သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ပွဲတွေဆက်ဖြစ်နေတဲ့ လွိုင်ကော်မှာ ဒေသခံတွေ နေရပ်ပြန်ဖို့ အခက်ကြုံ 


ကယားပြည်နယ် လွိုင်ကော်မြို့ကို တိုက်ခိုက်စဉ်အတွင်း ထွက်ပြေးတိမ်းရှောင်နေကြတဲ့ မြို့ခံများနှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ဝင်တဦး (KNDF) ကို တွေ့ရစဉ် (နိုဝင်ဘာ ၁၄၊ ၂၀၂၃)
ကယားပြည်နယ် လွိုင်ကော်မြို့ကို တိုက်ခိုက်စဉ်အတွင်း ထွက်ပြေးတိမ်းရှောင်နေကြတဲ့ မြို့ခံများနှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ဝင်တဦး (KNDF) ကို တွေ့ရစဉ် (နိုဝင်ဘာ ၁၄၊ ၂၀၂၃)

ကရင်နီပြည်နယ်မှာ တစ်လေးလုံး စစ်ဆင်ရေး စတင်ကတည်းက တိုက်ပွဲပြင်းထန်ခဲ့တဲ့ လွိုင်ကော်မြို့မှာ ဒီဇင်ဘာ ၂၆ ရက် ဒီကနေ့အထိလည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲပါ။ လွိုင်ကော်မြို့တွင်း ကရင်နီတော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ ရပ်ကွက်တွေမှာ စစ်ရှောင်တချို့ နေရပ်ပြန်ပြီး လိုအပ်တဲ့ပစ္စည်း ပြန်ယူတာမျိုး ရှိနေပေမဲ့ဲ့မကြာသေးခင်ကပဲ လက်နက်ကြီးကျည်ကြောင့် ထိခိုက် ဒဏ်ရာရမှုတွေ ကြုံလာတဲ့နောက် ကာကွယ်ရေးတပ်တွေက အဝင်အထွက်မလုပ်ဖို့ တားမြစ်လိုက်ပါတယ်။ လွိုင်ကော်မြို့ နောက်ဆုံးအခြေအနေ သတင်းပေးပို့ချက်ကို အခြေခံပြီး မဆုမွန်က ပြောပြပေးမှာပါ။

တစ်လေးလုံး စစ်ဆင်ရေး စတင်ကတည်းကနေ ဒီဇင်ဘာ ၂၆ ရက် ဒီကနေ့အထိ တိုက်ပွဲပြင်းထန်ခဲ့တဲ့ လွိုင်ကော်မြို့မှာ စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပြီး ဒေါဥခူရပ်ကွက် အကျဉ်းထောင်အနားတဝိုက်နဲ့ နောင်ယားရပ်ကွက် တွေ ဘက်မှာ ဒီကနေ့မနက်အစောပိုင်း ကတည်းက နှစ်ဘက်ထိတွေ့မှု ဖြစ်နေတယ်လို့ ဒီမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်က ဗွီအိုအေကို ပြောပါတယ်။

“ဒီမနက်ကတော့ ထိတွေ့မှုဖြစ်တယ်။ သူတို့ mission တွေ ဘာတွေတော့ မနက်အစောကြီး ထွက်လုပ်တယ် ပေါ့နော်။ လောလောဆယ်တော့ အခုချိန်ထိ ကတော့ အဲဒီ အချက်အလက် တွေကတော့ ကျနော်တို့ မရသေးလို့လေနော်။ သူတို့ ဒီနေ့ဆိုရင် နေရာက ၂ နေရာ ၃ နေရာ လောက်တော့ ရှိတာပေါ့နော်။ ၂ နေရာ ၃ နေရာလောက်ဆိုတာ အဓိကတော့ ဒေါဥခူ ထောင်နား တဝိုက်ပေါ့နော်၊ နောက်ပြီးတော့ အထက (၂) ကျောင်း၊ အဲ့ နောင်ယားတကျော ပေါ့နော် အဲ့မှာတော့ လုပ်နေတာ ပေါ့နော်၊ ဒီနေ့ကတော့ အနည်းဆုံး ၃ နေရာ ၄ နေရာ လောက်တော့ လုပ်နေတာ ပေါ့နော်။”

ဒီကနေ့ နေ့ခင်းပိုင်း အထိ တိုက်ပွဲအခြေအနေ အသေးစိတ် ကိုတော့ သိရသေးဘူးလို့ ဆိုပါတယ်။ စစ်ကောင်စီ ဘက်က လည်း လတ်တလော လွိုင်ကော်တိုက်ပွဲ အခြေအနေနဲ့ ပတ်သက်လို့ တစုံတရာ ထုတ်ပြန်တာ မရှိသေးပါဘူး။

အခုနောက်ပိုင်းမှာ စစ်ရေး အခြေနေ အသေးစိတ်ကို တပ်ပေါင်းစုတွေ ဘက်က ထုတ်ပြန်လာတာ မရှိပေမဲ့ဲ့ပြီးခဲ့တဲ့ နိုဝင်ဘာ လထဲက စစ်ကောင်စီရဲ့ စစ်ဆေးရေး ဂိတ်နဲ့ တပ်စခန်း ၇ ခု ထက်မနည်း လက်နက်ခဲယမ်း အများအပြားနဲ့အတူ သိမ်းပိုက်နိုင်ခဲ့တဲ့ ကြောင်း KNDF ဗဟိုပြန်ကြားရေး တာဝန်ရှိသူက ဗွီအိုအေကို ပြောထားပါတယ်။

လက်ရှိမှာ လွိုင်ကော်မြို့ရဲ့ ရပ်ကွက် အတော်များများကို ကရင်နီ တော်လှန်ရေး အင်အားစုတွေက သိမ်းပိုက်ထိန်းချုပ် ထားတာ ဖြစ်ပါတယ်။ ဒီလိုထိန်းချုပ်ထားတဲ့ နေရာတွေမှာ မြို့ခံတချို့က နေရပ်ပြန်လာပြီး လိုအပ်တဲ့ ပစ္စည်းတွေ လာပြီး ပြန်ယူတာမျိုးရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုပြန်ဝင်လာတဲ့ သူတွေထဲမှာ အခုရက်ပိုင်းအတွင်း စစ်ကောင်စီက ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကြောင့် ထိခိုက်ဒဏ်ရာ ရတာမျိုး ကြုံလာခဲ့ရတဲ့ နောက်မှာတော့ သူတို့ကို အဝင်အထွက် လုပ်ခွင့် မပြု တော့ဘူးလို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ (IEC) ရဲ့ အတွင်းရေးမှူး (၂) ကိုဗညားက ဗွီအိုအေကို ပြောပါတယ်။

“တချို့ရွာသားတွေက ပြန်ပြီးတော့မှ နေအိမ်ရပ်ကွက်ထဲမှာ ပြန်ဝင်လာပြီးတော့ ပစ္စည်းတွေ ပြန်ယူကြတာ ရှိတာပေ့ါနော်။ ဒီဖက်ခြမ်း ဝင်နေတာ ကြာပါပြီး ဥပမာဖြင့်ဆို ဒီဖက် ဒီနာနတ်တောတို့ ကျနော်တို့ ဒေါဥခူတို့ မင်္ဂလာတို့နော် ဒီမိုင်လုံ တချို့နေရာဆို ကျနော်တို့ လူတွေအများကြီး အဝင်အထွက် လုပ်တာရှိတယ်ပေါ့နော်။ ဒါပေမယ့် ဒီရက်ပိုင်းက နည်းနည်းလေး ပြသနာတော့ ရှိတယ်။ ဥပမာဖြင့် ဒီစစ်ကောင်စီကနေ လက်နက်ကြီး လှမ်းပစ်လို့ တချို့ ထိခိုက်ဒဏ်ရာ ရှိတယ်။ အဲ့တော့ အခုတလော ပေ့ါနော် အထူးသဖြင့် နည်းနည်း စစ်ဇုန်ဖြစ်တဲ့ တချို့ရပ်ကွက်ပေါ့၊ အထူးသဖြင့် မင်္ဂလာရပ်ကွက် နောက် ဒီအတွင်းပိုင်း အလယ်ပိုင်း လောက်ရှိတဲ့ တချို့ရပ်ကွက်ထဲကိုတော့ အခုက ပြန်မဖွင့်တော့ဘူး ခဏလေး ပြန်ပိတ်ထားတယ်လို့ ကျနော်တို့ သိထားရတာ ရှိတယ်ပေါ့နော်။”

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ရဲ့ ဗဟိုပြန်ကြားရေး တာဝန်ရှိသူ သာအယ်စိုးက လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုကြားမှာ အန္တရာယ်များလွန်း တာမို့ စစ်ရှောင်တွေအနေနဲ့ နေရပ်မပြန် မသင့်သေးဘူးလို့ တနင်္လာနေ့မှာ ဗွီအိုအေကို ပြောထားပါတယ်။

“လွိုင်ကော်မြို့ထဲ မှာတော့ ပြန်နေလို့တော့ မရသေးပါဘူးခင်ဗျ။ ပစ္စည်းပြန်ယူ တယ်ဆိုတာက လည်း အန္တရာယ်များတဲ့ အနေအထားမျိုး ဖြစ်ပါတယ်။ လက်နက်ကြီးတွေ လေကြောင်းတိုက်ခိုက်မှုတွေ က အချိန်မရွေး ရှိနိုင်တဲ့ အခြေအနေမျိုး ဖြစ်တဲ့အတွက် ဒါ နေရပ်ပြန်ပြီးတော့ ပစ္စည်းတွေဘာတွေ သယ်ဖို့က ပြန်သယ်ဖို့ မသင့်သေးတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်လို့ ပြောချင်ပါတယ်။”

လွိုင်ကော်အပါအဝင် စစ်ရေးပြင်းထန်တဲ့ ဒေသတွေမှာ စစ်ကောင်စီဘက်က လျှပ်စစ်မီးနဲ့ ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်ထား ပြီး သတင်းအမှောင်ချထားတာ ခံနေရတာ တစ်လကျော်လာပါပြီ၊ အခက်အခဲတွေ လည်း ကြုံနေရတယ် လို့ ဒေသခံတွေက ပြောဆိုပါတယ်။ တိုက်ပွဲကြောင့် လက်ရှိ တနိုင်ငံလုံးအတိုင်းအတာနဲ့ နေရပ်စွန့်ခွာရသူ အရေအတွက်က ၂ ဒသမ ၆ သန်း ရှိလာပြီဖြစ်ပြီး အဲ့ဒီထဲမှာ ကယားပြည်နယ် အပါအဝင် ဒေသ ၇ ခုမှာ တိုက်ပွဲကြောင့် နောက်ထပ် နေရပ်စွန့်ခွာရသူက ၆သိန်း ၆သောင်းကျော် တိုးမြင့်လာ နေတဲ့အကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး UNOCHA က ဒီဇင်ဘာ ၁၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG