သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထားဝယ် သရက်ချောင်း မိုင်းနင်းမိလို့ ကလေးငယ်တဦး ခြေထောက်ပြတ်


ထားဝယ် သရက်ချောင်းဒေသ (photo: C J)
ထားဝယ် သရက်ချောင်းဒေသ (photo: C J)

ထားဝယ် သရက်ချောင်း မိုင်းနင်းမိလို့ ကလေးငယ်တဦး ခြေထောက်ပြတ်

ဒီရက်ပိုင်းထဲ တနင်္သာရီတိုင်း ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်မှာ အရပ်သားပြည်သူ မိုင်းနင်းမိတဲ့ ဖြစ်စဉ်တွေရှိနေပြီး၊ အဲဒီထဲမှာ အရွယ်မရောက်သေးတဲ့ ကလေးငယ်လည်း ပါဝင်နေပါတယ်။ မိုင်းနင်းမိတဲ့ နေရာတွေက စစ်ကောင်စီ စခန်းချနေထိုင်တဲ့ နေရာတွေဖြစ်တယ်လို့လည်း ပြောဆိုတာတွေ ရှိနေပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

တနင်္သာရီတိုင်း ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်က ကင်းရှေ့ကျေးရွာမှာ ဖေဖော်ဝါရီလ ၁၅ ရက်၊ ကြာသပတေး နေ့က အသက် ၁၁ နှစ်အရွယ် ကလေးငယ်တဦး မိုင်းနင်းမိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရော်ဘာခြံထဲမှာ ဆော့ကစားနေရင်း မိုင်းနင်းမိလို့ ဘယ်ဘက်ခြေတဖက် ပြတ်သွားပြီး ကလေးငယ်ကို ခွဲစိတ်ကုသဖို့အတွက် အဲဒီနေ့မှာပဲ မိသားစုဝင်တွေနဲ့အတူ မြို့ပေါ်တက်သွားကြတယ်လို့ သိရပါတယ်။ အခုမိုင်းထိတဲ့ ကျေးရွာမှာ စစ်ကောင်စီအဖွဲ့တွေ လှုပ်ရှားသွားလာခဲ့ပြီး မိုင်းထောင်ထားတာတွေလည်း ရှိတယ်လို့ သရက်ချောင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဆက်သွယ်ရေးနဲ့ သတင်းပြန်ကြားရေး တာဝန်ခံ ကိုဖြိုးကိုကိုက ပြောပါတယ်။

"ကင်းရှေ့နဲ့ စော်ဖျားနဲ့က နီးနီးလေးရယ်၊ တကြောင်းတည်းပဲ။ စော်ဖျားကနေ ရှင်မော်အထိက ကွန်ကရစ်လမ်း တအားကောင်းတော့ စစ်ကောင်စီက အဲဒါပြန်ဆုတ်လိုက်ပြီး တောက်လျှောက်မှာ မိုင်းတွေထောင်ထားခဲ့တယ်။ ဒီလမ်းမပေါ် တောက်လျှောက်က သွားလို့မရဘူး။ စော်ဖျားနဲ့ ကင်းရှေ့နဲ့က နီးနီးလေးရယ်၊ ကပ်နေတာဆိုတော့ တောက်လျှောက် ဒီလမ်းမကလွဲပြီးတော့ အောက်ဘက်ကို ဆင်းလို့မရဘူး။ မိုင်းတွေထောင်ထားခဲ့တာ ရှိတယ်။"

သရက်ချောင်းမြို့နယ်က ဘုရားစေတီကုန်းမှာ အာဏာသိမ်းစ ကာလကတည်းက စစ်ကောင်စီအဖွဲ့တွေ စခန်းချနေထိုင်ခဲ့ပြီး ကင်းရှေ့နဲ့ စော်ဖျားကျေးရွာမှာလည်း သွားလာလှုပ်ရှားတာတွေ ရှိခဲ့တယ်လို့ ပြောပါတယ်။

"၂၀၂၁ နှစ်ဝက်လောက်ကတည်းက တောက်လျှောက် သူတို့တွေက ဘုရားစေတီကုန်းမှာ စခန်းချထားတာ။ မကြာသေးခင်ကမှ သူတို့ဆုတ်လိုက်တာ။ ဆုတ်ပြီးတော့ ကင်းရှေ့မှာ သူတို့က ရပ်လိုက်တာ။ စော်ဖျားမှာဆိုရင် ပြည်သူတွေကိုတောင် ဝင်ခွင့်မပေးထားသေးဘူး။ နယ်မြေရှင်းလင်းရေးလည်း မလုပ်ရသေးတဲ့ အခါကျတော့ ထိရှလွယ်တဲ့ နေရာလည်းဖြစ်တော့ စိုးရိမ်စရာတွေတော့ အများကြီးရှိတာပေါ့။"

ဖေဖော်ဝါရီလ ၁၁ ရက်၊ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကလည်း ပန်းတောကျေးရွာမှာ ရော်ဘာသွားခြစ်ရင်း အမျိုးသမီးတဦး မိုင်းနင်းမိလို့ ခြေတဖက် ပြတ်ခဲ့ပါတယ်။ အဲဒီဖြစ်စဉ်မဖြစ်ခင် တရက်အလိုက စစ်ကောင်စီအဖွဲ့ဝင်တွေ အင်အားအလုံးအရင်းနဲ့ ရောက်လာတာလည်း ရှိခဲ့တယ်လို့ ကိုဖြိုးကိုကိုက ပြောပါတယ်။

"ပန်းတောရွာမှာ မိုင်းနင်းမမိခင် တရက်အလိုမှာ စစ်ကြောင်းထိုးတယ်။ စကစအင်အား ၆၂ ယောက်ပေါ့။ အဲဒီဒေသမှာ ရာဘာခြံထဲ ထားခဲ့ပြီးတော့မှ ကြာအင်းဘုန်းကြီးကျောင်းမှာ တညအိပ်ပြီးတော့ ပြန်ထွက်သွားတယ်။ ပန်းတောမှာ ဖြစ်သွားတုန်းက အဲဒီနေရာမှာတောင် ကျနော်ကရှိတယ်။ မနက် ၈ နာရီမှာ အန်တီကြီးတယောက် ရော်ဘာသွားခြစ်ရင်းနဲ့ ဒီလိုဖြစ်သွားတာဆိုတော့ ကျနော်တို့လုံးဝ စိတ်ပူသွားတာပေါ့။ ကျန်တဲ့သူတွေလည်း မသွားဖို့အတွက်ကို ပြောရတာတွေရှိတယ်။"

ဒေသခံတွေဟာ သူတို့ရဲ့နေအိမ်တွေဆီ ပြန်ချင်ပေမယ့်လည်း အခုလို မိုင်းထိနိုင်တဲ့ အန္တရာယ်ကို စိုးရိမ်ပူပင်တာတွေလည်း ရှိကြပါတယ်။ တချို့က တနင်္သာရီတိုင်းထဲမှာပဲ တိုက်ပွဲ ကင်းနိုင်မယ်ထင်တဲ့ နေရာတွေမှာ ရွှေ့ပြောင်းနေထိုင်ရင်း အိမ်မပြန်နိုင်ကြသေးပါဘူး။ သူတို့ရဲ့ ကျေးရွာအခြေအနေကို ခပ်လှမ်းလှမ်းကနေပဲ စနည်းနာရင်း ပြန်သွားကြသူတချို့လည်း ရှိတယ်လို့ စစ်ရှောင်သူတဦးက ပြောပါတယ်။

"စစ်ရှောင်သူတွေက ရွာတွေထဲ ပြန်ဝင်သူတွေလည်း ပြန်ဝင်ကြပြီ။ ပြန်မဝင်သူတွေလည်း များသေးတယ်။ သူတို့ကြောက်တော့ ကြောက်နေသေးတာပေါ့။"

သရက်ချောင်းမြို့နယ်မှာ ကျေးရွာအုပ်စု ၃၉ ခုရှိပြီး အခု မိုင်းနင်းမိတဲ့ နေရာတွေအပါအဝင် အနီးတဝိုက်မှာ စစ်ကောင်စီဘက်က စခန်းချနေထိုင်တာနဲ့ လှုပ်ရှားမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေကလည်း ပြောပါတယ်။

တနင်္သာရီတိုင်းထဲမှာ စစ်ကောင်စီဘက်က မြေပြင်အင်အား တိုးချဲ့တာ၊ လေယာဉ်ပျံသန်းတာတွေ ရှိတယ်လို့ တော်လှန်ရေးအဖွဲ့တွေနဲ့ ဒေသခံတွေက ပြောနေပေမယ့် စစ်ကောင်စီဘက်ကတော့ တစုံတရာ ထုတ်ပြန်ပြောဆိုတာမျိုး မရှိသေးပါဘူး။

ဗုံးခိုကျင်း တူးထားဖို့နဲ့ လေကြောင်းရန် သတိပေးချက်တွေကို တော်လှန်ရေးအဖွဲ့တွေဘက်က ထုတ်ပြန်ပေးနေပြီး မြေမြှုပ်မိုင်းအန္တရာယ် သတိရှိဖို့ တားမြစ်နေရာတွေဆီ မသွားကြဖို့ကိုလည်း သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG