စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်ထဲက စစ်တပ်ထောက်ခံသူ အများစုရှိနေတဲ့ ကံရွာကို ကာကွယ်ရေး တပ်ဖွဲ့တွေက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်တဲ့နေရာကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ကံရွာသား ၃ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရေဦးမှာလည်း ပြည်သူ့လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲဖြစ်ခဲ့ပြီး ကာကွယ်ရေး တပ်ဖွဲ့ဝင် တဦး သေဆုံးခဲ့ပါတယ်။ စစ်ရေးတင်းမာနေတဲ့ စစ်ကိုင်းတိုင်းထဲက နောက်ဆုံး အခြေအနေတွေကို ကိုခင်မောင်စိုးမင်း က တင်ပြပေးပါမယ်။
စစ်ကိုင်းတိုင်း မင်းကင်းမြို့ကနေ ၃ မိုင်လောက်သာဝေးပြီး စစ်တပ် အားပေး ထောက်ခံသူတွေ အများစုရှိနေတဲ့ ကံ ရွာကို ဒီကနေ့ သြဂုတ် ၂၈ ရက် မနက် ၅ နာရီလောက်မှာ ကာကွယ်ရေး တပ်ဖွဲ့တွေက ဝင်ရောက် တိုက်ခိုက်ခဲ့တာပါ။ အဲ့ဒီလို ဝင်ရောက် တိုက်ခိုက်ချိန်မှာ မင်းကင်းမြို့ပေါ်ကနေ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ကံကျေးရွာက အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦး လက်နက်ကြီးစမှန်ပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲပြင်းထန်ခဲ့တဲ့ အခြေအနေနဲ့ ဒေသခံတချို့ သေဆုံးခဲ့တာနဲ့ ပတ်သက်လို့ မင်းကင်း ဒေသခံ ပြန်ကြားရေးအဖွဲ့ဝင် ၁ ဦးက ဗွီအိုအေကို အခုလို ပြောပြပါတယ်။
“မနက် ၅ နာရီအချိန်ခန့်က ကံရွာမှာ ပြောက်ကျား တပ်ဖွဲ့နဲ့ ရင်ဆိုင်တိုက်ပွဲဖြစ်တာ။ ပြောက်ကျားတပ်ဖွဲ့ကနေပြီး ပျူစောထီးတွေနေတဲ့ နေရာကို သွားပြီးတိုက်တာ။ တိုက်ပွဲက ၁ နာရီခန့်ပေါ့ဗျာ။ ၁ နာရီတော့ မရှိပါဘူး။ တိုက်ပွဲအခြေအနေက မသိမ်းတော့ မသိမ်းလိုက်နိုင်ဘူး။ သူတို့ စစ်ကောင်စီဘက်က လက်နက်ကြီး ပစ်ကူတွေနဲ့ လုပ်ပေးလိုက်တဲ့အတွက် ကျနော်တို့ဘက်ကလည်း ဒဏ်ရာရတဲ့သူတွေ ရှိနေတော့ ပြန်ဆုတ်ခွာခဲ့ရတယ်။ မင်းကင်းကနေ လက်နက်ကြီးနဲ့ လှမ်းပစ်ကူပေးတဲ့ဟာ လက်နက်ကြီး အစမှန်ပြီးမှ သေတာ။ အသက် ၈၀ ကျော် အဖိုးကြီး ၁ ယောက်ရယ်။ အသက် ၃၀ ကျော် အမျိုးသမီး ၁ ယောက်ရယ်။ အသက် ၂၀ ကျော် အမျိုးသား ၁ ယောက်ရယ်။ ဒုန်းဒုန်းဒိုင်းဒိုင်း အသံတွေ ကြားတော့ အိမ်ပြင်ထွက်ပြီး ပြေးမလို့ လုပ်တဲ့အချိန်မှာ မှန်ကုန်ကြတာ။”
ကံ ကျေးရွာမှာ စစ်တပ် ထောက်ခံသူ ၃၀ နီးပါးက တပ်စွဲထားပြီး ကျေးရွာအတွင်းမှာ ကတုတ်ကျင်း အကာအကွယ်တွေ ပြုလုပ်ထားတဲ့အတွက် ဒေသခံအများစုက ပျူကျေးရွာလို့ သတ်မှတ်ထားတာပါ။ တိုက်ပွဲအတွင်း စစ်တပ်ထောက်ခံသူ ပျူစောထီး ၃ ဦး သေဆုံးခဲ့ပြီး ကာကွယ်ရေး တပ်ဖွဲ့ဝင် ၃ ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။
သေဆုံးဒဏ်ရာရတာနဲ့ ပတ်သက်လို့ ဗွီအိုအေက သီးခြား အတည်မပြုနိုင်သလို စစ်ကောင်စီကလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
စစ်ကိုင်းတိုင်းထဲကပဲ ရေဦးမြို့နယ်ထဲမှာလည်း ကာကွယ်ရေး တပ်ဖွဲ့နဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ခဲ့ပြီး ပြည်သူ့လုံခြုံရေး တပ်ဖွဲ့ဝင် ၁ ဦး သေဆုံးခဲ့ပါတယ်။ ဒီပဲယင်းကနေ ရေဦးမြို့နယ်ထဲ ထွက်လာတဲ့ စစ်တပ်နဲ့ လမ်းမှာ အပြန်အလှန် တိုက်ခိုက်ခဲ့ကြတာလို့ ကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်လို့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက ခုလိုပြောပါတယ်။
“မနေ့မနက်က ရေဦးကနေ ဒီပဲယင်းကို ဝင်တာ။ ဒီပဲယင်းကိုထိုးတာ အဲ့မှာ ဘယ်မှ မထွက်ဘဲနဲ့ ဒီပဲယင်းကနေ ဒီကနေ့ မနက်ကျတော့ ရေဦးကို ပြန်ခေါက်တာ။ ဒီပဲယင်းကထွက်တဲ့ စစ်ကြောင်းက ရေဦးကို ပြန်ဝင်တဲ့အချိန် ကင်းထောက်တဲ့ မြို့နယ် ပလဖ (ပြည်သူ့လုံခြုံရေး) အဖွဲ့ဝင်ဗျ။ အမှုစစ်အရာရှိ။ အဲ့မှာ ကျဆုံးသွားတယ်။ ရဲဘော်တွေနဲ့ ကင်းထောက်ရင်းနဲ့ တက်ကြတာ။ တက်ကြရင်းနဲ့ မြင်သွားတော့ သူပစ်ကိုယ်ပစ် ပစ်ကြတာ။ တိုက်ပွဲတော့မဖြစ်ဘူး။ သူပစ်ကိုယ်ပစ် ပစ်ရင်းနဲ့ ဟိုဘက် စကစ ဘက်က လက်နက်ကြီးနဲ့ လှမ်းပစ်တဲ့အခါ လက်နက်ကြီးအစ မှန်တာပေါ့။”
စစ်တပ်ဟာ ရေဦးမြို့ တိုင်းရင်းဆေးရုံမှာ အထိုင်ချ တပ်စွဲပြီး ခင်ဦး၊ ရေဦး၊ ဒီပဲယင်း စတဲ့ မြို့နယ် ၃ မြို့နယ်ကို မကြာခဏ နယ်မြေရှင်းလင်းရေး လုပ်နေတာလည်း ဖြစ်ပါတယ်။ စစ်တပ် နယ်မြေရှင်းလင်းတဲ့ လမ်းတလျှောက် ကျေးရွာတွေက ပြည်သူတွေဟာ စစ်တပ်နဲ့ဝေးရာ ဘေးလွတ်ရာကို မကြာခဏ ထွက်ပြေးတိမ်းရှောင်ကြရပြီး စစ်ကြောင်း အဝေးရောက်မှသာ နေရပ်တွေကို ပြန်ဝင်ကြလေ့ ရှိကြပါတယ်။
ဒီသြဂုတ်လ ၂၂ ရက်ကလည်း စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးကြောင့် စစ်ဘေး တိမ်းရှောင်ရင်း ခင်ဦးမြို့နယ်က သက်ကြီး ၁ ဦး အမောဖောက်ပြီး သေဆုံးခဲ့သလို၊ ကျေးရွာတွေဘက်ကို စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်တာတွေကြောင့် ဒေသခံတချို့ သေဆုံးတာတွေလည်း ရှိခဲ့ပါတယ်။