သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွိုင်ကော်မှာ တိုက်ပွဲ ပြင်းထန်နေဆဲ


ကယားပြည်နယ် လွိုင်ကော်မြို့ကို တိုက်ခိုက်စဉ်အတွင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ဝင်များ (KNDF) ကို တွေ့ရစဉ် (နိုဝင်ဘာ ၁၄၊ ၂၀၂၃)
ကယားပြည်နယ် လွိုင်ကော်မြို့ကို တိုက်ခိုက်စဉ်အတွင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ဝင်များ (KNDF) ကို တွေ့ရစဉ် (နိုဝင်ဘာ ၁၄၊ ၂၀၂၃)

တစ်လေးလုံး စစ်ဆင်ရေး စတင်ကတည်းက တိုက်ပွဲပြင်းထန်နေတဲ့ ကရင်နီပြည်နယ် လွိုင်ကော်မြို့ ပေါ်မှာ အခုချိန်ထိ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။ မြို့ရဲ့ နေရာ အတော်များများမှာ တော်လှန်ရေး တပ်ပေါင်းစုတွေဘက်က ထိန်းချုပ်ထားနိုင်ပြီးလို့ ကရင်နီ ကာကွယ်ရေး တပ်ဖွဲ့ KNDF က ဗွီအိုအေကို ပြောပါတယ်။ စစ်ပြေးဒုက္ခသည်တွေဟာ ဆီဆိုင်မြို့နယ်ဘက်ကို ဆက်လက် ဝင်ရောက်နေဆဲ ဖြစ်ပြီး အခုဆို ဒုက္ခသည် သုံးသောင်းနီးပါး တိုးလာနေတာပါ။ ကရင်နီဒေသ နောက်ဆုံးအခြေနေ သတင်းပေးပို့ချက်ကို အခြေခံပြီး အလိမ္မာက တင်ပြထားပါတယ်။

နိုဝင်ဘာ ၁၁ ရက် တစ်လေးလုံး စစ်ဆင်ရေး စတင်ကတည်းက စစ်ကောင်စီတပ်နဲ့ ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတွေ အကြား လွိုင်ကော်မြို့မှာ နှစ်ဖက်တိုက်ပွဲပြင်းထန်နေတာ အခုဆိုရင် သီတင်း ၅ ပတ် ကျော် သွားပြီဖြစ်ပါတယ်။ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ရဲ့ ဗဟိုပြန်ကြားရေးတာဝန်ခံ သာအယ်စိုးက လွိုင်ကော်မြို့ရဲ့ စစ်ရေးအခြေအနေ အသေးစိတ်ကို ပြောဆိုတာမရှိပေမယ့် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး မြို့ရဲ့ နေရာ အတော်များများမှာ တော်လှန်ရေးတပ်ပေါင်းစု တွေဘက်က ထိန်းချုပ်ထားနိုင်ပြီးလို့ တနင်္လာနေ့မှာ ဗွီအိုအေကို ပြောထားပါတယ်။

“လွိုင်ကော်မြို့မှာတော့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။ ကျနော်တို့ စစ်ဆင်ရေးတွေလည်း ဆက်လက်လုပ်ဆောင်နေပါတယ်။ လွိုင်ကော်မြို့အတွင်းမှာပေါ့နော် စစ်ဆင်ရေးတွေ ဆက်ပြီးတော့ လုပ်နေတယ်။ လွိုင်ကော်မြို့ရဲ့ အစိတ်အပိုင်း တော်တော်များများကို တော်လှန်ရေးတပ်ဖွဲ့တွေ ဒါဝင်ရောက်ထိန်းချုပ်တယ်လို့ပဲ ပြောရမလား ဒီတိုက်ခိုက်ပြီးတော့ နေရာယူထားနိုင်တယ်ပေါ့နော်။”

ဒီဇင်ဘာ ၁၆ ရက် စနေနေ့တုန်းက လွိုင်ကော်အကျဉ်းထောင်မှာ တနေ့ကုန်နီးပါး တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပြီး နှစ်ဖက် အကျအဆုံးလည်း ရှိနေပါတယ်။ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ၁၁၀၆ တပ်ရင်းမှူးတဦး ကျဆုံးသွားသလို ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်က ရဲဘော်တဦး ကျဆုံး၊ ၃ဦး ထိခိုက်ဒဏ်ရာရရှိတယ်လို့ ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် ဗဟိုပြန်ကြားရေး တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။

“ထောင်ကိုတော့ မသိမ်းနိုင်ဘူး။ ပထမ နှစ်ထပ် သုံးထပ် ကာထားတာရှိတယ်လေ၊ ဒီအုတ်တံတိုင်းတွေနဲ့ အဲ့ဒီကွန်ကရစ်တုံး တွေနဲ့ပေါ့။ (တော်လှန်ရေးတပ်ပေါင်းစုဘက်က) တစ်ထပ် နှစ်ထပ်လောက်ပဲ ဝင်နိုင်တယ်လို့ ပြောတယ်၊ ကျနော်တို့ မနက် ၆နာရီ ကနေ ညနေ ၅နာရီ ၆နာရီလောက်မှ ပြီးသွားတယ် ပေါ့နော်။ အဲ့မှာ မသိမ်းနိုင်တော့ ပြန်ဆုတ်သွားတာပေါ့၊ စစ်ကြောင်းလည်း အများကြီးလာပေါ့နော် သူတို့ဘက်က စစ်ကူတွေ အများကြီးလာလို့ ကျနော်တို့ ရဲဘော်တွေ ပြန်ဆုတ်လာတယ်ပေါ့နော်။ ဟုတ်ကဲ့ ကျသွားတာတော့ အဲ့ဒီ အလယ်ပိုင်းတိုင်းပေါ့နော်၊ အလယ်ပိုင်းတိုင်း PDF ပေါ့ ၁၁၀၆ တပ်ရင်းက ဒုရင်းမှူး ကျသွားတာပေါ့နော်၊ ကျနော်တို့ PDF ဖက်က တစ်ယောက်ကျတယ်ဗျ၊ နှစ်ယောက် သုံးယောက်တော့ ဒဏ်ရာရထားတာရှိတယ်။”

ကယားပြည်နယ် လွိုင်ကော်မြို့ကို တိုက်ခိုက်စဉ်အတွင်း သိမ်းဆည်ရမိတဲ့ လက်နက်များနဲ့အတူ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ဝင်တဦး (KNDF) ကို တွေ့ရစဉ် (နိုဝင်ဘာ ၁၄၊ ၂၀၂၃)
ကယားပြည်နယ် လွိုင်ကော်မြို့ကို တိုက်ခိုက်စဉ်အတွင်း သိမ်းဆည်ရမိတဲ့ လက်နက်များနဲ့အတူ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ဝင်တဦး (KNDF) ကို တွေ့ရစဉ် (နိုဝင်ဘာ ၁၄၊ ၂၀၂၃)

လွိုင်ကော် တိုက်ပွဲ အခြေနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းတစုံတရာ ထုတ်ပြန်တာ မရှိသေးပါဘူး။ စစ်ကောင်စီဘက်က ပေါက်အားပြင်းတဲ့ ပေါင် ၅၀၀ ဗုံးတွေ စစ်ရဟတ်ယာဉ်တွေ အသုံးပြုပြီး နေ့စဉ်ဆိုသလို ပစ်ခတ်တိုက်ခိုက်နေတဲ့ အတွက် မနေရဲတော့ပဲ မြို့ကိုစွန့်ခွာပြီး နီးစပ်ရာကို တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လွိုင်ကော်ကနေ ဆီဆိုင်မြို့နယ်ဘက်ကို စစ်ပြေးရှောင်တွေ ဝင်လာနေဆဲ ဖြစ်တယ်လို့ စစ်ရှောင်အရေး အကူညီပေးသူတဦးက ဗွီအိုအေကို ခုလို ပြောပါတယ်။

“အခုလာတဲ့ လူက များသောအားဖြင့် လွိုင်ကော်မှာ ကျန်ခဲ့တဲ့လူပေါ့၊ နေလို့ရတယ်ဆိုပြီး တောက်လျှောက် နေနေတဲ့ လူတွေပေါ့လေ။ အခုတကယ် လုံးဝ နေလို့မရတော့ ပြန်ထွက်လာတဲ့ လူတွေ။ စစ်ရှောင်ပြောတာတော့ ပေါင် ၅၀၀ ဗုံးနဲ့ လာလာချတယ်လို့ ပြောတယ်။ တိုက်ပွဲပြင်းထန်တယ်။ ကြားနေရတာပဲ ဆီဆိုင်ကနေ ကောင်းကောင်းကြားရတယ်။ ဒီမနက် စောစောလည်း ကြားသေးတယ်နော်။ မနက်စောစော တစ်ခါ ကြားသေးတယ်။ နောက်ပြီးတော့ လောပိတဖက်မှာ အဲ့မှာ ပြန်ဖြစ်တော့ လောပိတဘက်က ဒီဘက်ပြန်ရွှေ့ပေါ့။ တချို့ကတော့ ဖရူဆိုဖက်ကနေ ပြန်ရွှေ့လာလည်း ရှိတယ်။ ဖားဆောင်းတို့ ဖရူဆိုတို့ ဒီဖက် ပြန်ရောက်လာ ကြတယ်။”

ဆီဆိုမြို့နယ်မှာ တနေ့တခြား စစ်ပြေးဒုက္ခသည် အရေအတွက် ပိုများလာနေတာ ဖြစ်ပါတယ်။ အရင်ကတည်းက ထွက်ပြေး ခိုလှုံနေတဲ့ သူတွေရော အခုအသစ်ရောက်လာ နေသူတွေ နဲ့ပါဆိုရင် ခန့်မှန်းချေအားဖြင့် လူဦးရေ သုံးသောင်းလောက် ရှိသွားပြီလို့ ဆိုပါတယ်။ နေရာထိုင်ခင်းတွေမှာ စစ်ဘေးရှောင်တွေ ပြည့်ကြပ်နေတာကြောင့် တချို့သူတွေဟာ မြေကြီးပေါ်မှာ အိပ်စက်နေရတာဖြစ်ပြီး အအေးဒဏ်ကြောင့် ရေရှည် ကျန်းမာရေး ထိခိုက်မှာ စိုးရတယ်လို့ အကူညီပေးနေသူက ပြောပါတယ်။

“တချို့ ယာယီတဲလေး မိုးကာလေးလုပ်တော့ အဲ့ဒါ ရေရှည်သူတို့အတွက် တချို့မြေပေါ်မှာ အိပ်တဲ့လူ အိပ်ရတာ ရှိတယ်၊ ရေရှည်ကျတော့ ကျန်းမာရေး အဆင်မပြေဘူးလေ အဲ့ဒါတစ်ခုရှိတယ်။ နောက်ပြီးတော့ စားနပ်ရိက္ခာ ပေါ့၊ စားနပ်ရိက္ခာတော့ အမြန်ရေးတုန့်ပြန်ပေးဖို့ နိုင်ငံတကာ အလှူရှင်လိုအပ်တယ်ဗျ။ မဟုတ်ရင် ဒီမှာ လူတအား များတော့လေ တချို့ ကျနော်တို့ မပေးနိုင်တဲ့ဟာ တော်တော်များများရှိတယ်။ ရေရှည်ဆိုရင်တော့ ခက်ခဲမယ့် အနေအထား ရှိတယ်ပေါ့လေနော်။”

လွိုင်ကော်အပါအဝင် စစ်ရေးပြင်းထန်တဲ့ဒေသတွေမှာ စစ်ကောင်စီဘက်က ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်ထားပြီး သတင်းအမှောင် ချထားတာ ခံနေရတယ်လို့ ဒေသခံတွေ ပြောဆိုပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG