သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှ၊ ပစိဖိတ်ဒေသမှာ ဒုက္ခသည်အများဆုံးအဖြစ် မြန်မာနိုင်ငံ စာရင်းဝင်


စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲက စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရတဲ့ဒေသခံများ (သြဂုတ် ၉၊ ၂၀၂၃)
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲက စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရတဲ့ဒေသခံများ (သြဂုတ် ၉၊ ၂၀၂၃)

အာရှ ပစိဖိတ်ဒေသမှာ ပဋိပက္ခတွေအကြား ပြည်တွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးသူ IDP အရေအတွက် လေးနှစ် ဆက်တိုက် တိုးလာပြီး တသန်း ခွဲလောက်ရှိတဲ့ အထဲမှာ မြန်မာနိုင်ငံက အရေအတွက် အများဆုံး ၁ သန်း ၃ သိန်း လောက် ရှိတဲ့အကြောင်း IDMC ခေါ် ပြည်တွင်း အိုးအိမ်စွန့်ခွာထွက်ပြေးသူများ လေ့လာစောင့်ကြည့်ရေးအဖွဲ့က အစီရင်ခံစာ ထုတ်ပြန်ပါတယ်။ ကမ္ဘာတဝန်း ပဋိပက္ခတွေကြား ပြည်တွင်းမှာတင် အိုးမဲ့အိမ်မဲ့အဖြစ် စွန့်ခွာထွက်ပြေးသူ လူ ၇၅ သန်း ၉ သိန်းရှိပြီး တဝက်ကျော်ဟာ ဆာဟာရ အာဖရိက တောင်ပိုင်းဒေသတွေမှာ ဖြစ်တယ်လို့ အစီရင်ခံစာက ရေးသားထားပါတယ်။

အာရှ ပစိဖိတ်ဒေသမှာတော့ မြန်မာနိုင်ငံက အရေအတွက် အများဆုံးဖြစ်တဲ့ အကြောင်း IDMC လေ့လာစောင့်ကြည့်ရေးအဖွဲ့က ဖော်ပြထားတာပါ။ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ IDP အရေအတွက် သုံးဆ ပိုများ လာခဲ့တာကိုလည်း အစီရင်ခံစာက ရေးပါတယ်။ ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီနဲ့ အပစ်အခတ် ရပ်စဲရေးကြောင့် ၂၀၂၂ ခုနှစ်က IDP ဒုက္ခသည်အရေအတွက် လျော့ကျသွားခဲ့ပေမဲ့ ၂၀၂၃ ခုနှစ်နောက်ပိုင်း တိုက်ပွဲတွေ ပြင်းထန်လာတဲ့အတွက် နှစ်ကုန်မှာ ၃ သိန်း ၂ သောင်းကျော်အထိ တိုးလာတာကိုလည်း အစီရင်ခံစာက ရေးသားထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ် နဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး UNOCHA ရဲ့ ပြီးခဲ့တဲ့ရက်ပိုင်း ထုတ်ပြန်ချက်မှာတော့ မြန်မာတနိုင်ငံလုံး အတိုင်းအတာနဲ့ ပဋိပက္ခနဲ့ သဘာဝ ဘေးဒဏ်တွေကြား အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူဟာ အရပ်သား ၃ သန်းကျော်အထိ စံချိန်တင် ရှိလာပြီလို့ ဖော်ပြထားပါတယ်။ ဒီကိန်းဂဏန်းဟာ ခြောက်လအတွင်း ၅၀ ရာခိုင်နှုန်း တဟုန်ထိုး ခုန်တက်သွားတာလို့လည်း UNOCHA က ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG