သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"ရံပုံငွေလိုအပ်ချက်ကြောင့် မြန်မာပြည်တွင်းဒုက္ခသည်ကူညီရေး ခက်ခဲ" ကုလပြောခွင့်ရသူ


မြဝတီမြို့မှ ထိုင်းနိုင်ငံဘက် တွက်ပြေးတိမ်းရှောင်လာသော မြန်မာစစ်ဘေးရှောင်သူများ (ဧပြီ ၂၀၊ ၂၀၂၄)
မြဝတီမြို့မှ ထိုင်းနိုင်ငံဘက် တွက်ပြေးတိမ်းရှောင်လာသော မြန်မာစစ်ဘေးရှောင်သူများ (ဧပြီ ၂၀၊ ၂၀၂၄)

မြန်မာနိုင်ငံ ပဋိပက္ခတွေအတွင်းက အရပ်သားပြည်သူတွေအတွက် လူသားချင်းစာနာကူညီမှု လိုအပ်ချက်တွေကြီးမားနေပြီး ရံပုံငွေကြေးလိုအပ်ချက်ကြောင့် ကူညီရေးလုပ်ငန်းတွေကို ထိခိုက်စေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

မြန်မာနိုင်ငံတွင်း ပဋိပက္ခအရှိန်တိုးမြင့်လာတဲ့အတွက် ၆ လအတွင်း အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၅၀ ရာခိုင်နှုန်း တိုးလာပြီး အခုဆိုရင် တနိုင်ငံလုံးမှာ အရပ်သား သုံးသန်းကျော် အိုးအိမ်မဲ့ဖြစ်နေကြရပါတယ်လို့ ကုလ အတွင်ရေးမှုးချုပ်ရုံး ပြောခွင့်ရသူ Stephane Dujarric က ပြောသွားတာပါ။ ဒါကြောင့် လိုအပ်နေသူတွေအတွက် အရေးတကြီးအကူအညီတွေကို မြန်မာနိုင်ငံတွင်း လူသားချင်းစာနာမှုအသိုက်အဝန်းက အကူအညီတွေပေးနေရာမှာ ရံပုံငွေ မလုံလောက်မှုကြောင့် ကူညီရေးလုပ်ငန်းတွေ အလွန်အမင်း ထိခိုက်ရတယ်လို့ ကုလ ပြောခွင့်ရသူက ဆိုပါတယ်။

မြန်မာနိုင်ငံအတွက် လူသားချင်းစာနာကူညီမှု ရံပုံငွေ ၉၉၃ သန်း ပန်ကြားထားရာမှာ အခုအချိန်အထိဆိုရင် ၆၃ သန်း/ ရာခိုင်နှုန်းအားဖြင့် ၆ ရာခိုင်နှုန်းကိုပဲ လက်ခံရရှိတယ်လို့ ကုလ ပြောခွင့်ရသူက ပြောပါတယ်။ လာမယ့်ကာလတွေမှာ မုန်တိုင်းရာသီရောက်လာပြီမို့ ကူညီကာကွယ်ရေးတွေ ပိုပြီး လိုအပ်လာမယ်လို့လည်း ပြောပါတယ်။

ချင်း၊ မကွေးနဲ့ စစ်ကိုင်းတိုင်းအတွင်းမှာ နေရပ်စွန့်ခွာထွက်ပြေးရသူ တသိန်းခွဲနီးပါးရှိပြီး နိုင်ငံ အရှေ့တောင်ဘက်ခြမ်းမှာ အိုးအိမ်မဲ့ဒုက္ခသည် ၉ သိန်းကျော်ရှိနေတယ်လို့ ကုလ မှတ်တမ်းတွေမှာ ဖော်ပြပါတယ်။ ရခိုင်မှာတော့ အိုးအိမ်မဲ့ဒုက္ခသည် သုံးသိန်းခွဲကျော်ရှိတယ်လို့ ဆိုပါတယ်။ ဒီလို ပြည်တွင်းဒုက္ခသည်တွေဆီ သွားရောက်နိုင်ဖို့ အရေးတကြီးအခြေအနေဖြစ်တယ်လို့လည်း ကုလသမဂ္ဂထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG