သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထားဝယ် လောင်းလုံးမှာ စစ်တပ်နယ်မြေရှင်းလင်း ဒေသခံအများအပြားတိမ်းရှောင်


လောင်းလုံးမြို့
လောင်းလုံးမြို့
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ထဲမှာ စစ်တပ်ကနယ်မြေရှင်းလင်းရေးလုပ်နေပြီး ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ရေးတင်းမာနေပါတယ်။ စစ်ရေးတင်းမာမှုတွေကြောင့် ကျေးရွာ ၆ ရွာထက်မနည်းက ဒေသခံတွေ အိုးအိမ်စွန့်ခွာတိမ်းရှောင်နေကြရပါတယ်။ တနင်္သာရီတိုင်းထဲက စစ်ရေးနဲ့ ဒုက္ခသည် အခြေအနေ သတင်းပေးပို့ချက်ကို နန်းလောဝ်ပြောပြပါမယ်။
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်ထဲက လောင်းလုံးမြို့နယ်ထဲကို စစ်တပ်ဖက်က နယ်မြေရှင်းလင်းရေး လုပ်နေတဲ့အတွက် စစ်ရေးတင်းမာနေတာပါ။ ထားဝယ်မြို့အနီး လောင်းလုံးမြို့ အထက်ပိုင်းမှာဆိုရင် ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေရှိနေပြီး လောင်းလုံးမြို့အောက်ပိုင်းမှာလည်း စစ်တပ်ရဲ့ စစ်ကြောင်း တွေကကျေးရွာတွေမှာ တပ်စွဲထားတယ်လို့ ဒေသခံတွေပြောပါတယ်။ လောင်းလုံးမြို့နယ် စစ်ရေးအခြေ အနေတွေနဲ့ ပတ်သက်လို့ လောင်းလုံးပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက အခုလို ပြောပါတယ်။

“ဒီလထဲမှာတော့ လောလောဆယ်မှာတော့ လောင်းလုံး အောက်ဖက်ခြမ်းမှာတော့ တိုက်ပွဲဖြစ်တာတွေ တော့ မရှိသေးပါဘူးခင်ဗျ။ လောင်းလုံးအပေါ်ဖက်ပိုင်း၊ ခမောင်းတောင် စခန်းကြီးတို့ဖက်မှာတော့ ၅ ခါနဲ့ ၁၀ ခါကြားမှာဖြစ်နေတယ်။ ထားဝယ်နဲ့ မြစ်ကမ်းနဘေးမှာဆိုတော့ ထားဝယ်နဲ့ ၁ မိုင်ကျော်ကျော်လောက် ပဲဝေးမယ်။ အဲ့ဒီ့ တကြောမှာပဲ စစ်ရေးတင်းမာနေတာ။”

ဇူလိုင် ၁၆ ရက်မှာလည်း ခမောင်းတောင်အနီးမှာ စစ်တပ်နဲ့ကာကွယ်ရေး တပ်ဖွဲ့တွေ တိုက်ပွဲ ဖြစ်ခဲ့ပြီး စစ်တပ်ဖက်က နခံတောကျေးရွာက တောင်ပေါ်မှာလက်နက်ကြီး တပ်ဆင်ထားပြီးအနီးနားက ကျေးရွာ တွေကိုပစ်ခတ်နေတယ်လို့ ဒေသခံတွေပြောပါတယ်။ ပစ်ခတ်တဲ့လက်နက်ကြီး ကျရောက် ပေါက်ကွဲတာ ကြောင့် ဇူလိုင် ၁၅ ရက်ကဒေသခံအမျိုးသမီးတဦးလည်း သေဆုံးခဲ့တယ်လို့ စစ်ဘေးရှောင်ကူညီသူတွေက ပြောပါတယ်။

တိုက်ပွဲကြောင့် လောင်းလုံးအထက်ပိုင်းက ခမောင်းတောင်၊ နခံတော၊ စခန်းကြီး၊ ထိန်တွင်း စတဲ့ကျေးရွာ အပါအဝင်ကျေးရွာ ၆ရွာက ဒေသခံတွေ ဘေးလွတ်ရာတိမ်းရှောင်နေရပါတယ်။ တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ လောင်းလုံးအောက်ပိုင်းက ကျေးရွာတွေဖက်ကိုလည်း စစ်တပ်က နယ်မြေရှင်းလင်းရေးတွေ လုပ်နေတဲ့ အတွက် ဒေသခံတွေ စစ်ဘေးရှောင်နေကြရတယ်လို့ ထားဝယ်ခရိုင်သပိတ်ကော်မတီ တာဝန်ရှိသူ တဦးက ပြောပါတယ်။

“နခံတော ခမောင်းတောင်ဖက်ကို စစ်ကြောင်းထိုးဝင်ရောက်တာရှိတယ်။ စစ်ကြောင်းထိုး ဝင်ရောက်တဲ့ အခါမှာ အဲ့အနီးနား ပတ်ဝန်းကျင်က ၃/၄ ရွာပေါ့ဗျာ။ အကုန်ထွက်ပြေးတိမ်းရှောင်နေရတယ်။ လူတွေက။ ပြီးတော့ တချို့ရွာတွေဆိုရင်လည်း ထားဝယ်ဘက်ကို တက်လာလို့မရတဲ့ အနေအထားတွေရှိနေတော့ စားနပ်ရိက္ခာအခက်အခဲတွေရှိနေတယ်။ ရွာသားသေဆုံးတာတွေလည်းရှိတယ်။ ၁၅ ရက်နေ့မှာဝင်တဲ့ စစ်ကြောင်းက လောင်းလုံးအောက်ဖက်ပေါ့ဗျာ။ အောက်ဖက်ကိုဝင်တော့လည်း အဲ့အနီးနား ပတ်ဝန်းကျင် ၄/၅ ရွာလောက်က ထွက်ပြေးတိမ်းရှောင်နေရတယ်။ ယာယီထွက်ပြေး တိမ်းရှောင်နေရတာပေါ့ဗျာ။ ပုံမှန် ကျွန်တော်တို့ဖက်မှာရှိတဲ့ စစ်ဘေးရှောင်က ပြီးခဲ့တဲ့လက အိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေလုပ်တော့ စစ်ရှောင်က အဓိက ရွာကြီး ၂ ရွာပေါ့ဗျာ။ အောက်ကျောက်ဝပ်ရွာနဲ့ ညောပြင်ပေါ့ဗျာ။ အဲ့ရွာက စစ်ရှောင် တွေက ၅ ထောင်ဝန်းကျင်လောက်ရှိတယ်။ အဲ့စစ်ရှောင်တွေက ပုံမှန် စစ်ရှောင်တွေလို့ ပြောလို့ရတာ ပေါ့ခင်ဗျ။”

အောက်ကျောက်ဝပ်ကျေးရွာနဲ့ ညောပြင်ကျေးရွာတို့က နေအိမ် ၁၀၀ ကျော်ဟာ အခုနှစ်မတ်လထဲမှာ မီးရှို့ခံရပြီး၊ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လောင်းလုံးမြို့နယ်အတွင်းမှာ နေအိမ် ၂၀၀ နီးပါး မီးရှို့ခံထားရတယ်လို့ မြေပြင်စာရင်းကောက်ယူထားသူတွေက ပြောပါတယ်။ နေအိမ်မီးရှို့ခံရတဲ့ အရေအတွက်နဲ့ ပတ်သက်လို့ ဗွီအိုအေက သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီဖက်ကလည်း သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG