သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထားဝယ်မြို့နယ်တွင်း စစ်ကောင်စီစခန်းကို KNU သိမ်းယူ 


တနင်္သာရီတိုင်း ထားဝယ်မြို့နယ်အတွင်းက ကျောက်ထုတပ်စခန်းကို ပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ရက်က ဝင်ရောက်သိမ်းပိုက်ခဲ့ပြီး သိမ်းဆည်းနိုင်ခဲ့တဲ့ စစ်လက်နက်ပစ္စည်းများ။ (ဇန်နဝါရီ ၂၇၊ ၂၀၂၄)
တနင်္သာရီတိုင်း ထားဝယ်မြို့နယ်အတွင်းက ကျောက်ထုတပ်စခန်းကို ပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ရက်က ဝင်ရောက်သိမ်းပိုက်ခဲ့ပြီး သိမ်းဆည်းနိုင်ခဲ့တဲ့ စစ်လက်နက်ပစ္စည်းများ။ (ဇန်နဝါရီ ၂၇၊ ၂၀၂၄)

ကရင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တွေ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး တနင်္သာရီတိုင်း ထားဝယ်မြို့နယ်အတွင်းမှာတော့ စစ်ကောင်စီရဲ့ကျောက်ထုတပ်စခန်းကို ကရင်အမျိုးသားအစည်းအရုံးတပ်မဟာ (၄) တပ်မဟာ (၆) နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဒီရက်ပိုင်းမှာပဲ ဝင်ရောက်သိမ်းပိုက်ခဲ့ပါတယ်။ ဒါဟာ တနင်္သာရီတိုင်းအတွင်းမှာ ကေအန်ယူက ပထမဦးဆုံး စခန်းသိမ်းခဲ့တယ်လို့ ဆိုပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တွေ တိုက်ပွဲတွေ ဆက်ဖြစ်နေသလို တနင်္သာရီတိုင်း ထားဝယ်မြို့နယ်အတွင်းက ကျောက်ထုတပ်စခန်းကို ပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ရက်က ဝင်ရောက်သိမ်းပိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က တပ်သား ဆယ်ဂဏန်းလောက် ထိခိုက်သေဆုံးတာတွေရှိခဲ့သလို စစ်လက်နက်အမြောက်အများ သိမ်းဆည်းရမိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

“တနင်္သာရီဘက်မှာ ကေအန်ယူနဲ့ပီဒီအက်ဖ်နဲ့ ပူးပေါင်းတပ်ဖွဲ့တွေပေါ့။ စခန်းတခုကို သိမ်းလိုက်တာ ရှိတယ်။ ကျောက်ထုတပ်စခန်းကို PDF နဲ့ နယ်မြေခံ ကေအန်ယူတပ်မဟာ ၄ တို့ ပူးပေါင်းပြီး သိမ်းလိုက်တယ်။ စစ်သားက အယောက် ၂၀ လောက်တော့ သေတယ်။ ဒီတခေါက် သေနတ်တွေလည်း ရတယ်။ စခန်းသိမ်းတယ်ဆိုတော့ လက်နက်တွေအများအပြားရရှိတယ်။”

ဘန်ချောင်းဒေသရှိ ကမ်းရိုးတန်း ဒေသတိုင်း စစ်ဌာနချုပ်လက်အောက်ခံ ခလရ ၂၇၃ ခြေကုပ်ယူ တပ်စွဲထားတဲ့စခန်းကို သိမ်းပိုက်ရာမှာ စစ်ကောင်စီဘက်က လူဦးရေဆယ်ဂဏန်းလောက် သေဆုံးပြီး ၇ ယောက် အရှင်ဖမ်းမိသလို လက်နက်တွေလည်း သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပူးပေါင်း တပ်ဖွဲ့တွေဘက်က ပြောပါတယ်။ ကေအန်ယူတပ်မဟာ (၄) နဲ့ (၆) လက်အောက်ခံတပ်တွေ ပူးပေါင်းတိုက်ခဲ့တာဖြစ်ပြီး ဒါဟာ တပ်မဟာ (၄) နယ်မြေမှာ ကေအန်ယူအနေနဲ့ ပထမဦးဆုံးအကြိမ် စခန်းသိမ်းခဲ့တာဖြစ်ပါတယ် ။

ဇန်နဝါရီလ ၂၈ ရက်နေ့ကတော့ ကော့ကရိတ်မြို့နယ်ထဲမှာ ထိုးစစ်ဆင်ဖို့အတွက် ပြင်ဆင်နေသလို

စစ်ကောင်စီဘက်ကတော့ လက်နက်ကြီးတွေပစ်ခတ်နေတာကြောင့် ဒေသခံတွေလည်း ဘေးလွတ် ရာကို ထွက်ပြေးနေရပါတယ်။ ထိုးစစ်ဆင်ဖို့ စစ်တပ်အင်အားတွေ တိုးချဲ့လာတာ ရှိတယ်လို့လည်း ဆက်ပြောပြပါတယ်။

“သူတို့က ထိုးစစ်ဆင်ဖို့ပြင်နေတယ်။ ၂၈ ရက်နေ့ကတော့ စစ်ကား ၁၀ စီး စစ်သားအပြည့်နဲ့ အိန္ဒုကနေ ထွက်လာပြီး အပေါ်ဘက်ကို တက်လာတယ်။ လောလောဆယ် ထိုးစစ်ဆင်ဖို့ပြင်နေတယ်။ ကျနော်တို့နဲ့တော့ ရင်ဆိုင်တိုက်ပွဲတွေလည်းရှိနေပါတယ်။ ဒီဇင်ဘာလကစပြီး ရပ်သွားတဲ့နေ့မရှိဘူး။ တပ်မဟာ ၆ ထဲမှာတော့ နေ့တိုင်းနီးပါး တိုက်ပွဲတွေ ဖြစ်နေပါတယ်။”

ဇန်နဝါရီလ ၂၇ ရက်နေ့ကတော့ ကေအန်ယူတပ်မဟာ (၆) ထိန်းချုပ်ရာနေရာတွေကို စစ်ကောင်စီ ဘက်က လေကြောင်းတိုက်ခိုက်ခဲ့ရာမှာ ဗုံးအလုံးရေ တရာကျော်လောက် ကြဲချခဲ့တယ်လို့ ပူးပေါင်း တပ်ဖွဲ့တွေဘက်ကပြောပါတယ်။ တနင်္သာရီတိုင်းဘက်က စစ်တပ်တပ်စခန်းတခုကျသွားတာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကို ဆက်သွယ်မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူးရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG