သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထားဝယ်ခရိုင်မှာ စစ်ကောင်စီနဲ့ တိုက်ပွဲပြင်းထန်


ထားဝယ်ခရိုင်တိုက်ပွဲအတွင်း စစ်ကောင်စီယာဉ်တန်းကို မြင်တွေ့ရစဉ် (ဓာတ်ပုံ - တနင်္သာရီတိုင်း တော်လှန်ရေးအဖွဲ့)
ထားဝယ်ခရိုင်တိုက်ပွဲအတွင်း စစ်ကောင်စီယာဉ်တန်းကို မြင်တွေ့ရစဉ် (ဓာတ်ပုံ - တနင်္သာရီတိုင်း တော်လှန်ရေးအဖွဲ့)

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ အရှေ့တောနယ်ဘက်မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီအင်အား ၃၀ ဝန်းကျင် သေဆုံးပြီး ယာဉ် ၁၂ စီးနဲ့ လက်နက်ခဲယမ်းတချို့ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။ ဒီအကြောင်း ပေးပို့ထားတဲ့သတင်းကို မအိသန့်စင်က ပြောပြမှာပါ။

ထားဝယ်ခရိုင်၊ အရှေ့တောနယ်ဘက်မှာ မနေ့ကစပြီး တိုက်ပွဲပြင်းထန်ခဲ့ပြီး ဒီကနေ့ ဖေဖော်ဝါရီ ၂၂ ရက်၊ ညနေအချိန်ထိ တိုက်ပွဲဖြစ်နေတုန်းပဲလို့ ဒေသခံတဦးက ပြောပါတယ်။

"အခုချိန်ထိလည်း ဖြစ်နေတုန်းပဲဗျ။ လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်တာတွေလည်း ရှိနေတယ်။ အခု ဒီနေ့လည်း တိုက်နေတယ်။ တင်းမာနေတဲ့ အခြေအနေထက် ပိုတယ်ပေါ့နော်။ အခုလက်ရှိကတော့ တော်တော်လေးကို တိုက်ပွဲပြင်းထန်နေတယ်လို့ ပြောလို့ရတယ်။"

ထားဝယ်-ထီးခီး လမ်းတလျှောက် မောင်းနှင်းလာတဲ့ စစ်ကောင်စီယာဉ်တန်းကို ဒီလလယ်ပိုင်းက ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA နဲ့ တနင်္သာရီတိုင်းအတွင်းက ပူးပေါင်းတပ်တွေ စုပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီက လေကြောင်းကနေပါ ဗုံးကြဲတိုက်ခိုက်တယ်လို့ တော်လှန်ရေးရဲဘော်တဦးက ပြောပါတယ်။

"ထီးခီးလမ်းကြောင်း တလျှောက်ကို စစ်ကောင်စီကားတန်း ၁၇ စီးပါတယ်။ အဲဒီကားတန်းနဲ့ အင်အား ၃၀၀ လောက်က ထီးခီးဘက်ကို စစ်ကြောင်းဝင်တယ်ပေါ့။ ဝင်တဲ့အချိန်မှာ ၁၇ ရက်နေ့က စပြီးတော့ လမ်းတန်းတလျှောက် တိုက်ခိုက်ခံရတယ်။ မနေ့ကကျတော့ သူတို့က ဝကုန်းကျေးရွာကို ရောက်လာတယ်။ အဲဒီမှာ တိုက်ပွဲက ပြင်းထန်တယ်။ သူတို့ဘက်လည်း အထိနာတယ်ပေါ့။ မနေ့ကစပြီးတာ့ သူတို့ဘက်က ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်တယ်။ ရဟတ်ယာဉ်နှစ်စီးနဲ့ ပစ်ခတ်ဗုံးကြဲတယ်။ ဒီနေ့ကတော့ တစီးနဲ့ ပစ်ခတ်ဗုံးကြဲနေတယ် အခုလက်ရှိပေါ့။"

စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းနိုင်ခဲ့တဲ့ အခြေအနေနဲ့ အတည်ပြုနိုင်တဲ့ ကျဆုံးဦးရေကိုလည်း အခုလိုပြောပါတယ်။

"ဒီနေ့ကတော့ အခုလက်ရှိ ဖြစ်နေတဲ့အခြေအနေပဲ ရှိနေသေးတယ်။ မနေ့ကအထိတော့ သူတို့ယာဉ်တန်းကား ၁၂ စီးသိမ်းဆည်း ရမိတယ်ပေါ့နော်။ ၇ စီးကတော့ မီးလောင်ပျက်စီးသွားတယ်။ ပြီးတော့ သူတို့ဆီကနေ လက်နက်ခဲယမ်းတွေလည်း ရလိုက်တယ်။ နှစ်ဖက်ထိခိုက် သေဆုံးမှုကတော့ ရှိပါတယ်။ စစ်ကောင်စီဘက်က တော်တော်များများ ထိခိုက်သေဆုံးမှုရှိတယ်။ ၃၀ လောက်တော့ အနည်းဆုံးသေဆုံးတယ်လို့ အတည်ပြုလို့ရတယ်။"

ဒီကနေ့ ညနေအချိန်အထိ တိုက်ပွဲပြင်းထန်နေပြီး လေကြောင်းကနေ ဗုံးကြဲတာလည်း ရှိနေတယ်လို့ သိရပါတယ်။ နောက်ဆက်တွဲ အခြေအနေကိုတော့ ဆက်ပြီးစုံစမ်းနေပါတယ်။ စစ်ကောင်စီဘက်ကတော့ အခုဖြစ်ပွားနေတဲ့ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်းက တိုက်ပွဲနဲ့ပတ်သက်လို့ တစုံတရာ ထုတ်ပြန်ပြောဆိုတာမျိုး မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG