သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွိုင်ကော်ထောင် အကျဉ်းသားလုံခြုံရေး ကူညီရေးအဖွဲ့တွေ စိုးရိမ်


ကယားပြည်နယ် လွိုင်ကော်မြို့ကို တိုက်ခိုက်စဉ်အတွင်း ထွက်ပြေးတိမ်းရှောင်နေကြတဲ့ မြို့ခံများကို တွေ့ရစဉ် (နိုဝင်ဘာ ၁၄၊ ၂၀၂၃)
ကယားပြည်နယ် လွိုင်ကော်မြို့ကို တိုက်ခိုက်စဉ်အတွင်း ထွက်ပြေးတိမ်းရှောင်နေကြတဲ့ မြို့ခံများကို တွေ့ရစဉ် (နိုဝင်ဘာ ၁၄၊ ၂၀၂၃)

ကယားပြည်နယ်၊ လွိုင်ကော်အကျဉ်းထောင်မှာ စစ်ကောင်စီတပ်တွေ ခြေကုပ်ယူထားတာကြောင့် အထဲမှာရှိတဲ့ အကျဉ်းသား ၅၀၀ ရဲ့ လုံခြုံရေးနဲ့ အခွင့်အရေးတွေအတွက် စိုးရိမ်ရကြောင်း နိုင်ငံရေးအကျဉ်းသားအရေး အကူညီပေးနေတဲ့ အဖွဲ့အစည်းတွေက ပြောပါတယ်။ စစ်ကောင်စီက တပ်စွဲထားတဲ့ လွိုင်ကော်အကျဉ်း ထောင်မှာ အကျဉ်းသားတွေ့ရဲ့ စားနပ်ရိက္ခာနဲ့ သောက်သုံးရေအပြင် ဆေးဝါးပြတ်လပ်မှုနဲ့ ကြုံနေရပါတယ်။ ရန်ကုန်ကပေးပို့လာတဲ့ သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုစည်သူက ပြောပြမှာပါ။

စစ်ကောင်စီနဲ့ရဲတွေ ခြေကုပ်ယူထားတဲ့ လွိုင်ကော်အကျဉ်းထောင်က အကျဉ်းသား ၅၀၀ ရဲ့ လုံခြုံရေး အပြင် စားနပ်ရိက္ခာပြတ်လပ်မှာကို စိုးရိမ်ရတဲ့ အခြေနေနဲ့ ကြုံနေရတယ်လို့ နိုင်ငံရေးအကျဉ်းသား အကူညီပေးရေး အဖွဲ့အစည်းတွေက ပြောပါတယ်။

ကယားပြည်နယ်၊ ဒေသအခေါ် ကရင်နီပြည်နယ် အတွင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေ စစ်ဆင်ရေးအရှိန်မြှင့် ခဲ့တဲ့ နိုဝင်ဘာလ ၁၁ ရက်က စပြီး စစ်ကောင်စီတပ်တွေဟာ လွိုင်ကော်အကျဉ်းထောင်ကို ခံတပ်တခုအနေနဲ့ အသုံးချလာတာ တွေ့ရတယ်လို့လည်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်က ပြောပါတယ်။

၂၀၂၃ ဒီဇင်ဘာလ ၁၇ရက်က လွိုင်ကော်အကျဉ်းထောင်တဝိုက်မှာ နှစ်ဘက်တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တာ ဖြစ်ပြီး မြန်မာစစ်ကောင်စီက လေကြောင်းနဲ့ လက်နက်ကြီးတွေ အသုံးပြုခဲ့တာပါ။ လက်နက်ကိုင် အဖွဲ့အစည်း နှစ်ဘက်စလုံးမှာ ကျဆုံးမှုတွေ ရှိခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်တွေဟာ လွိုင်ကော် အကျဉ်းထောင်မှာ ခြေကုပ်ယူထား တာကြောင့် အကျဉ်းသားတွေရဲ့ လုံခြုံရေးအတွက် စိုးရိမ်စရာ ဖြစ်လာတယ်လို့ လည်း ပြောပါတယ်။

လက်ရှိ အကျဉ်းသား ၅၀၀ထဲမှာ နိုင်ငံရေးအကျဉ်းသားက ၁၅၀ လောက် ပါနေတာ ဖြစ်ပြီး ဒီနိုင်ငံရေး အကျဉ်းသား တွေ ကို အသုံးချမှာ စိုးရိမ်ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်က ကိုသိုက်ထွန်းဦးက ပြောပါတယ်။

" ဒီထက်ပိုပြီးဆိုးတဲ့အခြေအနေက လက်ရှိမှာ ကရင်နီ တော်လှန်ရေးတပ်တွေနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ အခါမှာ စစ်ကောင်စီအနေနဲ့ အကျဉ်းသားတွေကို အပြင်မှာ ပုံမှန်မထားတော့ဘဲနဲ့ အခန်းတခန်းထဲမှာ ပိတ်လှောင်ပြီး ထားထားတယ်၊ သော့ခတ်ထားတာမျိုးပေါ့ နော်။ အဲဒီအတွက် တကယ့်တကယ် တိုက်ပွဲဖြစ်ခဲ့ရင်တောင်မှ အကျဉ်းသားတွေအနေနဲ့ သေဆုံးမှုဖြစ်ဖို့ ရာခိုင်နှုန်း အရမ်းကိုမှများတယ်၊ အဲဒီအတွက် သူတို့ရဲ့ ခံစစ်ပြင်တဲ့နေရာမှာ အနီးဆုံးမှာ ထားထားတယ်။ အချိန်မရွေးလည်း နိုင်ငံရေး အကျဉ်းသားတွေကို ထုတ်ပြီးမှ အသုံးချတာမျိုးတွေ လုပ်သွားနိုင်တယ်ပေါ့နော်။ ဒီအတွက် ကျနော်တို့မှာ အဲဒီစိုးရိမ်မှုတော့ ရှိပါတယ်။"

လက်ရှိမှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF နဲ့ PDF ပူးပေါင်းတပ်တွေဟာ အကျဉ်းထောင်ကို ပတ်လည်ဝိုင်းထားတဲ့ အနေအထားမှာ ရှိနေပြီး ရဲနဲ့ စစ်ကောင်စီတပ်တွေက အကျဉ်းထောင် ထဲမှာဝင်ပြီး အကာအကွယ်ယူနေတာကြောင့် အကျဉ်းသားတွေအတွက် စိုးရိမ်စရာဖြစ်လာသလို စားနပ်ရိက္ခာ ပြတ်မှာကိုပါ စိုးရိမ်ရတယ်လို့ ကရင်နီနိုင်ငံရေးအကျဉ်းသားများ အစည်းအရုံး KPPA က ထားဖိုးက ဗွီအိုအေကို ပြောပါတယ်။

"လက်ရှိ အခြေနေကလည်း ဒီထောင်ကို ဝိုင်းထားတဲ့ အခြေနေ ရှိတဲ့ အခါမှာ ပေါ့နော်။ ရဲတို့ စစ်တပ်တို့ကလည်း ထောင်အတွင်းကို ခြေကုပ်ယူထားကြတယ်။ အဲ့ဒီမှာ။ ဒီ အကျဉ်းသားရဲ့ အခွင့်အရေးက အမြဲဆုံးရှုံးနေတာပဲလေနော့ သာမန်စစ်မဖြစ်တဲ့ အချိန်ကာလမှာတောင်မှ အခွင့်အရေးက ပြည့်ဝစွာ ရရှိထားကြတာမဟုတ်ဘူး။ အခုလိုအခြေအနေမှာ ပိုဆိုးတာပေါ့နော်။ စားနပ်ရိက္ခာလည်း နည်းလာတဲ့အတွက် သူတို့ဦးစားပေးမှုက အကျဉ်းသား မဟုတ်တဲ့အတွက်ပေါ့ အကျဉ်းသားတွေရဲ့ အခွင့်အရေးကတော့ လုံးဝကို ဆုံးရှုံးနေပြီးသား ဖြစ်မှာပါ။ ပြီးရင် သာမန်ကာလမှာတောင်မှ အကျဉ်းသားသေဆုံးမှုတွေ ရှိတာပေါ့နော်၊ အခုလိုကာလမှာ ကျန်းမာရေး ချွတ်ယွင်းမှုက အလွန်ကို များပြားနိုင်ပါတယ်။"

လွိုင်ကော်မြို့ပေါ်က ပြင်းထန်တဲ့ တိုက်ပွဲတွေကြောင့် မြို့ပေါ်က ထွက်ပြေး တိမ်းရှောင်တဲ့ မိသားစုတွေ တဖြည်းဖြည်းများလာနေတာပါ။ အကျဉ်းကျနေသူတွေ အတွက် ထောင်ကို စားနပ်ရိက္ခာနဲ့ ဆေးဝါး လာရောက် ပေးပို့တာတွေ မရှိတော့ပဲ ဖြစ်လာတာကြောင့် အကျဉ်းသားတွေ ကျန်းမာရေးနဲ့ နေထိုင်စားသောက်ရေးမှာ အဆင်မပြေ ဖြစ်လာနိုင်တယ် လို့လည်း KPPA က ပြောပါတယ်။

၂၀၂၂ ခုနှစ် ဇန်နဝါရီလကလည်း လွိုင်ကော်မြို့ပေါ်မှာ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တာကြောင့် အကျဉ်းသားတွေအတွက် စားနပ်ရိက္ခာ ပြတ်တောက်မှုနဲ့ ကြုံခဲ့ရတာပါ။

တိုက်ပွဲတွေ အတွင်း ပိတ်မိနေတဲ့ အကျဉ်းထောင်တွေထဲက နိုင်ငံရေးအကျဉ်းသား တွေအတွက် သူတို့ရဲ့ ရပိုင်ခွင့်တွေ ဆောင်ရွက်ပေးကြဖို့ နိုင်ငံတကာကြက်ခြေနီအဖွဲ့ ICRC နဲ့ ကုလသမဂ္ဂလို လူ့အခွင့်အရေးကို ကာကွယ် ပေးနေတဲ့ အဖွဲ့အစည်းတွေကို တောင်းဆိုကြောင်းလည်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်က ပြောပါတယ်။

စစ်ကောင်စီကတော့ လွိုင်ကော်အကျဉ်းထောင်မှာ အခုလို စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ ပြတ်လပ်နေတယ်ဆို မဟုတ်ကြောင်းနဲ့ လူမှုကွန်ရက်ပေါ်မှာ သတင်းတု၊​ သတင်းမှားတွေ ထွက်ပေါ်နေကြောင်း ထုတ်ပြန်ထားပါတယ်။​

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG