သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝက်လက်ကာကွယ်ရေး ပြောတဲ့ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု


စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အတွင်း ကျေးရွာတချို့ရှိ မီးရှို့ခံထားရသော နေအိမ်များ (မတ်လ၊ ၂၀၂၃)
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အတွင်း ကျေးရွာတချို့ရှိ မီးရှို့ခံထားရသော နေအိမ်များ (မတ်လ၊ ၂၀၂၃)

ဝက်လက်မြို့နယ်အရှေ့ခြမ်းက ပေါက်ကန်ကျေးရွာကို သြဂုတ်လ ၁၃ ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီတပ်တွေက ဂျက်တိုက်လေယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၄ ဦးထိခိုက်ခဲ့ပါတယ်။ ည ၉ နာရီဝန်းကျင်မှာလည်း ဝက်လက်မြို့နယ်ထဲက ထုံးဘိုကုန်းကျေးရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးငယ်တဦးနဲ့ သက်ကြီးရွယ်အိုတဦး ထိခိုက်ခဲ့သလို ငါးပတ်ချောင်းကျေးရွာက နေအိမ် ၁၀၀ ကျော်ကိုလည်း စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့တွေက မီးရှို့ခဲ့ကြတယ်လို့ ဒေသခံတွေနဲ့ ဒေသကာကွယ်ရေး အဖွဲ့ဝင်တွေက ပြောပါတယ်။ ဒီအကြောင်းသတင်းပေးပို့ချက်ကို ကိုငြိမ်းချမ်းအေးက တင်ပြပေးထားပါတယ်။

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် အရှေ့ခြမ်းကျေးရွာတွေဖြစ်တဲ့ ပေါက်ကန်ရွာကို စစ်ကောင်စီတပ်တွေက သြဂုတ်လ ၁၃ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်အချိန်မှာ တိုက်ခိုက်ရေး ဂျက်လေယာဉ် ၂ စီးနဲ့ ကျေးရွာရဲ့ စာသင်ကျောင်းကို ဦးတည်ပြီး ပစ်ခတ်ခဲ့တယ်လို့ Welet Informational Network ရဲ့တာဝန်ခံ ကိုနဂါးလေးက VOA ကိုပြောပါတယ်။

ဒီပစ်ခတ်မှုဖြစ်ချိန်ဟာ ကျောင်းတက်ချိန်မဟုတ်တဲ့အတွက် ကြီးကြီးမားမားထိခိုက်မှုတွေမရှိခဲ့တာဖြစ်ကြောင်း ကိုနဂါးလေးက ပြောပါတယ်။

“တံတားဦးကတက်လာတဲ့ Jet Fighter ၂ စီးနဲ့ ၃ နာရီ ၄၀ လောက်မှာ ပစ်တာ။ ပထမတခေါက်က စက်သေနတ်နဲ့ တကြိမ်ပစ်သွားတယ်။ နောက် ဒုတိယတခေါက် ထပ်ပစ်တယ်။ အဲ့တခေါက်လည်း စက်သေနတ်နဲ့ပဲ။ သူတို့ရဲ့ ဦးတည်ချက်က စာသင်ကျောင်းကို ဦးတည်ပြီးပစ်သွားတာ။ စာသင်ကျောင်းရဲ့ နောက်ဘက်အိမ်ကို အလည်သွားနေတဲ့ ပြည်သူတဦးနဲ့ နောက်ဘက်အိမ်တွေက ဒေသခံ ၄ ဦးထိခိုက်တယ်ဗျ။ တဦးမှတော့ မစိုးရိမ်ရဘူးဗျ။”

ဝက်လက်မြို့နယ် ကန်ပေါက်ကျေးရွာကို တိုက်ခိုက်ရေး ဂျက်လေယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်ပြီးတဲ့နောက် ဝက်လက်အရှေ့ခြမ်းက ထုံးဘိုကုန်းကျေးရွာကို ရွှေဘိုမြို့နယ်အရှေ့ခြမ်း တောင်လှတောင်မှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်က ည ၉ နာရီဝန်းကျင်မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အသက် ၁၀ နှစ် ဝန်းကျင်ကလေးတဦးနဲ့ အသက် ၆၀ ဝန်းကျင် အမျိုးသမီးတဦး ထိခိုက်ခဲ့တယ်လို့ ကိုနဂါးလေးက ဆက်ပြောပါတယ်။

“ရွှေဘိုမြို့နယ်အရှေ့ခြမ်း မခေါက်ရွာရဲ့ အနောက်တောင်ဘက်မှာရှိတဲ့ တောင်လှတောင်ကနေ စကစနဲ့ ပျူတွေ အမြဲတမ်း ကင်းလှည့်တဲ့တောင်ပေါ့။ အဲ့ကနေမှ ၆၀ မမ ပြောင်းအရှည်ကြီးတွေနဲ့ တခါတလေကျရင် ၈၁ မမ ပြောင်းတွေတင်ပြီးတော့မှ ပစ်တယ်။ အဲ့မှာ အသက် ၁၀ နှစ်အရွယ် ကလေးတယောက်နဲ့ အသက် ၆၀ အရွယ် အမျိုးသမီးတယောက် ခိုက်မိတယ်ဗျ။ ၁၀ နှစ်အရွယ်ကလေးက လက်ဖျံကျောကုန်းရိုးမှာ ခိုက်မိတာဗျ။ ဖြစ်တာက ၈ နာရီ မိနစ် ၄၀ လောက်က ဖြစ်တာဗျ။”

ဝက်လက်မြို့နယ်အရှေ့ခြမ်းကပဲ ငါးပတ်ချောင်းကျေးရွာကိုလည်း ၁၃ ရက်နေ့ နေ့လယ်ပိုင်းမှာ ရွှေဘိုမြို့နယ် ကျောက်မြောင်းဘက်ကနေ လာပြီး အဲ့ဒီကျေးရွာမှာ စခန်းချနေခဲ့တဲ့ စစ်တပ်နဲ့ ပျူစောထီးအဖွဲ့တွေက ရွာက ပြန်ထွက်တဲ့အချိန်မှာ မီးရှို့ခဲ့တာဖြစ်ပြီး အိမ်ချေ ၁၀၀ ဝန်းကျင်မီးလောင်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ငါးပတ်ချောင်းရွာကလည်း အိမ်ခြေ ၁၀၀ လောက်ရှိုခံရတယ်ဗျ။ အိမ်ထောင်စု ၇၀ ပေါ့။ အိမ်အလုံးရေကတော့ ၁၀၀ ပါ။ အဲ့ဒါက မနေ့က ၁၃ ရက်နေ့က ရှို့ခံရတာပါ။”

ငါးပတ်ချောင်းကျေးရွာဟာ ဒါ ဒုတိယအကြိမ် မီးရှို့ခံရတာဖြစ်ပြီး ပထမတကြိမ်တုန်းကလည်း အိမ်ခြေ ၁၂၀ ကျော် မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပေါက်ကန်ရွာ၊ ထုံးဘိုကုန်းရွာနဲ့ ငါးပတ်ချောင်းရွာတို့က စစ်ကောင်စီစစ်ကြောင်းရှိစဉ်က ဒေသခံတွေ စစ်ရှောင်နေခဲ့ကြရပေမယ့် စစ်ကြောင်းပြန်ထွက်သွားချိန်မှာ ငါးပတ်ချောင်းကျေးရွာ ဒေသခံတွေကတော့ ရွာကိုပြန်ဝင်ကြပြီလို့ ပြောပါတယ်။ ပေါက်ကန်ရွာနဲ့ ထုံးဘိုကုန်းရွာတို့ကတော့ စစ်ကောင်စီရဲ့ ရမ်းသမ်းပစ်ခတ်မှုတွေကို စိုးရိမ်တာကြောင့် ရွာထဲကို ပြန်မဝင်ကြသေးဘူးလို့ ဆိုပါတယ်။

စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး ထိုးစစ်တိုက်ပွဲတွေနဲ့ လေကြောင်းက ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် မန္တေလးတိုင်းက ဒေသတချို့နဲ့ စစ်ကိုင်းတိုင်းအတွင်းမှာ သေဆုံးသူတွေနဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ဘေးရှောင် အရေအတွက်ဟာ တနေ့ထက်တနေ့ ပိုပြီးတိုးလာနေပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေဟာ ဒီဒေသကျေးရွာတွေမှာအခြေစိုက်ပြီး အကြမ်းဖက်လုပ်ငန်းတွေ လုပ်နေကြတာကြောင့် နယ်မြေရှင်းလင်းနေတာဖြစ်ကြောင်း စစ်တပ်ရဲ့ထုတ်ပြန်ချက်တွေမှာ ဖော်ပြလေ့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG