သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထားဝယ် လောင်းလုံးမှာ တိုက်ပွဲပြင်းထန်နေ 


တနင်္သာရီတိုင်း ထားဝယ်မြို့နယ်အတွင်းက ကျောက်ထုတပ်စခန်းကို ပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ရက်က ဝင်ရောက်သိမ်းပိုက်ခဲ့ပြီး သိမ်းဆည်းနိုင်ခဲ့တဲ့ စစ်လက်နက်ပစ္စည်းများ။ (ဇန်နဝါရီ ၂၇၊ ၂၀၂၄)
တနင်္သာရီတိုင်း ထားဝယ်မြို့နယ်အတွင်းက ကျောက်ထုတပ်စခန်းကို ပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ရက်က ဝင်ရောက်သိမ်းပိုက်ခဲ့ပြီး သိမ်းဆည်းနိုင်ခဲ့တဲ့ စစ်လက်နက်ပစ္စည်းများ။ (ဇန်နဝါရီ ၂၇၊ ၂၀၂၄)

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေး အဖွဲ့တွေကြား ဇန်နဝါရီလ ၃၀ ရက်နေ့က တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ စစ်ကောင်စီဘက်က ရေကြောင်းကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ အရပ်သားပြည်သူ ထိခိုက်တာတွေလည်း ရှိတယ်လို့ ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ ဇန်နဝါရီလ ၃၀ ရက်၊ အင်္ဂါနေ့မနက်ပိုင်းက စတင်ပြီး နေ့လယ်အထိ အပြန်အလှန်ပစ်ခတ်တာတွေ ရှိခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲဘော်တဦးက ပြောပါတယ်။ အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က စစ်သင်္ဘောနဲ့ လက်နက်ကြီး လက်နက်ငယ်တွေပါ ပစ်ခတ်တာတွေရှိလို့ အရပ်သားပြည်သူ ထိခိုက်သေဆုံးတဲ့ အခြေအနေလည်း ရှိတယ်လို့ ပြောပါတယ်။

"နေ့လယ်လောက် အထိတော့ ဖြစ်တယ်။ အခုကတော့ ငြိမ်နေတယ်ပေါ့။ ရေကြောင်းက စစ်သင်္ဘောနဲ့ လာပစ်တာတော့ ရှိတယ်ဗျ။ ထားဝယ်ကနေလည်း လက်နက်ကြီးနဲ့ လှမ်းပစ်တယ်။ ပြီးရင် အနောက်ဘက် ပင်လယ်ကနေလည်း လှမ်းပစ်တယ်။ ဒီနေ့ဖြစ်တဲ့ဟာက ကျနော်တို့ဘက်ကနေ သူတို့ခြေကုပ်ယူထားတဲ့စခန်းတွေကို ဝင်တိုက်တာကနေ ဆက်တိုက်ဖြစ်သွားတာဗျ။ သူတို့က လက်နက်ကြီးတွေနဲ့ ပြည်သူတွေရှိတဲ့နေအိမ်တွေကို ပစ်တာဗျ။ ပြည်သူတွေလည်း ထိခိုက်မှုရှိတယ်။ မနားတမ်းပစ်နေတော့ ဆေးကုသဖို့ အခက်အခဲ ဖြစ်သွားတယ်။ အခုလက်ရှိ အခြေအနေထိတော့ ပြည်သူတွေ သေဆုံး၊ ထိခိုက်မှုတွေ မသိရသေးဘူးဗျ။ ထိတာတွေတော့ ရှိတယ်ဗျ။"

စစ်ကောင်စီတပ်တွေ အထိုင်ချတဲ့နေရာကို ဝင်ရောက်တိုက်ခိုက်ရင်း အခုလို တိုက်ပွဲတွေ ပြင်းထန်ခဲ့တာလို့ ပြောပါတယ်။ လက်နက်ကြီးနဲ့ ပစ်ခတ်သံတွေကို မနက်အစောပိုင်း လူခြေတိတ်ချိန်မှာတော့ ကြားရတယ်လို့ ထားဝယ်မြို့ခံ တဦးကလည်း ပြောပါတယ်။

"လောင်းလုံးမြို့နယ်ရဲ့ အနောက်ဘက်မှာ ပင်လယ်ရှိတယ်။ အဲဒီပင်လယ်ကနေ စစ်သင်္ဘောတွေနဲ့ လှမ်းပြီးပစ်တာ။ မနက်ပိုင်းကတော့ အဲဒီလို လှမ်းပြီးပစ်နေသံတွေ ကြားတော့ကြားတယ်ပေါ့နော်။ ထားဝယ်မြို့ပေါ်မှာတော့ သိပ်ပြီးတော့ ထူးခြားတာမရှိဘူး။ ပုံမှန်ပဲပေါ့။"

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်မှာလည်း အင်္ဂါနေ့မနက်ပိုင်း ပစ်ခတ်တာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ တိုက်ပွဲကြောင့် မြိတ်-ထားဝယ် ပြည်ထောင်စုလမ်းပေါ် အသွားအလာ ကန့်သတ်ထားတာလည်း ရှိခဲ့တယ်လို့ ပြောပါတယ်။

တနင်္သာရီတိုင်းအတွင်းက တိုက်ပွဲတွေကြောင့် စစ်ရှောင်သူဦးရေလည်း တိုးလာနေပါတယ်။ တနင်္သာရီမြို့နယ်ထဲမှာ ရွာပေါင်း ၈ ရွာက စစ်ရှောင်နေရသူ ၆,၀၀၀ ဝန်းကျင်လောက် ရှိနေပါတယ်။ စစ်ရှောင်သူတွေဟာ အခက်အခဲတွေ ကြုံနေရပေမယ့် သူတို့ရဲ့နေရပ်မှာ တိုက်ပွဲတွေနဲ့ လက်နက်ကြီးကျရောက်တာတွေ ဆက်ပြီးရှိနေသေးလို့ အိမ်ပြန်မနေရဲသေးဘူးလို့ သူတို့ကို ကူညီပေးနေတဲ့ တွဲလက်ညီညီ စစ်ရှောင်ကူညီရေးအဖွဲ့ဝင် တဦးက ပြောပါတယ်။

"စစ်ရှောင်အခြေအနေကတော့ အရင်အခြေအနေ အတိုင်းပါပဲခင်ဗျ။ အခုအချိန်ကတော့ ညောင်ပင်ကွင်းမှာ ဖြစ်နေတာဆိုတော့ စစ်ရှောင်သူဦးရေ နည်းနည်းတော့ တိုးတယ်ဗျ။"

ထားဝယ်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ကျောက်ထုတပ်စခန်းကို ဇန်နဝါရီလ ၂၄ ရက်၊ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းက KNU တပ်မဟာ (၄) နဲ့ (၆) အပါအဝင် တနင်္သာရီတိုင်း ဒေသခံပြည်သူ့ကာကွယ်ရေး အဖွဲ့တွေ ပူးပေါင်းသိမ်းပိုက်ခဲ့ပါတယ်။ အဲဒီနောက်မှာပဲ စစ်ကောင်စီအဖွဲ့တွေ တနင်္သာရီတိုင်းထဲ အင်အားပိုတိုးလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တနင်္သာရီတိုင်းအတွင်းက ထိတွေ့တိုက်ပွဲတွေမှာတော့ စစ်ကောင်စီဘက်က ရေကြောင်းကို အဓိကအားထားပြီး ပြန်လည်တိုက်ခိုက်တာမျိုး ရှိတယ်လို့လည်း ပြောပါတယ်။ ဒီ တိုက်ပွဲဖြစ်စဉ်တွေနဲ့ပတ်သက်လို့တော့ စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်ပြောဆိုထားတာမရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG