သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မင်းကင်းမြို့နယ် မင်္ဂလာပွဲ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် လူ ၃၀ နီးပါးသေဆုံး


မင်းကင်းမြို့
မင်းကင်းမြို့

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်က မင်္ဂလာပွဲတခုမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအဝင် ၃၀ နီးပါး သေဆုံးပြီး နောက်ထပ် ၂၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ သေဆုံးသူ အရေအတွက် တိုးလာနိုင်ကြောင်းလည်း အကူအညီပေးနေသူတွေက ပြောပါတယ်။ စစ်ကိုင်းတိုင်းအတွင်း စစ်ရေးပဋိပက္ခတွေကြောင့် ဒေသခံတွေ ထိခိုက်သေကျေရတာတွေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး ကိုစည်သူ တင်ပြထားပါတယ်။

မင်းကင်းမြို့နယ် ချင်းတွင်းမြစ်ဘေးမှာရှိတဲ့ မတောရွာမှာ ဇွန် ၃ ရက် မနက်ပိုင်းက မင်္ဂလာပွဲ ကျင်းပနေချိန် စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် အနည်းဆုံး ၃၀ လောက် သေဆုံးခဲ့ကြောင်း ထိခိုက်ဒဏ်ရာရသူတွေကို အကူအညီပေးနေတဲ့ ဒေသခံ ကာကွယ်ရေးတပ်မှူး တယောက်က ပြောပါတယ်။

"သေဆုံးက နောက်ဆုံးရထားတာ ၂၉ ကျော်ပြီခင်ဗျ။ ကလေးငယ်တွေပါတယ်။ ဒဏ်ရာရတဲ့သူတွေက ၂၄ ယောက်ကျော်သွားပြီ။ စိုးရိမ်ရတဲ့သူက ၇ ယောက်နဲ့ ၁၀ ယောက်ကြားထဲမှာရှိတယ်။ ထိခိုက်တဲ့ထဲမှာလည်း ကလေးငယ်တွေ အဓိက ပါတာပေါ့။အလောင်းတွေက ရှိတဲ့နေရာမှာ မဟုတ်ဘဲနဲ့ လွင့်စင်ထားတာတွေ လိုက်ပြီးတော့မှ ရှာနေတယ်။ အခုအတည်ပြုနိုင်တာက ၂၉ ယောက် လောလောဆယ်ပဲလေ။အခုထက်လည်း ပိုပြီးတော့ များနိုင်သေးတာပေါ့။ အစ ရှာမရတဲ့ ကိစ္စတွေလည်း ရှိတယ်။"

မတောကျေးရွာဟာ မင်းကင်းမြို့နဲ့ ၂ မိုင်သာသာလောက်ဝေးပြီး ချင်းတွင်းမြစ်ဘေးမှာရှိပြီးတော့ ဗုံးကြဲပြီးနောက် မင်းကင်းမြို့ပေါ် စစ်တပ် တပ်စွဲထားတဲ့နေရာကနေ လက်နက်ကြီးတွေ ပစ်ခတ်လို့ ကယ်ဆယ်ရေးလုပ်ဆောင်ရာမှာ အခက်အခဲရှိခဲ့တယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။

ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင် တယောက်ရဲ့ မင်္ဂလာပွဲကို လေကြောင်းက တိုက်ခိုက်ခံရတာလို့လည်း ဒေသခံတွေက ပြောပါတယ်။ တိုက်ခိုက်မှုကြောင့် လူအများအပြား သေကျေ ဒဏ်ရာရခဲ့တာကြောင့် လုံခြုံရေးအတွက် စိုးရိမ်ကြတဲ့ မတောရွာအပါအဝင် အနီးနားက ကျေးရွာတွေက ဒေသခံတွေဟာ ဘေးလွတ်ရာ တိမ်းရှောင်နေရပါတယ်။

"မင်္ဂလာဆောင်ကျင်းပနေတဲ့အချိန်မှာ ဂျက်ဖိုက်တာ တက်လာပြီး ဗုံးချသွားတာလေ။ သူတို့ချသွားတာ မင်္ဂလာဆောင်ပြီးကာနီးလေးခင်ဗျ။ မင်္ဂလာဆောင် မဏ္ဍပ်ဘေး ကျတာခင်ဗျ။ လူစည်နေတဲ့အချိန် လူတွေတအားများတဲ့အချိန် ချလိုက်တာဆိုတော့ အသေအပျောက်တွေ တအားများသွားတာ။ ယုံသာ ၊ မတော ၊ လက်ပံဆိပ် ၊ ငအုန်း ၊ ပုထိုးလုံး ၊ ငအုန်းချောင်း အဲ့ရွာ ၆ ရွာကလုံး၀ ရွာထဲမှာ မနေရဲတော့ဘဲနဲ့ တောတောင်တွေထဲမှာ ပုန်းရှောင်နေကြရတယ်။ "

ဒေသခံအများအပြား သေဆုံးရတဲ့ တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။ မင်္ဂလာပွဲ တိုက်ခိုက်ခံရမှုမှာ သတို့သားနဲ့သတို့သမီးတို့ကတော့ အသက်မသေဆုံးဘဲ လွတ်မြောက်ခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

လက်ရှိအချိန်မှာ မြေပြင်ကယ်ဆယ်ရေးတွေဆောင်ရွက်နေပြီး ဒဏ်ရာရရှိသူတွေကို ဆေးရုံဆေးခန်းတွေမှာ ဆေးကုသပေးနေတယ်လို့လည်း ကူညီပေးနေသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ၂၀၂၃ ဧပြီ ၁၁ ရက် ကလည်း စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင် ပဇီကြီးကျေးရွာ ပြည်သူ့အုပ်ချုပ်ရေး ရုံးဖွင့်ပွဲကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ် ၃၈ ဦး အပါအဝင် လူပေါင်း ၁၇၄ ဦး သေဆုံးခဲ့ရပါသေးတယ်။ မြန်မာနိုင်ငံက စစ်ရေးပဋိပက္ခတွေမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီးကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးမှုတွေအတွက် စိုးရိမ်ကြောင်း ကုလသမဂ္ဂကလည်း မကြာခဏ သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG