သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ရေးတင်းမာမှုကြောင့် ထိုင်းနယ်စပ် တိမ်းရှောင်သူ ဘုရားသုံးဆူမြို့ခံတွေ နေရပ်ပြန် 


ဘုရားသုံးဆူ နယ်စပ်မြို့ (Photo: C J)
ဘုရားသုံးဆူ နယ်စပ်မြို့ (Photo: C J)

ကရင်ပြည်နယ် နယ်စပ်မြို့ဖြစ်တဲ့ ဘုရားသုံးဆူမှာ မကြာသေးခင်ရက်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကြား စစ်ရေးတင်းမာခဲ့ရာက လုံခြုံရေးစိုးရိမ်မှုကြောင့် ထိုင်းနိုင်ငံဘက် တိမ်းရှောင်သွားသူတွေ အခုအခါ နေရပ်ပြန်နေကြပြီလို့ ဒေသခံတွေက ပြောပါတယ်။ ပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုတွေ ဖြစ်ခဲ့တဲ့ ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့က နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ ထားတာကို အခြေခံပြီး အလိမ္မာ တင်ပြထားပါတယ်။

ဘုရားသုံးဆူမြို့ ရပ်ကွက်(၂)မှာရှိတဲ့ BGF နယ်ခြားစောင့် တပ်ဖွဲ့ဝင်တွေရှိရာ နေရာမှာ ပြီးခဲ့တဲ့ သောကြာနေ့တုန်းက KNU နဲ့ DKBA တပ်ဖွဲ့ဝင်တွေ ရောက်ရှိလာတဲ့အချိန် ပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုတွေ ဖြစ်ခဲ့တာလို့ မြို့ခံတွေက ပြောပါတယ်။ စစ်ရေးတင်းမာမှုကြောင့် ကလေးတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ အမျိုးသမီးတွေ အပါအဝင် မြို့ခံတွေ လုံခြုံရေး စိုးရိမ်မှုကြောင့် ထိုင်းနယ်စပ်ကို ဖြတ်ကျော် ထွက်ပြေးခဲ့ကြတာပါ။

လတ်တလောမှာတော့ အခြေအနေတွေ ပြန်လည်တည်ငြိမ်စ ရှိလာတာကြောင့် တိမ်းရှောင်သူတွေ နေရပ်ပြန်လာနေပြီလို့လည်း မြို့ခံတယောက်က ပြောပါတယ်။

“စိုးရိမ်ကြောက်လန့်ပြီးတော့ ထွက်ပြေးသွားတဲ့သူ ရှိတာပေ့ါ။ ဒီမှာက ဖြစ်တာခဏပါပဲ နာရီပိုင်လောက်ပဲဖြစ်တယ်ဆိုတော့၊ ပေါက်ကွဲသံတွေကြားတယ် မီးခိုတွေထွက်တယ် နောက်တော့ ပစ်ကြခတ်ကြ အသံတွေက တော်တော်ကြားတာပေါ့။ (BGF)က နေအိမ်မှာပဲ စခန်းလုပ်ထားတယ်ဆိုတော့လည်း စခန်းပေါ့ အဲ့လိုမျိုး၊ နောက်ပြီးတော့ ဒီဟာက မြို့ထဲမှာကြီး မြို့ပြင်တို့ သူသီးသန့်စခန်းလည်း မဟုတ်ပါဘူး။ အဲ့ဖြစ်တဲ့ တချက်တော့ ရုတ်တရက်တော့ ထိုင်းဖက်ခြမ်းကို ပြေးကြတဲ့လူတာ့ ရှိတာပေါ့နော်၊ အခုတော့ အေးအေးဆေးဆေးပါပဲ။ အများအားဖြင့်တော့ အကုန်လုံးနီးပါးက ပြန်လာတာပဲလေ။ အဲ့ဒီတစ်ရက်ပဲ အဲ့ဒီနာရီပိုင်းလောက်ပါပဲ ကျန်တဲ့ အချိန်တွေအားလုံး ပုံမှန်ပဲ သွားလာနေကြတာပဲ။”

စစ်ရေးတင်းမာမှု အခြေအနေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို ဆက်သွယ်ဖို့ ကြိုးစားပေမဲ့ မရခဲ့ပါဘူး။ အခုအခါ အခြေအနေတွေ ပြန်လည်တည်ငြိမ်နေပေမဲ့ ပဋိပက္ခတွေ ပြန်ဖြစ်လာမှာ မြို့ခံတွေက စိုးရိမ်နေကြတာပါ။

“တည်ငြိမ်တယ်ဆိုတာက ပစ်ခတ်သံမရှိတော့တာပဲ။ ကျန်တာကတော့ သူတို့ တင်းမာမှုတွေတော့ ရှိမှာပေါ့။ ပြန်လည်တင်းမာမှုတော့ ရှိလာနိုင်တယ်လို့ ယူဆရတာပေါ့လေ။ သူတို့အဆင်မပြေရင်တော့ ဖြစ်ကြမှာပေါ့ အဲ့သဘောပါပဲ။ သူတို့ ဘယ်အချိန်ထဖြစ်မလဲဆိုတာတော့ သူတို့ဖြစ်ရင်ဒါပဲပေါ့ ဒါပေါ့။”

ဘုရားသုံးဆူမြို့က ပေါက်ကွဲမှုအတွင်း ကရင်အမျိုးသားအစည်းအရုံး KNU က ဒေသခံ ကျေးရွာအုပ်စုမှူး တစ်ဦး၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA) တပ်ရင်း(၁၆) တပ်ဖွဲ့ဝင်တစ်ဦး၊ DKBA ဘက်က ၅ဦးနဲ့ BGF တပ်ဖွဲ့ဘက်က ၄ဦး ထက်မနည်း သေဆုံးခဲ့တယ်လို့ နယ်မြေခံ DKBA တာဝန်ရှိသူတဦးကို ကိုးကားပြီး Karen Information Center-KIC တိုင်းရင်းသတင်းမီဒီယာက သတင်းဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG