သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထားဝယ်မြို့အဝင် စစ်ဆေးရေးဂိတ်ကို PDF တိုက်ခိုက်


မုဒုံ-သံဖြူဇရပ်-ရေး-ထားဝယ်-မြိတ် အမှတ် ၈ လမ်းမကြီးပေါ် နယ်မြေစိုးမိုးရေးလုပ်ဆောင်ခဲ့ကြတဲ့ KNLA / PDF ပူးပေါင်းတပ်ဖွဲ့ (Courtesy: KNLA/PDF)
မုဒုံ-သံဖြူဇရပ်-ရေး-ထားဝယ်-မြိတ် အမှတ် ၈ လမ်းမကြီးပေါ် နယ်မြေစိုးမိုးရေးလုပ်ဆောင်ခဲ့ကြတဲ့ KNLA / PDF ပူးပေါင်းတပ်ဖွဲ့ (Courtesy: KNLA/PDF)

တနင်္သာရီတိုင်း၊ ထားဝယ်မြို့အဝင် စစ်ဆေးရေးဂိတ်တခုကို PDF ကာကွယ်ရေးတပ်ဖွဲ့က ဒီကနေ့ ပစ်ခတ်ခဲ့တာကြောင့် မြို့အဝင်အထွက် လမ်းကြောင်းအားလုံးကို စစ်ကောင်စီက ပိတ်ထားတဲ့အတွက် အခြေအနေတွေကို စိုးရိမ်နေကြောင်း ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။ ပစ်ခတ်မှုကြောင့် နှစ်ဖက်ထိခိုက်မှုရှိပြီး ဂိတ်နဲ့နီးကပ်တဲ့ ရွာတွေဘက်ကိုလည်း လက်နက်ကြီး ကျရောက်ခဲ့တာကြောင့် အရပ်သားထိခိုက်မှု ရှိခဲ့တယ်လို့ ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး မမြသဇင်အောင်က တင်ပြပေးမှာပါ။

ထားဝယ်မြို့အဝင် အိမ်ရှေ့ပြင် စစ်ဆေးရေးဂိတ်မှာ ဒီကနေ့ နေ့လည် ၁၁ နာရီဝန်းကျင်အချိန် စစ်ကောင်စီနဲ့ PDF ဒေသခံ တော်လှန်ရေး အဖွဲ့ကြား အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ PDF တပ်ဖွဲ့ တာ၀န်ခံ တဦးက ဗွီအိုအေကို ပြောပါတယ်။ အဲဒီ ပစ်ခတ်မှုပြီးချိန်မှာပဲ အနီးနားက မောင်မယ်ရှောင်ရွာ ကို စစ်ကောင်စီက ပစ်တဲ့ လက်နက်ကြီးကျရောက်ပြီး အရပ်သားထိခိုက်မှုနဲ့ နေအိမ်ပျက်စီးတာတွေ ရှိခဲ့တယ်လို့ ပြောပါတယ်။

"အိမ်ရှေ့ပြင်မှာ တိုက်ပွဲဖြစ်ပြီးတော့ လက်နက်ကြီး မောင်မယ်ရှောင်ရွာကို ကျပြီးတော့ အိမ်နှစ်ဆောင် ပြိုသွားတယ်။ အဖိုးကြီးတယောက် ထိခိုက်လား၊ သေဆုံးလား မသိဘူး။ အဲဒါတော့ ကြားထားတယ်ဗျ။ သူတို့ နှစ်ခုက ဆက်စပ်နေတယ်။ အိမ်ရှေ့ပြင်နဲ့ မောင်မယ်ရှောင်ရွာက ကပ်ကပ်လေးပဲ။ တရွာပဲခြားတာ။"

စစ်ဆေးရေးဂိတ် ပစ်ခတ်မှုမှာ နှစ်ဖက်လုံး အပြန်အလှန် ထိခိုက်မှုရှိပြီး အရပ်သားထိခိုက်မှုကိုတော့ ဗွီအိုအေအနေနဲ့ သီခြား စုံစမ်းလို့ မရသေးပါဘူး။ ထားဝယ်မြို့ အဝင်အထွက် လမ်းကြောင်းတွေကို ပစ်ခတ်မှုဖြစ်ပြီး ချိန်ကတည်းက စစ်ကောင်စီက ပိတ်လိုက်တယ်လို့ PDF တာ၀န်ခံက ဆက်ပြောပါတယ်။

"ထိခိုက်မှုက နှစ်ဖက်စလုံးရှိတာ အတည်ပြုထားတယ်။ ကျနော်တို့ PDF ဘက်ရော၊ စစ်တပ်ဘက်ကရော။ နှစ်ဖက်ထိခိုက်မှုရှိတယ်။ အရပ်သားထိခိုက်မှု ဘယ်လောက်ရှိတယ်ဆိုတာ အတည်မပြုရသေးဘူး။ ထားဝယ်မြို့အထွက် သရက်ချောင်း - ထားဝယ် - မြိတ် ကားလမ်းအထွက် ပေါက်တိုင်းတံတားနဲ့ ဟိုဘက် ကမြောကင်းအထွက်၊ ကမြောကင်းတံတားကြီးကို ပိတ်ထားလိုက်တယ်ဗျ။ ကလိန်အောင် တံတားလည်း မနက်ကတည်းက ပိတ်ချထားတယ်ဗျ။"

စစ်ဆေးရေးဂိတ်မှာ ၃ နာရီနီးပါး ပစ်ခတ်မှုဖြစ်ခဲ့ပြီး လမ်းတွေကို စစ်ကောင်စီဘက်က ပိတ်ထားလိုက်တာပါ။ တံတားတွေအပါအ၀င် ထားဝယ်မြို့ အဝင်အထွက် လမ်းကြောင်းတွေကို ဒီကနေ့ နေ့လည်ကစပြီး ပိတ်လိုက်တာလို့ ဒေသခံတဦးကလည်း ဗွီအိုအေကို အတည်ပြုပါတယ်။ ကမြောကင်းတံတား၊ ပေါက်တိုင်းတံတား၊ ဗျောတောဝဂိတ်နဲ့ အခုပစ်ခတ်မှုဖြစ်တဲ့ အိမ်ရှေ့ပြင် စခန်းဂိတ်ဟာ ထားဝယ်မြို့ရဲ့ အဝင် ဂိတ် ၄ ခုဖြစ်ပါတယ်။

အခုလို တနင်္သာရီတိုင်းထဲမှာ တိုင်းရင်းသားနဲ့ တော်လှန်ရေးပူးပေါင်းအင်အားစုတွေနဲ့ စစ်ကောင်စီကြား တိုက်ပွဲအရှိန်မြင့်လာတာကြောင့် ခရီးသွားဂိတ်တွေ၊ လမ်းတွေကို စစ်တပ်ကပိတ်ထားတာဟာ ရက်အတော်ကြာနေပြီလို့ ဗွီအိုအေက စုံစမ်းသိရှိရပါတယ်။ တနင်္သာရီတိုင်းအတွင်း ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်နေသူ တဦးကတော့ မေလ ၅ ရက်နေ့ကစပြီး ဒီကနေ့အထိ တိုက်ပွဲအခြေအနေကြောင့် သွားလာလို့ မရသေးကြောင်း အခုလို ဗွီအိုအေကို ပြောပါတယ်။

"စစ်ကောင်စီလည်းရှိတယ်။ KNU လည်းရှိတယ်။ PDF လည်းရှိတယ်။ သူတို့တွေက လမ်းအပိုင်းခြားလိုက်ပဲ ရှိနေကြတာ။ ဘယ်အဖွဲ့တွေ ဆိုတာကိုတော့ တခါတလေ အဝေးကနေ မြင်တာဆိုတော့ အဖွဲ့ကို သိပ်မမှတ်မိဘူး၊ ကိုယ်တွေက သာမန်လူတွေ ဆိုတော့လေ။ လမ်းတွေပိတ်တာက အခုတလောကို အခြေအနေ တော်တော်ဆိုးတာ။ အဲလို ရက်အကြာကြီး ပိတ်တယ်ဆိုတာ တခါမှ မဖြစ်ဖူးဘူး။ တခါတလေ ၁ ရက်ပိတ်တယ်၊ ၂ ရက်ပိတ်တယ်။ အများဆုံး ၃ ရက်ပဲ။ အဲလိုအများကြီး တခါမှ မပိတ်ဖူးဘူး။"

ထား၀ယ်မှာလည်း ဘယ်အချိန်အထိ မြို့အ၀င်ဂိတ်တွေအားလုံးကို ပိတ်ပင်ထားမလဲဆိုတာ မသိကြရသလို စစ်ကောင်စီဘက်က စုံစမ်းစစ်ဆေးမှုတွေကို တင်းတင်းကြပ်ကြပ်လုပ်ဆောင်နေတဲ့ အပေါ်မှာ အခြေအနေတွကို ဒေသခံတွေစိုးရိမ်နေကြပါတယ်။ စစ်ကောင်စီကတော့ ထား၀ယ်မြို့အခြေအနေကို သတင်းထုတ်ပြန်ခြင်းမရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG