ့ပတ်သက်လို့တော့ စစ်ကောင်စီဘက်က တစုံတရာ တုံ့ပြန်ပြောဆိုတာမရှိပါဘူး။

မြန်မာပြည်အနောက်ခြမ်း ရခိုင်ပြည်နယ် မောင်းတောမြို့နယ်ထဲမှာတော့ AA ရခိုင်တိုင်းရင်းသားတပ်ဖွဲ့တွေနဲ့ မြန်မာစစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ခဲ့သလို စစ်ကောင်စီ အာဏာပိုင်တွေဘက်က စစ်တွေ၊ တောင်ကုတ်၊ ကျောက်ဖြူ၊ သံတွဲ စတဲ့ မြို့တွေမှာ ဒေသခံတချို့ကို ဖမ်းဆီးတာတွေရှိခဲ့တယ်လို့ သိရပါတယ်။

တခါ စစ်ကိုင်းတိုင်းဘက်မှာတော့ ပုလဲမြို့နယ် မြို့မရဲစခန်းနဲ့ ထွေအုပ်ရုံးတွေကို ဒေသခံကာကွယ်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG