သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွိုင်ကော်တိုက်ပွဲ အရပ်သားသေဆုံးမှု ၈၀ နီးပါးရှိလာ


ကယားပြည်နယ် လွိုင်ကော်မြို့ကို တိုက်ခိုက်စဉ်အတွင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ဝင်တဦး (KNDF) ကို တွေ့ရစဉ် (နိုဝင်ဘာ ၁၄၊ ၂၀၂၃)
ကယားပြည်နယ် လွိုင်ကော်မြို့ကို တိုက်ခိုက်စဉ်အတွင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ဝင်တဦး (KNDF) ကို တွေ့ရစဉ် (နိုဝင်ဘာ ၁၄၊ ၂၀၂၃)

ကရင်နီဒေသ ‘တစ်လေးလုံး’ စစ်ဆင်ရေး ရက် ၄၀ ကျော်လာပြီး ကရင်နီဒေသခံတပ်ပေါင်းစုတွေဟာ လွိုင်ကော်မြို့ကို ဝန်းရံပိတ်ဆို့ထားဆဲဖြစ်ပါတယ်။ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ လေကြောင်းတိုက်ခိုက်တာတွေကြောင့် အရပ်သားသေဆုံးမှု အယောက် ၈၀ နီးပါးရှိပြီလို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။ ဒီသတင်းပေးပို့ချက်ကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

နိုဝင်ဘာလ ၁၁ ရက် တစ်လေးလုံး စစ်ဆင်ရေးတိုက်ပွဲဟာ အခုဆိုရင် ရက် ၄၀ ကျော်သွားပြီ ဖြစ်ပြီး လွိုင်ကော်မြို့ရဲ့နေရာအများအပြားကို ထိန်းချုပ်ထားနိုင်ပြီလို့ ကရင်နီတပ်ပေါင်းစုတွေက ပြောပါတယ်။ အခုချိန်ထိတော့ လွိုင်ကော်မြို့တွင်းတိုက်ပွဲတွေ ဆက်ရှိနေတယ်လို့ ကရင်နီလူ့အခွင့်အရေး အဖွဲ့ တည်ထောင်သူ ကိုဗညားက ဗွီအိုအေကို ပြောပါတယ်။

“မြို့ရဲ့သုံးပုံနှစ်ပုံကိုတော့ ကျနော်တို့ ဝင်ထွက်သွားလာ ထိန်းချုပ်မှုရှိပြီလို့တော့ ခန့်မှန်းကြတာပေါ့။ တချို့လည်း KNDF ဘက်က၊ တချို့ KA ဘက်က အဲ့လိုမျိုးအသံတွေတော့ ကြားနေရတာပေါ့နော်။ အခြားတဘက်မှာက တိုက်ပွဲကတော့ ဆက်တိုက် ရက်တိုင်းလိုလို ရှိတာပေါ့နော်။ အပြင်းအထန်ဖြစ်တဲ့ ရက်တွေနဲ့ ပုံမှန်နည်းနည်းပါးပါး ပစ်ခတ်တဲ့ရက်တွေ ရှိနေပါတယ်။ ဒီကရင်နီတပ်ပေါင်းစုတွေကတော့ မြို့ကိုဆက်ပြီးတော့ ဝိုင်းရံပိတ်ဆို့ပြီးတော့မှ တိုက်ခိုက်နေတာကတော့ ဆက်လက် လုပ်နေတာရှိတာပေါ့နော်။”

လွိုင်ကော်မြို့ရဲ့ သုံးပုံနှစ်ပုံလောက်ကို ကရင်နီတပ်ပေါင်းစုတွေဘက်က ထိန်းချုပ်ထားနိုင်ပြီလို့ ဒေသခံတွေက ပြောဆိုနေကြပေမယ့် ကရင်နီတပ်ပေါင်းစုတွေဘက်ကတော့ အသေးစိတ် ထုတ်ပြန်တာမရှိသေးပါဘူး။ ဒါပေမယ့် လွိုင်ကော်မြို့ရဲ့နေရာ အတော်များများမှာ တော်လှန်ရေးအင်အားစုဘက်က ထိန်းချုပ်ထားနိုင်ပြီလို့ KNDF ရဲ့ ဗဟိုပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက ဗွီအိုအေကို ပြောထားပါတယ်။ လတ်တလော လွိုင်ကော်တိုက်ပွဲနဲ့ ပတ်သက်လို့တော့ စစ်ကောင်စီဘက်က သတင်းတစုံတရာ ထုတ်ပြန်တာ မရှိသေး ပါဘူး။

စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အခုချိန်ထိ အရပ်သား သေဆုံးသူ ၈၀ ထက်မနည်း ရှိသွားပြီလို့ ကိုဗညားက ဗွီအိုအေကို ပြောပါတယ်။

“ကရင်နီ လူ့အခွင့်အရေးအဖွဲ့ရဲ့မှတ်တမ်းအရက တစ်လေးလုံး နောက်ပိုင်း အထူးသဖြင့် နိုဝင်ဘာနောက်ပိုင်းမှာ ကျနော်တို့ လူအယောက် ၇၀ သေဆုံးသွားတာပေါ့နော်။ အဲ့ဒါ ကိုယ်တို့ မှတ်တမ်းအလိုက်လည်း တင်ထားတာရှိတယ်ပေ့ါနော်။ ဒါပေမယ့် ဒီ ဒီဇင်လ ထဲမှာလည်း ပျမ်းမျှအားဖြင့်ပေါ့နော် ကျနော်တို့မှတ်မိသလောက် လိုက်မီသလောက်ဆိုရင် အနည်းဆုံး ၁၀ ဦး နီးပါးပေါ့နော်၊ လက်နက်ကြီး ထိမှန်သေဆုံးတာတွေ၊ ပစ်ခတ်ခြင်းခံရလို့ သေဆုံးတာတွေရော ကျနော်တို့ ကြားသိနေရတာပေါ့နော်။ မှတ်တမ်းကတော့ ပြန်မချုပ်နိုင်သေးဘူးပေါ့နော်၊ လမကုန်သေးတဲ့အတွက်ကြောင့်မို့ပေါ့။ ချုပ်လိုက်ရင်တော့ သေချာတာတခုက ဒီတစ်လေးလုံး နောက်ပိုင်းမှာ လူအနည်းဆုံး အရပ်သားနည်းဆုံး ၈၀ ဝန်းကျင်ထက်မနည်း သေဆုံးသွားပြီလို့ ပြောလို့ရပါတယ်။”

စစ်ကောင်စီတပ်တွေရှိတဲ့ အနီးတဝိုက် တချို့အရပ်သားတွေ ဖြတ်သန်း သွားလာမိလို့ ပစ်သတ်ခံရတာ ရှိနေပါတယ်။ သေဆုံးသွားသူရဲ့အလောင်းတွေကိုတော့ မကောက်နိုင်သေးဘူးလို့ ပြောပါတယ်။

ယခင်က စည်းကားလှတဲ့ လွိုင်ကော်မြို့ဟာ အခုဆိုရင် မြို့ပျက်သဖွယ် လူသူမရှိ ခြောက်ကပ်ကပ် ဖြစ်နေပါပြီ။ အသက်အန္တရာယ် လုံခြုံမှုမရှိဘဲ ကြောက်လန့်နေရတာကြောင့် ဆီဆိုင်မြို့နယ်ဘက်ကို တိမ်းရှောင်လာတာလို့ လွိုင်ကော်မြို့ခံ စစ်ရှောင်အမျိုးသမီးတဦးက ဗွီအိုအေကို ခုလို ပြောပါတယ်။

“အခုဆို လူတွေကလည်း မနေကြတော့ လူတွေကလည်း မရှိတော့၊ လမ်းပေါ်မှာဆိုရင် ကားအသံတွေ၊ ဆိုင်ကယ်အသံတွေလည်း မကြားရတော့ဘူး။ ဟိုနားဆိုလည်း ထုသံကြား၊ ဒီနားဆိုလည်း ထုသံကြား၊ အဲ့လို ကြားနေရတော့ ခဏနေ ဟိုနား မီးရှို့လိုက်၊ ဒီနားမီးလောင်လိုက် အဲ့လိုတွေ ကြားနေရတော့ ကြောက်တာနဲ့ပဲ ဒီဘက်ကို ထွက်လာလိုက်တာလေ။”

နိုဝင်ဘာ ၁၁ ရက် တစ်လေးလုံး စစ်ဆင်ရေးတိုက်ပွဲ ပြင်းထန်ပြီးတဲ့နောက် လွိုင်ကော်မြို့ဝန်းကျင် တောင်ပေါ် ဘုရားကျောင်း တခုမှာ သူတို့ ပုန်းခိုနေကြတာဖြစ်ပြီး နေ့စဉ်ဆိုသလို နှစ်ဘက်တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ စစ်ရှောင်ဒုက္ခသည်က ပြောပါတယ်။

“မနေရဲတော့လို့လေ၊ ကြောက်လို့လေ။ အဲ့မှာက တအား ပစ်နေတာဆိုတော့လေ- ကြောက်တဲ့အခါကျတော့ ထွက်လာလိုက်တာလေ။ ကိုယ့်အနားအနီးချင်းတွေလည်း လူမရှိတော့ဘူးလို့၊ အကုန်လုံးပြေးကုန်ပြီ ဆိုတော့ ကိုယ်ကတဦးပဲ ကျန်တယ်ဆိုတော့ အဲ့ဒါလိုက်ထွက်လာလိုက်တာလေ။ ညပိုင်းတော့ လေယာဉ်တော့ လာကြဲတာပေါ့၊ နေ့ခင်းပိုင်းတော့ မကြဲဘူး၊ ညဆို လာကြဲပြီ။ လေယာဉ် နှစ်စီးလောက် လာပြီး အဲ့လိုကြဲတာပေါ့။ ကြဲတော့ ကြောက်တယ်လေ၊ မနေရဲတော့တဲ့အခါကျ ဒီဘက်ကို ထွက်လာလိုက်တာ။”

ဒီဇင်ဘာ ၁၀ ရက်နေ့က လွိုင်ကော်မြို့ သီရိမင်္ဂလာဈေး ဒေသအခေါ် တောင်ဈေးမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဆိုင်ခန်းပေါင်း ရာကျော် မီးလောင်ပြာကျခဲ့တာပါ။ ဒါကြောင့် လွိုင်ကော်မြို့ဝန်းကျင်မှာ ဆက်မနေရဲတော့ဘဲ ဒီဇင်ဘာလ ၁၂ ရက်နေ့လောက်မှာ ဘေးကင်းလုံခြုံတဲ့ ဆီဆိုင်မြို့နယ်ဘက်ကို ထွက်ပြေးလာကြတာလို့ စစ်ရှောင်တွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG