သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ညောင်လေးပင်နဲ့ တောင်ငူမှာ လက်နက်ကြီးကြောင့် ၆ ဦးသေဆုံး


စစ်ကောင်စီတိုက်ခိုက်မှုကြောင့် KNU နယ်မြေအတွင်းဒေသခံနေအိမ်များ ပျက်စီးဆုံးရှုံးရကြောင်း KNU က ထုတ်ပြန်သည့် မှတ်တမ်းဓာတ်ပုံ (မေ ၁၁၊ ၂၀၂၄)
စစ်ကောင်စီတိုက်ခိုက်မှုကြောင့် KNU နယ်မြေအတွင်းဒေသခံနေအိမ်များ ပျက်စီးဆုံးရှုံးရကြောင်း KNU က ထုတ်ပြန်သည့် မှတ်တမ်းဓာတ်ပုံ (မေ ၁၁၊ ၂၀၂၄)

ပဲခူးတိုင်း ညောင်လေးပင်ခရိုင်နဲ့ တောင်ငူခရိုင်တွေမှာ စစ်ကောင်စီတပ်တွေ လက်နက်ကြီးနဲ့ပစ်လို့ ၆ ယောက် သေဆုံးခဲ့ပါတယ်။ ခရိုင် ၂ ခုထဲမှာ ထိခိုက်ဒဏ်ရာရသူကလည်း ၁၂ ယောက်ယောက်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မြေမြှုပ်မိုင်းကြောင့် ကိုယ်လက်အင်္ဂါဆုံးရှုံးသူတွေလည်း ၁၀ ဦးထက်မနည်းရှိပါတယ်။ ဗွီအိုအေသတင်းထောက်မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်တွေရှိတဲ့ ပဲခူးတိုင်းညောင်လေးပင်ခရိုင် မုန်းမြို့နယ်ထဲမှာတော့ စစ်ကောင်စီတပ် ခမရ-၄၃၉ တပ်ရင်းက ဒေသခံကျေးရွာတွေကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်တာကြောင့် ဒေသခံကျေးရွာသားတွေ ထိခိုက်သေဆုံးတာတွေရှိနေတယ်လို့ ဒေသခံတဦးကပြောပါတယ်။

"ခမရ-၄၃၉ တပ်ရင်းက ငတိုးခင် ကျေးရွာထဲကို လက်နက်ကြီး နဲ့ပစ်တာ အသက်၅၂ နှစ်အရွယ် ဒေါ်မသီ လက်နက်ကြီးထိမှန် သေဆုံးပြီး အသက် ၁၄ နှစ် မောင်ကောင်းခန့်သူရလွင် ထိခိုက် ဒဏ်ရာရ ပါတယ်။ နောက် စစ်တပ်ကပဲ ဘုရားလှဟကျေးရွာထဲကို ခမရ ၄၃၉ကပဲ ပစ်လို့အသက် ၆၅ နှစ် ဦးတင့်ကြည် လက်နက်ကြီး ထိမှန် သေဆုံးခဲ့တယ် ၊အသက် ၆၁ နှစ် ဒေါ်ကွယ်ထောနဲ့အသက် ၃၄ နှစ်အရွယ်ရတင်ဇာဦး တို့ ထိခိုက် ဒဏ်ရာရခဲ့ပါတယ် ။ ပိန်းဇလုပ်အခြေစိုက် ၂၆၄တပ်ရင်းတို့ ခမရ ၄၃၉တို့က ကျနော်တို့မုန်းမြို့နယ် ကျောက်ကြီးလယ်ဒိုနေရာတွေကိုနေ့စဉ်လိုပစ်နေတော့လူတွေလည်းသေရတာ ထွက်ပြေးနေရတာတွေဖြစ်နေပါတယ်"

ပဲခူးတိုင်းတောင်ငူခရိုင် ထန်းတပင်မြို့နယ်ထဲမှာပဲ မေလ ၁၃ရက်နေ့က လက်နက်ကြီးထိမှန်ပြီးရွာသား ၄ဦးသေဆုံးခဲ့တာတွေ ထိခိုက်ဒဏ်ရာရတာတွေဖြစ်ခဲ့တယ်လို့လည်းပြောပါတယ်။

"တောင်ငူခရိုင်ထန်းတပင်မြို့နယ်ထဲမှာတော့ရွာတွေထဲကိုပဲလက်နက်ကြီးထုလို လူ ၄ဦးသေတယ်။ တောင်ငူခရိုင် ထန်းတပင်မြို့နယ် ဇရပ်ကြီး တောင်ခြမ်းအုပ်စု ရွာလေးကုန်းကျေးရွာ အတွင်းကို ဇရပ်ကြီးအခြေစိုက် ခလရ−၇၃ က မေလ ၁၃ရက်နေ့ညကလက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အသက်၈၄နှစ်အရွယ်ဦးကျော်စိန် အသက် ၅၂နစ်အရွယ် မ ဌေးရီ အသက် ၄၉နှစ်အရွယ် ကိုဌေးနိုင် အသက် ၁၈ နှစ်အရွယ် မအိဖူးသော်တို့သေဆုံးခဲ့ပါတယ်။"

အခုဆိုရင် ညောင်လေးပင်ခရိုင်မုန်းမြို့နယ်ထဲမှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သူ ၁၀ ဦးရှိတယ်လို့လည်းကေအန်ယူကပြောပါတယ် ။ဒေသခံတွေကတော့ ဘယ်သူတွေမြေမြုပ်မိုင်းထောင်သလဲဆိုတာကိုတော့ မသိရဘူးလို့ဆိုပါတယ်။

"ရွာသားအတော်များများက စစ်တပ်က စစ်ကြောင်းထိုးလာတိုင်း မိုင်းတွေထောင်တယ်လို့ပဲယူဆထားတယ် ဘယ်သူတွေထောင်သလဲဆိုတာတော့မသိဘူး။"

ကေအန်ယူကသတင်းထုတ်ပြန်တာကတော့ စစ်ကောင်စီရဲ့ တပ်မ ၇၇ ၊ ၉၂ ၊ ၉၃ ၊ ၄၄တပ်တွေက ရွာတွေအနီးမှာ မိုင်းတာလို့ပြောဆိုပါတယ်။ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

ပြည်တွင်းစစ်ဖြစ်နေတဲ့ဒေသဖြစ်တာကြောင့် ဒေသခံတွေဟာ လက်နက်ကြီးဒဏ် လေကြောင်းတိုက်ခိုက်မှုဒဏ်နဲ့ မြေမြုပ်မိုင်းအန္တရာယ်တွေကိုရင်ဆိုင်နေရပြီး ဒေသခံတွေဟာအခုချိန်ထိ ဘေးလွတ်ရာကိုထွက်ပြေးပြီးနေထိုင်နေရဆဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG