သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွိုင်ကော်မြို့မှာ တိုက်ပွဲတွေ ပြင်းထန်ဆဲ


ကရင်နီဒေသ တိုက်ပွဲအတွင်း ပစ်ချခံရတဲ့ စစ်ကောင်စီ တိုက်လေယာဥ် (Photo: KNDF)
ကရင်နီဒေသ တိုက်ပွဲအတွင်း ပစ်ချခံရတဲ့ စစ်ကောင်စီ တိုက်လေယာဥ် (Photo: KNDF)

ကယားပြည်နယ်မြို့တော် လွိုင်ကော်မှာ ကရင်နီတပ်ပေါင်းစုတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေအကြား နှစ်ဘက်တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေဆဲပါ။ ပြင်းထန်တဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် သောင်းနဲ့ချီတဲ့ လွိုင်ကော်မြို့ခံတွေ မြို့ကို စွန့်ခွာ ထွက်သွားနေကြသလို တိုက်ပွဲကြားမှာ ပိတ်မိနေသူလည်း ကျန်နေပါသေးတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကိုတော့ မမြသဇင်အောင်က တင်ပြပေးမှာပါ။

ဒီကနေ့ နိုဝင်ဘာလ ၂၀ ရက်၊ တစ်လေးလုံး (၁၁၁၁) စစ်ဆင်ရေး ၁၀ ရက်မြောက်နေ့ လွိုင်ကော်မြို့မှာ နှစ်ဘက်တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားနေတယ်လို့ မြို့ခံတွေကရော ကရင်နီတပ်ပေါင်းစု အဖွဲ့တွေကပါ ဗွီအိုအေကို ပြောပါတယ်။ တော်လှန်ရေး အင်အားစုတွေဘက်က မြို့ကို သိမ်းပိုက်နိုင်ဖို့ ကြိုးစားနေတာ ဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း လေယာဉ်တွေ အသုံးပြုပြီး ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်နေတာပါ။

လွိုင်ကော်မြို့မှာ စစ်ရှောင်အရေး အကူညီနေတဲ့ သံဃာတပါးကတော့ ဒီနေ့ လွိုင်ကော်မြို့ က မီးသတ်ဦးစီးဌာန တဝိုက်မှာ တိုက်ပွဲတွေ ဖြစ်ပွါးနေပြီး မြေပြင်မှာ သေနတ်ငယ်နဲ့ ပစ်ခတ်တဲ့ အသံထွက်လာတဲ့ နေရာတိုင်းကို စစ်ကောင်စီရဲ့ စစ်လေယာဉ်တွေ ချက်ချင်းဆိုသလို လာရောက်ပြီး ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ပြောပါတယ်။

“အခုကတော့ ဦးဇင်းတို့ကျောင်း အနောက်ဘက် မီးသတ်ကုန်းမှာ ပစ်နေတာ။ လေယာဉ်လာရင် ခဏနားပြီးရင် ပြန်ထွက်ပစ်ပေါ့။ နေ့တိုင်း ညတိုင်း နှစ်ဖက်တိုက်ပွဲဖြစ်၊ လက်နက်ကြီးတွေထု၊ လေယာဉ်လာရင် သူတို့ခဏနား။ ပြီးရင် ပြန်ထု အဲ့မျိုးတွေ အခုပစ်နေတယ်။ တိုက်ပွဲသံ သေနတ်သံ နည်းနည်းကြားတာနဲ့ တိုက်လေယာဉ်က ချက်ချင်း သိပ်မကြာဘူး ဗုံးတွေ ဘာတွေ ပစ်ထုချတာ အဲ့လို။ ”

စစ်ကောင်စီတပ်တွေ စစ်မြေပြင်မှာ ကျဆုံးနေတာမို့ ဝေဟင်ကနေ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေတာ ဖြစ်ပြီး ၁၁၁၁ စစ်ဆင်ရေး ၁၀ ရက်မြောက်နေ့ ဒီနေ့အထိ လေကြောင်းအသုံးပြုပြီး နေ့စဉ် တိုက်ခိုက်နေတာလို့ မြို့ခံတွေက ပြောပါတယ်။ အခုလည်း စစ်ကောင်စီဘက်က လေယာဉ် တစင်းပြီး တစင်း လာရောက် ပစ်ခတ်နေတယ်လို့ ကိုယ်တိုင်ကြုံနေရတဲ့ လွိုင်ကော်ဒေသခံတဦးက ဗွီအိုအေကို ပြောပါတယ်။

“မနေ့ကတော့ လေယာဉ်က မပြတ်ဘူး ။ သူက ၁၅ မိနစ်တောင် မခြားဘူး ထင်တယ်။ တစ်စီး ပြန်တစ်စီးလာ၊ တစ်စီးပြန် တစ်စီးလာ အဲ့လို့လား မသိပါဘူး။ လေယာဉ်ရှိတော့ လေယာဉ်နဲ့ပဲ ကြဲနေတာလေ။ ခြေလျင်က သူတို့ မတက်နိုင်ဘူး ပြောမယ်ဆိုရင်၊ သူက ခြေလျင်ရှေ့တပ် အင်အားနည်းနေတယ်ထင်တယ်၊ လေယာဉ်ပဲ အသုံးပြုနေတာ။ သူတို့က ရှေ့တက်လည်း သူ့လူက တက်တာမှ မလောက်ရော။ ခုပဲ လေယာဉ်ဝဲ နေတယ်၊ ကျနော် (ဖုန်း)ချလိုက်တော့မယ်နော်။”

ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်(KNDF) ဗဟိုပြန်ကြားရေး တာဝန်ရှိသူ တာအယ်စိုးက ၁၁၁၁ စစ်ဆင်ရေး တိုက်ပွဲနဲ့ ပတ်သက်ပြီး အသေးစိတ်ပြောဆိုတာ မရှိပေမဲ့ ဒီနေ့အထိ လွိုင်ကော်မြို့မှာ တိုက်ပွဲဆက်ဖြစ်နေတဲ့အကြောင်း ပြောပါတယ်။ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွါထွက်ပြေးကြသူ သောင်းနဲ့ချီရှိနေပြီး မြို့ခံအများစုက ဘေးလွတ်ရာကို တိမ်းရှောင်နိုင်ပေမယ့် ရပ်ကွက်တချို့မှာ စစ်ကောင်စီက လမ်းကြောင်းတွေ ပိတ်ထားတာမို့ ထွက်မရပဲ တိုက်ပွဲကြားမှာ ပိတ်မိနေသူတွေ ကျန်နေသေးတယ်လို့ ပြော ပါတယ်။

“တိုက်ပွဲကတော့ လွိုင်ကော်မြို့ထဲမှာ ဆက်ပြီးတော့ ဖြစ်နေတုန်းပါပဲ။ ကျနော်တို့ စစ်ဆင်ရေးကတော့ ဆက်လုပ်နေတုန်းပဲပေါ့နော်။ လေယာဉ်တွေ လက်နက်ကြီးတွေကတော့ အဆင်မတန် ပေ့ါနော်။ ဗုံးကြဲတိုက်ခိုက်တာတွေ အမြဲတမ်းလုပ်နေတယ်ပေါ့နော်။ ဆိုတော့ မြို့နေပြည်သူတွေကတော့ များသောအားဖြင့် ရှောင်သွားပြီပေါ့နော်။ တချို့ပိတ်မိနေတဲ့ ပြည်သူတွေ တချို့လောက်ပဲ ကျန်တယ်ပေါ့နော်။ စစ်ကောင်စီဘက်ကနေ ပိတ်ထားပြီးတော့ ထွက်လို့မရတဲ့ ရပ်ကွက်တချို့လောက်ပဲ ကျန်တယ်ပေါ့နော်။ တော်တော်များများကတော့ အကုန်လုံး ပြည်သူတွေ ကတော့ ထွက်သွားပါပြီ။ စစ်ကောင်စီကလည်း ဒါအပြင်းအထန် နေ့ကုန်ရမ်းကုန် ဗုံးကြဲ တိုက်ခိုက်တာတွေ လုပ်နေတယ်။”

ဒီနေ့တိုက်ပွဲနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ဒီနေ့ညနေ ၃နာရီအထိ တစုံတရာ ထုတ်ပြန်တာ မရှိသေးပေမဲ့ မနေ့က လွိုင်ကော်အနီးတဝိုက်မှာ နှစ်ဘက်တိုက်ပွဲဖြစ်ခဲ့တယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းထုတ်ပြန်ထားပါတယ်။

“ကယားပြည်နယ်မှာတော့ လွိုင်ကော်အနီးတဝိုက်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာရှိပါတယ်။”

ယခု လွိုင်ကော်မြို့မှာ ဖြစ်ပွားနေတဲ့ ၁၁၁၁ စစ်ဆင်ရေးဟာ အရင်က တိုက်ပွဲတွေထက် ပိုမိုပြင်းထန် နေပြီး အရပ်သား ထိခိုက်သေဆုံးမှုလည်း များလာနေပါတယ်။ နိုဝင်ဘာလ ၁၉ ရက် မနေ့က မနက်ပိုင်း လောက်မှာ လွိုင်ကော်မြို့လယ်မှာရှိတဲ့ ဥတ္တရာရုံ ကျောင်းတိုက်မှာ လက်နက်ကြီးကျည် ဒါမှမဟုတ် ရှော့တိုက်ဒုံး လို လူသေစေနိုင်တဲ့ လက်နက်ကျည်တခု ကျောင်းဆောင်မှာ ကျရောက် ပေါက်ကွဲခဲ့တဲ့ အတွက် အသက် ၁၈ နှစ်- ၁၉ နှစ်အရွယ် ကိုရင် ၂ပါး သေဆုံးခဲ့ရတယ် လို့ ဦးဇင်းက ပြောပါတယ်။

“ကိုရင်နှစ်ပါးနဲ့ ခွေးတကောင်နဲ့ ကျောင်းကြီး အနောက်ဘက် အကာတွေ အကုန်လုံး ပြုတ်ထွက်သွားတာ။ အဲ့လက်နက်ကျတဲ့ အချိန်မှာ ကိုရင်တွေက ခွေးနဲ့ ဆော့ပြီးတော့ တပါးက ထိုင်ကပြီး တပါးက ဆော့နေတာ၊ အဲ့အချိန်မှာ သူတို့ရှေ့မှာ ကျတယ်။”

ကရင်နီလူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ထားတဲ့ စာရင်းအရဆိုရင်တော့ နိုဝင်ဘာ ၁၈ နေ့အထိ ကရင်နီဒေသတွင်း တစ်လေးလုံးစစ်ဆင်ရေး နောက်ပိုင်း အရပ်သား ၅၀ ထက်မနည်း ထိခိုက် သေဆုံးမှု ရှိနေတာပါ။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG