သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောက်ကြီးမြို့နယ်တွင်း လက်နက်ကြီးထိမှန်လို့ အမျိုးသမီးတဦးသေဆုံး


ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်ထဲမှာ ဒီရက်ပိုင်း စစ်ကောင်စီတပ်တွေက လက်နက်ကြီးနဲ့ပစ်ခတ်လို့ ပွဲချင်းပြီးသေဆုံးသွားတဲ့အမျိိုးသမီး။(ဓာတ်ပုံ-KNU)
ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်ထဲမှာ ဒီရက်ပိုင်း စစ်ကောင်စီတပ်တွေက လက်နက်ကြီးနဲ့ပစ်ခတ်လို့ ပွဲချင်းပြီးသေဆုံးသွားတဲ့အမျိိုးသမီး။(ဓာတ်ပုံ-KNU)

ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်ရာ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်ထဲမှာ ဒီရက်ပိုင်း စစ်ကောင်စီတပ်တွေက လက်နက်ကြီးနဲ့ပစ်ခတ်လို့ အမျိုးသမီးတဦးသေဆုံးပြီး ကလေးငယ်တဦး ပြင်းထန်ဒဏ်ရာတွေရခဲ့ပါတယ်။ တိုက်ပွဲမဖြစ်ဘဲ ရွာတွေထဲကို လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ လေကြောင်းတိုက်ခိုက်တာတွေရှိနေတယ်လို့ ဒေသခံတွေကဆိုပါတယ်။ဒီသတင်းကို ဗွီအိုအေသတင်းထောက်မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်ရာ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်ထဲက တောင်ခင်းကျေးရွာထဲကို ပိန်းဇလုပ်အခြေစိုက် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် ရွာထဲကအဆောက်အဦးတွေ၊ အိမ်တွေ ပျက်စီးတာအပြင် သားအမိနှစ်ဦးကိုထိမှန်ပြီး အမေဖြစ်သူကတော့ ပွဲချင်းပြီးသေဆုံးသွားခဲ့တယ်လို့ ဒေသခံတဦးက VOA ကိုအခုလိုပြောပြပါတယ်။

"ကျောက်ကြီးမြို့နယ် (လယ်ဒို) တောင်ခင်းကျေးရွာထဲကို ပိန်းဇလုပ်အခြေစိုက် ခလရ ၂၆၄ ကနေ လက်နက်ကြီးနဲ့ပစ်ထည့်တာ။ ၁၂၀ မမနဲ့ပစ်တာ။ သားအမိနှစ်ယောက် ကျည်ဆံထိမှန်တယ်။ အမေကတော့ ပွဲချင်းပြီးသေတယ်။ သေသွားတဲ့မိခင်ကတော့ ဒေါ်ပန်းနုမွန်လို့ခေါ်တယ်။ ၇ နှစ် သားလေးတယောက်ကတော့ ဒဏ်ရာတွေပြင်းထန်တယ်။ အသည်းအသန်ပဲ။ စကစ,က ကျနော်တို့ကျောက်ကြီးမြို့နယ်ထဲကို မကြာမကြာပဲ လေယာဉ်နဲ့ဗုံးကြဲတယ်။ လက်နက်ကြီးတွေနဲ့ပစ်တယ်။ တိုက်ပွဲမရှိဘဲ လက်နက်ကြီးတွေ၊ လေယာဉ်တွေနဲ့ လာပစ်ချတယ်။"

ကျောက်ကြီးနဲ့မုန်းမြို့နယ်ထဲက သိန်းနဲ့ချီရှိတဲ့ဒေသခံတွေဟာ ဖေဖေါ်ဝါရီလလောက်ကစပြီး တပတ်အတွင်း လက်နက်ကြီးအလုံး ၁၀၀ ကျော်ပစ်ခတ်ခံရတာအပြင် အခုလို မကြာခဏ လက်နက်ကြီးနဲ့ပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အိမ်တွေမှာမနေရဲဘဲ တောတောင်တွေထဲ ပုန်းအောင်းနေထိုင်နေရပါတယ်။ စားသောက်ရေးအခက်အခဲကြောင့် နေ့ဘက်မှာ တောင်ယာတွေမှာပြန်ပြီး အလုပ်လုပ်ကိုင်ကြရတယ်ဆိုပေမဲ့လည်း အိမ်တွေမှာ ခဏတဖြုတ်သာ ပြန်လာနိုင်ကြတာဖြစ်ပါတယ်။ အခုလို စားဝတ်နေရေးအတွက် ရွာထဲကိုပြန်လာချိန်မှာပဲ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး လူသေဆုံးရတာလို့လည်း ဆက်ပြောပြပါတယ်

"အဲဒီရွာတွေက လူမနေဘူးတော့ မဟုတ်ဘူး။ နေရဲတဲ့သူ၊ သွားစရာ လာစရာမရှိတဲ့သူကတော့ ကိုယ်အိမ်မှာကိုယ် နေကြတယ်။ ပြောမယ်ဆိုရင် မုန်းမြို့နယ်ထဲမှာဆိုလည်း တရပ်ကွက်ကို အိမ်ခြေတွေ အလုံး ၅၀ တို့၊ ၁၀၀ လောက်ရှိတယ်ဆိုလည်း အိမ်ခြေ လေးငါးဆယ်လုံးက လူတွေကတော့ နေကြတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ စပါးစိုက်ချိန်ဆို တောင်ယာနဲ့နီးတဲ့နေရာမှာလာနေကြရတယ်။ စားရေးသောက်ရေးအတွက် လိုအပ်တော့ ဘယ်သွားလို့ဘယ်လာရမှန်းမသိ၊ စားသောက်ရေးခက်ခဲ။ တောထဲမှာပဲ ပုန်းအောင်းနေတော့ စားသောက်ရေးအတွက်ကြောင့်လည်း အဲဒီကို ပြန်လာကြတယ်။"

အခုဆိုရင် ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်ရာ ခရိုင်အသီးသီးမှာ စစ်ဘေးရှောင်သူ ၇ သိန်းကျော်ရှိနေပြီး ညောင်လေးပင်ခရိုင်မှာလည်း လူဦးရေသိန်းဂဏန်းနဲ့ တိမ်းရှောင်နေရဆဲဖြစ်ပါတယ်။ အခုလိုမိုးတွင်းကာလမှာ စားဝတ်နေရေးခက်ခဲပြီး ကလေးတွေဖျားနာတာ၊ သက်ကြီးရွယ်အိုတွေ သေဆုံးတာတွေလည်းဖြစ်နေပါတယ်။ နေ့ခင်းဘက်မှာရွာထဲမှာပြန်လာလိုက်၊ ညဘက်ဆို တောထဲပြန်အိပ်လိုက် နေကြသူတွေလည်းရှိပါတယ်။ အခုကတော့ ရွာထဲကိုပြန်လာနေထိုင်နေတုန်းမှာပဲ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အခုလို အသက်သေဆုံးသူနဲ့ ဒဏ်ရာရသူတွေ ရှိခဲ့တာပါရှင်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG