သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝိုင်းမော်ဒေသ စစ်ရေးတင်းမာမှု ဒေသခံအများအပြားတိမ်းရှောင်ကြရ


ဝိုင်းမော်မြို့
ဝိုင်းမော်မြို့

ဝိုင်းမော်မြို့အနီးမှာ စစ်ရေးတင်းမာမှုတွေ မြင့်တက်လာတာကြောင့် ဝိုင်းမော်နဲ့ ဝိုင်းမော်အနီးအနားက ကျေးရွာတွေက ပြည်သူတွေဟာ နောင်ချိန်းရွာဘက်နဲ့ မြစ်ကြီးနားဘက်ကို တိမ်းရှောင်နေကြပါတယ်။ လတ်တလောမှာ စစ်ရှောင်တွေဟာ ရောက်ရာဒေသမှာ ရွက်ဖျင်တဲတွေထိုးပြီး နေထိုင်နေရသလို သောက်သုံးရေအခက်အခဲလည်း ရှိနေကြောင်းနဲ့ အထူးသဖြင့် မြစ်ကြီးနားလမ်းကို ပိတ်လိုက်မယ်ဆို ရေရှည်မှာ စားနပ်ရိက္ခာအခက်အခဲတွေဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။ ဝိုင်းမော်ဒေသက စစ်ရှောင်တွေရဲ့အခြေအနေ ရန်ကုန်သတင်းပေးပို့ချက်ကို ကိုဇော်မိုးကျော်ပြောပြမှာပါ။

မေလ ၁၈ရက်နေ့မှာ KIA နဲ့ ပူးပေါင်းတပ်တွေက ဝိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်ခဲ့သလို ၂၁ရက်နေ့ညက ဝိုင်းမော်မြို့စောင့်တပ်ဖြစ်တဲ့ ခမရ ၃၂၁ကို သိမ်းယူလိုက်တဲ့နောက်မှာ စစ်ရေးတင်းမာမှုတွေ မြင့်တက်လာတာကြောင့် ဒေသခံတွေဟာ တိုက်ပွဲလွတ်ကင်းရာဒေသတွေကို တိမ်းရှောင်နေတာပါ။

ဝိုင်းမော်မြို့နဲ့ ပတ်ဝန်းကျင်ကျေးရွာတွေက ပြည်သူတွေရဲ့လက်ရှိ အခြေအနေကို ဒေသခံတဦးက အခုလို ပြောပါတယ်။

“ ဝိုင်းမော်အခြေအနေကတော့ အားလုံးပြောင်းကြပြီ။ အားလုံးရှောင်ကြပြီ။ တချို့တတွေလည်း သူခိုးကြောက်လို့ပေါ့။ အိမ်တွေက ဒီတိုင်း ပြစ်ထားလို့ မရ သူခိုးတွေနဲ့ ခေါင်းစားနေတယ်။ ဝိုင်းမော်ပတ်ဝန်းကျင်ရွာတွေ အားလုံးရှောင်တယ်။ ကျနော်သိသလောက် ခတ်ချို၊ နောင်ဟီး၊ စန်းကား၊ ရွှေညောင်ပင်၊ အောင်မြေ၁၊ အောင်မြေ၂ အဲဒီ တောက်လျှောက်တွေပဲ။ မိုင်းနားမှာ တထောက်ရှောင်တယ်။ မိုင်းနားကနေ နောင်ချိန်း၊ အင်ဂန်း၊ လဘန်ကထောင်ပေါ့။ အဲဒီဘက် ရှောင်ကြတယ်။မြစ်ကြီးနား ရှောင်တဲ့သူလည်းများတယ်။ ”

ဝိုင်းမော်မြို့နယ်၊ ခတ်ချိုရွာမှာတော့ ၂၀ရက်နေ့က လက်နက်ကြီးကျည်ကျတာကြောင့် လူ၆ယောက်သေဆုံးပြီး ၁၁ယောက် ဒဏ်ရာရခဲ့ပါတယ်။ ဝိုင်းမော်မြို့နယ်က စစ်ရှောင်စခန်းကြီးတခုဖြစ်တဲ့ မိုင်းနားစခန်းအနီးမှာလည်း ၁၉ရက်နေ့ ညက လက်နက်ကြီးကျတာကြောင့် စခန်းနေလူအတော်များများဟာ ပြောင်းရွှေ့တာတွေရှိနေကြောင်း မိုင်းနားစခန်းက အမျိုးသမီးတဦးက ပြောပါတယ်။

“ ဟိုတနေ့ညက ဘယ်ကနေ ပစ်လိုက်တာလဲတော့ မသိဘူး။ ကျမတို့ Camp နားက ရှမ်းရွာမှာ လက်နက်ကြီး တွေ ကျလို့လေနော။ အဲလိုဆိုတော့ အကုန်လုံးက ကြောက်ကြတာလေ။ပြီးရင် ည ညဆိုရင်လည်း ဘယ်က ဘယ်ကပစ်တာလဲ မသိဘူး။ အဲလိုမျိုး အသံတွေက ပေါင်းစုံလာတဲ့အခါကျတော့ ကြောက်ကြတာပေါ့။ ကျမတို့က Shelter နဲ့ နေရတဲ့အခါကျတော့ တကယ်လို့များ Shelter တခုမှာ ထိသွားပြီ မီးလောင်သွားပြီဆိုရင်တော့ တ Camp လုံးက ရစရာမရှိဖြစ်သွားမှာလေ နော။ အဲလို စိုးရိမ်လို့ ကလေးသူငယ်တွေရယ်၊ သက်ကြီးရွယ်အိုတွေက ပြောင်းတာ။ ကျမတို့ ဒီမှာ နည်းနည်းပါးပါး သွားလာလို့ လွယ်ကူတဲ့ဟာတွေတော့ Camp မှာ ကျန်ခဲ့တာပေါ့။ ”

မိုင်းနားစခန်းမှာ လူဦးရေ ၃၀၀၀ ခန့်ရှိပြီး ၂၀၁၁ခုနှစ် ကချင်တကျော့ပြန်စစ်ပွဲကြောင့် တိမ်းရှောင်လာသူတွေ ဖြစ်ပါတယ်။

ဝိုင်းမော်နဲ့ ပတ်ဝန်းကျင်ကျေးရွာက တိမ်းရှောင်သူတွေဟာ မြစ်ကြီးနားမြို့မှာတော့ ဆွေမျိုးနဲ့ နီးစပ်ရာတွေမှာ နေထိုင်သူရှိသလို တချို့တွေက အိမ်ငှားရမ်းနေထိုင်ပြီး တချို့က ဘောလုံးကွင်းနဲ့ ဘာသာရေးဆိုင်ရာမြေတွေမှာ မိုးကာတဲထိုးနေထိုင်နေကြပါတယ်။

ဝိုင်းမော်မြို့မြောက်ဘက် နောင်ချိန်းရွာဘက်ကို တိမ်းရှောင်နေသူတဦးကတော့ လက်ရှိ ကြုံတွေရတဲ့ အခြေအနေကို အခုလို ပြောပါတယ်။

“ အခု ကျနော်တို့ကတော့ ကျမ်းစာကျောင်းဖွင့်တဲ့နေရာလေ။ အဲဒီကျောင်းဝန်းမှာ နေရာချဖို့ စီစဉ်နေတာ။ အဓိကကတော့ ဆမားဘက်က လူများတာပေါ့။ အောင်မြေ ၁၊ အောင်မြေ ၂ လူများတယ်။ ဟိုး ဂါဒါယန်ဘက်ကနေ ပြောင်းတဲ့သူများတယ်။ ဝိုင်းမော်ကလူလည်း အများကြီးရောက်တယ်။ လွန်ခဲ့တဲ့တပတ်၊ နှစ်ပတ်မှာ သွားမေးတော့ ၈၀၀ လောက်ရှိတယ်တဲ့။အခု ဒီတပတ်၊နှစ်ပတ်ကြားမှာ ပြန်များလာပြီ။ အခု ၁၅၀၀နဲ့ ၂၀၀၀ အဲလောက်တော့ ရှိနိုင်တယ်။ နေရာထိုင်ခင်းက မိုးကာတဲမှာပဲ နေရတယ်ဆိုတော့ နည်းနည်းတော့ အခက်အခဲရှိတာပေါ့။ ဟိုဘက် Camp တွေမှာတော့ ရေတွေဘာတွေ သိပ်မလောက်ချင်ဘူးပေါ့နော။ စားရေးသောက်ရေးက လောလောဆည်ဆည်တော့ ကိုယ့်အိမ်က ယူလာတဲ့သူများတာပေါ့။ အဲဒါ အရင်စား အဲလိုတော့ ရှိတာပေါ့။ ”

နောင်ချိန်းရွာမှာကျမ်းစာကျောင်းအပြင် သက်ဆိုင်ရာဆွေမျိုးမိတ်ဆွေအိမ်တွေ၊ အထက်တန်းကျောင်းနဲ့ နောင်ချိန်းအသင်းတော်က နေရာချထားတဲ့နေရာတွေမှည နေထိုင်နေသူတွေလည်း ရှိပါတယ်။

လဘန်နဲ့ အင်ဂန်ရွာဘက်တွေမှာ တိမ်းရှောင်နေသူတွေဟာလည်း အနည်းဆုံး ၁၅၀၀ လောက် ရှိနိုင်ကြောင်း ပြောပါတယ်။

လဘန်ရွာမှာ စစ်ရှောင်နေသူ အမျိုးသမီးတဦးကတော့ မြစ်ကြီးနားကို ဆက်သွယ်ထားတဲ့ ဗလမင်းထင် တံတားပိတ်လိုက်မယ်၊ ဝိုင်းမော်နဲ့လည်း အဆက်အသွယ်ပြတ်သွားမယ်ဆိုရင် စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာအခက်အခဲတွေလာမှာကို စိုးရိမ်နေကြောင်းလည်း ပြောပါတယ်။

“ ကျမတို့ အခုဒီမှာ နေနေတဲ့အခါကျတော့ ဒီဝိုင်းမော်မြို့တို့၊ ဗလမင်းထင်တံတားတို့ ပိတ်သွားမယ်ဆိုရင်တော့ ကျမတို့အတွက်ကတော့ စားဝတ်နေရေး၊ လမ်းပန်းဆက်သွယ်ရေး တော်တော်ခက်ခဲပြီးတော့ အစားအသောက်တွေ ပြတ်သွားမယ်လို့ အဲဒီအပိုင်းကို ပိုပြီး စိတ်ပူနေကြတယ်ရှင့်။”

လောလောဆည်မှာတော့ ဝိုင်းမော်မြို့နယ်က စစ်ရှောင်တွေကို ခရစ်ယာန်ဘာသာရေးအသင်းအဖွဲ့၊ ဝါးရှောင်ဆရာတော်နဲ့ PCG ခေါ် ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့က ကူညီပေးနေပြီး မတ်လအတွင်းက စစ်ရှောင်လာတဲ့ အောင်မြေ ၁၊ အောင်မြေ ၂ဘက်က စစ်ရှောင်တွေကို WFP ခေါ် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က တကြိမ်လာရောက်ထောက်ပံ့တာတွေ ရှိကြောင်း စစ်ရှောင်တွေက ပြောပါတယ်။

ဒေသခံတွေကတော့ ခမရ ၃၂၁ စခန်းကို KIA နဲ့ ပူးပေါင်းတပ်တွေက သိမ်းယူလိုက်ပြီးနောက် ဝိုင်းမော်မြို့မှာ တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်ကြောင်း ခန့်မှန်းထားသလို KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူက လည်း စစ်ရေးသတင်းကို နားစွင့်ထားပြီး လုံခြုံရေးအတွက် ပြင်ဆင်ထားကြဖို့ တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG