သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထားဝယ်ခရိုင် အရှေ့တောမှာ တိုက်ပွဲပြင်းထန်


ထားဝယ်ခရိုင်တိုက်ပွဲအတွင်း စစ်ကောင်စီယာဉ်တန်းကို မြင်တွေ့ရစဉ်။ ဖေဖော်ဝါရီ ၂၂၊ ၂၀၂၄
(ဓာတ်ပုံ - တနင်္သာရီတိုင်း တော်လှန်ရေးအဖွဲ့)
ထားဝယ်ခရိုင်တိုက်ပွဲအတွင်း စစ်ကောင်စီယာဉ်တန်းကို မြင်တွေ့ရစဉ်။ ဖေဖော်ဝါရီ ၂၂၊ ၂၀၂၄ (ဓာတ်ပုံ - တနင်္သာရီတိုင်း တော်လှန်ရေးအဖွဲ့)

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ အရှေ့တောဒေသမှာ စစ်ရေးတင်းမာနေပြီး စစ်ကောင်စီဘက်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ဒီကနေ့အထိ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လေကြောင်းရန်နဲ့ တိုက်ပွဲကြောင့် အနီးဝန်းကျင်က ရွာခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေပါတယ်။ ဒီအကြောင်း ပေးပို့ထားတဲ့ သတင်းကို မဆုမွန် ပြောပြမှာပါ။

ထားဝယ်ခရိုင်၊ အရှေ့တောဒေသမှာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA နဲ့ တနင်္သာရီတိုင်းအတွင်းက ပူးပေါင်းတပ်တွေ စုပေါင်းပြီး စစ်ကောင်စီနဲ့ တိုက်ပွဲပြင်းထန်နေတာ ဒီကနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နေ့လည်ပိုင်းအထိ ဖြစ်နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

"စစ်ရေးတင်းမာမှုတွေ ဖြစ်နေတုန်းပဲ။ စစ်ကောင်စီဘက်ကလည်း လေယာဉ်တွေသုံးနေတယ် ဆိုတော့လေ။ ပြည်သူတွေကတော့ လက်ရှိစစ်ရှောင် ထွက်ပြေးနေရတာပေါ့။ လေယာဉ်နဲ့ ဗုံးချတဲ့ကိစ္စတွေက ကာကွယ်ရေးအဖွဲ့တွေဆီကို မကျဘဲနဲ့ ရွာထဲကိုပဲ ကျနေတဲ့အခါကျတော့ ပြည်သူတွေထိတာပေါ့။ မနေ့ကတော့ လေကြောင်းနဲ့ လက်နက်ကြီးချတဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ ကျေးရွာ ၂ ရွာကို ကျတယ်လေ။ မေတ္တာနဲ့ ရွှေချောင်းဆိုတဲ့ နေရာကို ကျတာပေါ့နော်။ အဲဒီအနီးအနားတဝိုက် ပကာရီအနီးတဝိုက် ပြည်သူတွေအကုန်လုံး ဟိန္ဒားဘက်ကို ပြောင်းနေရတဲ့ အနေအထားရှိတယ်။"

လက်နက်ကြီးဒဏ်ကြောင့် အရပ်သားထိခိုက် သေဆုံးတာရှိတယ် ဆိုပေမယ့် တိုက်ပွဲအခြေအနေကြောင့် အတည်ပြုနိုင်ဖို့ ခက်ခဲနေတယ်လို့ ပြောပါတယ်။ တိုက်ပွဲအတွင်းမှာ နှစ်ဘက်ထိခိုက် သေဆုံးတာနဲ့ စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းတချို့ကို တော်လှန်ရေးအဖွဲ့တွေဘက်က သိမ်းဆည်းနိုင်ခဲ့ပေမယ့် အတိအကျကိုတော့ သက်ဆိုင်ရာဌာနအလိုက် ထုတ်ပြန်လိမ့်မယ်လို့ တော်လှန်ရေးရဲဘော်တဦးက ပြောပါတယ်။

"စစ်ရေးနဲ့ပတ်သက်ပြီး ကျနော်မပြောလိုဘူး။ ဒါကျတော့ သက်ဆိုင်ရာဌာနအလိုက်က ကြေငြာချက်ထုတ်လိမ့်မယ်လို့ ကျနော်ယူဆတယ်။ အဲဒါကြောင့်မို့ မပြောချင်ဘူးပေါ့။ စစ်ရေးကတော့ တင်းမာနေတုန်းပဲ ရှိသေးတယ်။ ဖြစ်နေတာက အရှေ့တောတခွင်လို့ ပြောလို့ရတာပေါ့။ ဘာကြောင့်လဲဆို ဒီနေရာက တော်တော်လေးကို ဖြစ်နေတဲ့နေရာပေါ့။ အနီးတဝိုက်က မေတ္တာ၊ ပကာရီ၊ ရွာတွေက တော်တော်များတဲ့ အခါကျတော့ ကျနော်တို့လည်း တိတိကျကျ ဖော်ပြဖို့က တော်တော်လေးခက်တယ်။"

ထားဝယ်-ထီးခီး လမ်းတလျှောက် မောင်းနှင်းလာတဲ့ စစ်ကောင်စီယာဉ်တန်းကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့တုန်းက ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA နဲ့ တနင်္သာရီတိုင်းအတွင်းက ပူပေါင်းတပ်တွေ စုပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီအချိန်ကစပြီး ဒီကနေ့အထိ အပြန်အလှန် စစ်ရေးတင်းမာနေတာပါ။

စစ်ကောင်စီဘက်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲအတွင်းမှာ ဒေသခံနေအိမ်တွေ ပျက်စီးတာနဲ့ အရပ်သားထိခိုက် သေဆုံးတာတွေရှိပေမယ့် အတည်ပြုနိုင်ဖို့ ခက်ခဲနေပါတယ်။ တိုက်ပွဲအနီးဝန်းကျင်မှာရှိတဲ့ ဒေသခံတွေကတော့ ရွာတွေထဲမနေရဲတော့ဘဲ ဘေးလွတ်ရာဆီ ထွက်ပြေးနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG