သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အရေးနဲ့ ကုလသတိပေးချက်အပေါ် အမြင်တချို့ 


ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု ၆ နှစ်ပြည့် ဘင်္ဂလာဒေ့ရှ် ဒုက္ခသည်စခန်းရောက် ရိုဟင်ဂျာတွေ ဆန္ဒထုတ်ဖော် (သြဂုတ် ၂၅၊ ၂၀၂၃)
ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု ၆ နှစ်ပြည့် ဘင်္ဂလာဒေ့ရှ် ဒုက္ခသည်စခန်းရောက် ရိုဟင်ဂျာတွေ ဆန္ဒထုတ်ဖော် (သြဂုတ် ၂၅၊ ၂၀၂၃)

ရခိုင်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေ အသတ်ခံရမှုနဲ့ ပိုင်ဆိုင်မှုတွေ မီးရှို့ဖျက်ဆီးမှုတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂက သတိပေးလိုက် သလို အာရက္ခတပ်တော် (AA) က ရိုဟင်ဂျာတွေအပေါ် ပစ်မှတ်ထားနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ပယ်ဖျက်နိုင်ဖို့ လွတ်လပ်တဲ့ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးနဲ့ သတင်း မီဒီယာတွေ ဝင်ခွင့်ပြုဖို့ တောင်းဆိုမှုတွေ ရှိနေပါတယ်။ အမေရိကန်-ရခိုင် အသိုင်းအဝန်းကတော့ ရခိုင်တပြည်လုံး စစ်ဒဏ်ခံနေရချိန်မှာ အားလုံး ခံစားရမှာ ဖြစ်လို့ နိုင်ငံတကာအနေနဲ့ လူမျိုးစု တစုတည်း ကွက်ပြီး စိုးရိမ်ကြောင့်ကြတာဟာ ပြဿနာကို ဖန်တီးသလို ဖြစ်နိုင်ကြောင်း ပြန်လည် တုံ့ပြန်ထားပါတယ်။

ဆက်သွယ်မေးမြန်းထားတဲ့ ကိုငြိမ်းချမ်းအေးက စုစည်းတင်ပြထားပါတယ်။

ရခိုင်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေ အများစုနေထိုင်ရာ ဘူးသီးတောင်နဲ့ မောင်တော မြို့နယ်တွေထဲ အာဏာသိမ်း စစ်ကောင်စီတပ်တွေနဲ့ အာရက္ခတပ်တော် (AA) ကြား တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာ ရိုဟင်ဂျာ အရပ်သားတွေ ထိခိုက်သေဆုံးပြီး နေအိမ်တွေ ဖျက်ဆီးခံရတဲ့ သတင်းတွေ သီတင်းပတ်တွေနဲ့ချီ ဆက်တိုက် ထွက်လာနေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အကုန် မေလ ၁၇ ရက်နေ့က ဘူးသီးတောင်မြို့ကို AA က ထိန်းချုပ်ချိန်မှာ စိုးရိမ်ဖွယ် အခြေအနေတွေ အမြင့်ဆုံး စဖြစ်ခဲ့တာပါ။ အဲဒီ ဒေသတဝိုက်မှာ စစ်ရေးအသာရနေတဲ့ အာရက္ခတပ်တော် (AA) က အစဉ်တစိုက် ငြင်းနေပေမယ့် ရိုဟင်ဂျာ အသိုင်းအဝန်းကတော့ ပဋိပက္ခတွေ အတွင်းမှာ သူတို့ ပစ်မှတ်ထား တိုက်ခိုက်ခံနေရတယ် ဆိုပြီး ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုပါတယ်။

ဒီလို အပြန်အလှန် အငြင်းပွားနေရာကနေ မလိုလားအပ်တဲ့ ပြဿနာတွေဆီ ပိုပြီး ဦးတည်စေနိုင်လို့ လွတ်လပ်တဲ့ စစ်ဆေး အရေးယူမှုတွေ လုပ်ဖို့ ရိုဟင်ဂျာအရေးနဲ့ မြန်မာ့ လူ့အခွင့်အရေး အတွက် နိုင်ငံတကာမှာ လှုံဆော်နေတဲ့ အမျိုးသမီးငြိမ်းချမ်းရေး ကွန်ရက်က မဝေဝေနုက ဗွီအိုအေကို ပြောပါတယ်။


“တကယ်လို့ AA ကနေ မှန်ကန်နေတယ်ဆိုလို့ရှိရင် ကျွန်မအနေနဲ့ မေတ္တာ ရပ်ခံချင်တာက လွတ်လပ်တဲ့ သတင်းမီဒီယာနဲ့ လွတ်လပ်တဲ့ နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုတွေ ဝင်ရောက်ခွင့်ပေးလိုက်ပါ။ ဒါဆိုရင် အကုန် လုံး ပြေလည်ပြီး ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မယ်။ ဝေခွဲမရ ဖြစ်နေတာ၊ မသဲကွဲဖြစ်နေတဲ့ ဟာတွေ ဖြေရှင်းပြီးသား ဖြစ်သွားမယ်လို့ မြင်ပါတယ်။ ဆိုတော့ အဓိကကတော့ ငြိမ်းချမ်းမှုကို တည်ဆောက်ပေးပါ။ တရားမျှတမှုကို တည်ဆောက်ပေးပါ။ ဒုတိယ ဒီလိုမျိုး ဖြစ်စဉ်တွေကို ငြင်းပယ်နေမယ့် အစား နစ်နာခဲ့သူတွေ အားလုံးအတွက် လွတ်လပ်တဲ့ သတင်းမီဒီယာနဲ့ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးတွေကို လက်ခံပေးပါလို့ပဲ ကျွန်မက မေတ္တာရပ်ခံချင်ပါတယ်။”

ရခိုင် အသိုင်းအဝန်းဘက်ကတော့ အထူးသဖြင့် နိုင်ငံတကာရဲ့ ထုတ်ပြန်ချက်တွေ၊ စွပ်စွဲချက်တွေက တဘက်စောင်းနင်း ဖြစ်နေတယ်လို့ ယူဆကြပါတယ်။ ဥပမာ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးရုံးက ထုတ်ပြန်ချက်တွေမှာ ဆိုရင် လူအုပ်စုတခုကို အဓိကထားပြီး စိုးရိမ်ကြောင့်ကြနေတဲ့ သဘောမျိုးကို တွေ့ရတယ်လို့ ရခိုင်-အမေရိကန် လူမှုအဖွဲအစည်း တာဝန်ရှိသူတဦးဖြစ်တဲ့ ကိုသိန်းထွန်းဇံက ဗွီအိုအေကို ပြောပါတယ်။

“တချို့ ပြောဆိုချက်တွေက ရှိနေကြတဲ့ မတူကွဲပြားတဲ့ လူမျိုးတွေကြားထဲမှာ ပြဿနာကို တမင်ဖန်တီးသလို စကားလုံးတွေ၊ စာသားတွေ ပါနေတာကို တွေ့ရပါတယ်။ UN က ဒီလို လုပ်ဆောင်ချက်တွေဟာ အမှန်အတိုင်းပြောရင် မြန်မာတပြည်လုံးက အာဏာသိမ်း စစ်ကောင်စီကို တော်လှန်နေတဲ့ အချိန်မှာ အထောက်အကူမပေးဘဲ ပြဿနာ ဖန်တီးနေသလို ဖြစ်တာကို တွေ့ရတဲ့ အတွက် ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး ဗော်လ်ကာတာ့ခ် (Volker Turk) ကို သူလုပ်နေတဲ့ အလုပ်တွေ အဆင်မပြေဘူး၊ မှားယွင်းနေတာတွေရှိတယ်။ မြေပြင်အခြေအနေကို သေချာ မသိဘဲ တဘက်စောင်းနင်း ပြောနေတာတွေကို တွေ့ရတယ်။ အဲဒီဟာက နောက်ဆုံးတော့ သေသေချာချာတွေးကြည့်မယ် ဆိုရင် တော်လှန်ရေး တခုလုံးကို သွားပြီး ထိခိုက်လာနိုင်တဲ့ စိုးရိမ်ကြောင့်ကြမှုတွေ မလိုလားအပ်တဲ့ စိုးရိမ် ကြောင့်ကြမှုမျိုးလို့ ကျွန်တော်က မြင်ပါတယ် ခင်ဗျာ။”

ဗော်လ်ကာတာ့ခ်ရဲ့ ပြောဆိုချက်တွေကို အမေရိကန်၊ သြစတြေးလျ အပါအဝင် နိုင်ငံတကာရောက် ရခိုင်နွယ်ဖွားတွေက တရားဝင် ကန့်ကွက်စာတွေ ထုတ်ပြန်တာ ရှိကြပါတယ်။ ရခိုင်-အမေရိကန် လူမှုအဖွဲအစည်းက ဦးဆောင်တဲ့ ဆန္ဒထုတ်ဖော်ပွဲ တခုကိုလည်း နယူးယောက်မြို့ ကုလသမဂ္ဂ ရုံးရှေ့မှာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန် မေ ၁၉ ရက်နေ့က လုပ်ခဲ့ကြပါတယ်။ ကုလသမဂ္ဂရဲ့ ပြောဆိုချက်တွေဟာ မြေပြင် အခြေအနေနဲ့ ကွာခြားနေသလို မြန်မာနိုင်ငံ အနှံ့အပြားနဲ့ ရခိုင် တခုလုံးမှာ စစ်ဖြစ်နေလို့ အားလုံး အတူတူ ခံစားနေရတယ်လို့ အဲဒီ ဆန္ဒထုတ်ဖော်ပွဲမှာ ကိုယ်တိုင် ပါဝင်ခဲ့သူ နယူးယောက်ပြည်နယ်က ရခိုင်နွယ်ဖွားတဦးဖြစ်တဲ့ မနှင်းနှင်းဝေက ဗွီအိုအေကို ပြောပါတယ်။


“အခု ရခိုင်မှာ အိုးအိမ်စွန့်ခွာပြီးတော့ နေစရာမရှိ၊ စားစရာ မရှိ လူတွေ အများကြီးပဲ။ပြီးရင် စ-က-စ (စစ်ကောင်စီ) ကနေ ဗုံးကြဲချတာတွေ၊ ဆေးရုံတွေ၊ ဘုန်းကြီးကျောင်းတွေက အစ လူနေအိမ် အဆုံးပေါ့နော်၊ ဒါတွေကို ကမ္ဘာက သိစေချင်တာပေါ့၊ ပြီးရင် လူမျိုးစု တခုတည်း ဖြစ်တာ မဟုတ်ဘူး၊ မြန်မာပြည်မှာ တိုင်းနဲ့ပြည်နယ် များသောအားဖြင့် ဖြစ်နေတလည်း အများအသိပဲ။ ”

မေ ၁၉ ရက်က နယူးယောက် ကုလသမဂ္ဂရုံးရှေ့မှာ ရခိုင်-အမေရိကန် လူမှုအဖွဲအစည်းက ဦးဆောင်တဲ့ ဆန္ဒထုတ်ဖော်ပွဲ။ ဓာတ်ပုံ - Arakan American Community
မေ ၁၉ ရက်က နယူးယောက် ကုလသမဂ္ဂရုံးရှေ့မှာ ရခိုင်-အမေရိကန် လူမှုအဖွဲအစည်းက ဦးဆောင်တဲ့ ဆန္ဒထုတ်ဖော်ပွဲ။ ဓာတ်ပုံ - Arakan American Community

အာရက္ခတပ်တော် (AA) ရဲ့ မေလ ၂၄ ရက်နေ့က ထုတ်ပြန်ချက်ထဲမှာတော့သူတို့ အဖွဲ့ရဲ့ ထိန်းချုပ်မှုနယ်မြေထဲက ဘူးသီးတောင်နဲ့ မောင်တော မြို့နယ်တွေမှာ စစ်ဘေးရှောင် ပြည်သူ ၂ သိန်း ဝန်းကျင်ရှိနေပြီး အဲဒီထဲက ၈၀ ရာခိုင်နှုန်းဟာ မွတ်ဆလင်တွေ ဖြစ်ကာ သူတို့အားလုံးကို လူမျိုး၊ ဘာသာ မခွဲခြားဘဲ အကာအကွယ်ပေး စောင့်ရှောက်နေတယ်လို့ ဖြေရှင်းထားပါတယ်။ ဒါပေမယ့် နိင်ငံတကာမှာ ရိုဟင်ဂျာ အရေး ဆောင်ရွက်ကြသူတွေကတော့ ရိုဟင်ဂျာတွေ လက်ရှိ ခံစားနေရတာတွေကို အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့တွေ အပြင် AA မှာလည်း တာဝန်ရှိတယ်လို့ ထောက်ပြနေကြပါတယ်။ အာရက္ခတပ်တော် (AA) ရဲ့ ထုတ်ပြန်ချက်တွေနဲ့ ဒေသခံ ရိုဟင်ဂျာ ပြည်သူတွေရဲ့ ပြောဆိုချက်တွေမှာ ကွဲလွဲမှုတွေ ရှိနေတယ်လို့ မဝေဝေနုကတော့ ရှုမြင်ပါတယ်။

“မှန်နိင်ပါတယ် တချို့နေရာတွေမှာ Arakan Army ကနေ ကယ်ထုတ်တဲ့နေရာတွေ ရှိနေပါတယ်။ ဒါကို စနစ်တကျ မှတ်တမ်းတင်ပြီး ထုတ်ပြန်တဲ့ အခြေအနေတွေလည်း ရှိနိုင်ပါတယ်။ တချိန်တည်းမှာပဲ အစုလိုက် အပြုံလိုက် သတ်ဖြတ်တာတွေ အင်မတန်ကြီးမားတဲ့ ရွာတွေကို မြို့တခုလုံးကို မီးရှို့ပြီးတော့ မောင်းထုတ်တယ်ဆိုတာ ရှိနေပါတယ်။ ကျွန်မတို့ ရိုဟင်ဂျာတွေက ရခိုင်ပြည်သူတွေနဲ့ အေးအေးချမ်းချမ်းနေချင်တဲ့ လူတွေချည်းပါပဲ။ ဘယ်သူမှ ပြဿနာမတက်ချင်ပါဘူး။ ဒီပြည်နယ်မှာ လွတ်မြောက်ရေး၊ ဒီပြည်နယ်မှာ ငြိမ်းချမ်း သာယာ ဝပြောရေးကို မျှော်မှန်းတဲ့ လူတွေပဲ ဖြစ်တယ်။ ဒီအခြေအနေမှာ ရခိုင်တွေကပဲ ဖြစ်ဖြစ်၊ AA ကပဲ ဖြစ်ဖြစ် လုပ်ဆောင်ချက်တွေကို လိမ်လည်ပြီးတော့ ပြောစရာ အကြောင်းမရှိပါဘူး။ အဲလို့ ပြောလို့လည်း ဘယ်သူ့အတွက်မှ အကျိုးမရှိဘူးဆိုတာလည်း အားလုံးနားလည်ပါတယ်။ တလျှောက်လုံးတုန်းကလည်း စစ်တပ်လုပ်ခဲ့တဲ့ အချိန်တုန်းကလည်း စစ်တပ်လုပ်ခဲ့တယ်လို့ သူတို့ ပြောတာပါပဲ။”

ဒီဖြစ်စဉ်မှာဝါဒဖြန့်ချိတာတွေ၊ သတင်းအချက်အလက် အမှားတွေ၊ ပုံဖျက်ထားတဲ့ သတင်းတွေ အများကြီး ရှိနေတယ်လို့ လည်း မဝေဝေနုက ဆိုပါတယ်။ ရခိုင်က မျက်မှောက်အခြေအနေမှာ သတင်းတု၊ သတင်းမှားတွေ သွေးထိုးလှုံဆော်မှုတွေ ရှိနေတယ်လို့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက စောင့်ကြည့်နေသူတွေကလည်း လွန်ခဲ့တဲ့ လပိုင်းတွေကတည်းက သတိပေးနေတာပါ။ ရခိုင်နွယ်ဖွား မနှင်းနှင်းဝေကတော့ စစ်ကောင်စီက လူမျိုးစုတွေကြား သွေးကွဲအောင် သွေးထိုး လှုံဆော်နေတာ မှန်ပေမယ့် နိုင်ငံတကာကလည်း နှစ်ဘက်လုံးကို မျှမျှတတ ထောက်ပြဖို့လိုတယ်လို့ တုံ့ပြန်ပါတယ်။

“ကျွန်မတို့လည်း ခံရတယ်။ သူတို့လည်း ခံရတယ်။ မှန်တယ်။ ဒါပေမယ့် နှစ်ဖက်မျှပြီးတော့ ပြောရမှာကို သူတို့က တဖက်သတ်စောင်းနင်းပြီး ပြောတယ်ဆိတော့ ကျွန်မတို့က မခံမရပ်နိုင် ဖြစ်တာပေါ့နော်။ ”

ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးရုံး (OHCHR) ရဲ့ မေလ ၂၄ ရက် ထုတ်ပြန်ချက်ထဲမှာတော့ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ တိုက်ပွဲတွေကြောင့် အရပ်သား သောင်းနဲ့ချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး ရိုဟင်ဂျာ ၄၅,၀၀၀ လောက်ဘင်္ဂလားဒေ့ရှ် နယ်စပ်နားကို ထွက်ပြေးလာကြတယ်လို့ ဆိုပါတယ်။ မျက်မြင်သက်သေတွေရဲ့ ထွက်ဆိုချက်တွေ၊ ရုပ်သံမှတ်တမ်းတွေ၊ ကောင်းကင် ဂြိုဟ်တု ဓာတ်ပုံ အထောက်အထားတွေကို လေ့လာခဲ့ပြီး ဘူးသီးတောင်မြို့က လုံးဝနီးပါး ပျက်စီးတာကို တွေ့ရတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ ထွက်ပြေးတဲ့ ရိုဟင်ဂျာတွေကို အေအေ တပ်ဖွဲ့တွေက ပိတ်ပင်တာတွေ ရှိသလို၊ ငွေကြေးလုယူတာတွေလည်း ရှိတယ်လို့ OHCHR မြန်မာ နိုင်ငံဆိုင်ရာ အကြီးအကဲJames Rodehaver က ပြောပါတယ်။ ထွက်ပြေးလာတဲ့ လက်နက်မဲ့ ရွာသားတွေကို သေနတ်နဲ့ ပစ်တယ်ဆိုတဲ့ သတင်းတွေလည်း ရရှိထားတယ်လို့ သူက ပြောပါတယ်။ အနည်းဆုံး ခေါင်းဖြတ်သတ်ခံရမှု (၄) ခု အပါအဝင် လူတချို့ ပျောက်ဆုံးပြီး ရွာတွေနဲ့ လူနေအိမ်အများအပြား မီးရှို့ခံခဲ့ရကြောင်း အတည်ပြုထားနိုင်တယ်လို့ ဆိုပါတယ်။


ဒီလို နှစ်ဖက်အသိုင်းအဝန်းကြား အပြန်အလှန် စွပ်စွဲပြစ်တင်မှုတွေနဲ့ ရှုပ်ထွေးနေတဲ့ ရခိုင်အခြေအနေက နိုင်ငံတဝန်းက မြန်မာ အပါအဝင် လူမျိုးစုနဲ့ တိုင်းရင်းသားပေါင်းစုံရဲ့ စစ်အာဏာသိမ်းမှုအပေါ် ဆန့်ကျင်တဲ့ လှုပ်ရှားမှုကြီး တခုလုံးကို သက်ရောက်နေတယ်လို့ ရခိုင်နဲ့ ရိုဟင်ဂျာ အသိုင်းအဝန်း နှစ်ဘက်လုံးက တူညီတဲ့ စိုးရိမ်ချက် ရှိကြပါတယ်။

ရခိုင်-အမေရိကန် လူမှုအဖွဲ့အစည်းက ကိုသိန်းထွန်းဇံ ကတော့ အခုလို ပြောပါတယ်။

“အားလုံးကိုမျှမျှတတနဲ့ အတူတကွ ယှဉ်တွဲ နေထိုင်သွားသင့်တယ် ဆိုတာမျိုး၊ ရသင့်ရထိုက်တဲ့ အခွင့်အရေးကို ရသင့်ရထိုက်တဲ့သူတွေ ရ ရမယ်ဆိုတာ ကျွန်တော်တို့ အမြဲတမ်း လက်ခံပြီးသား ဖြစ်တယ်။ အဲ့ဒါကို ကျွန်တော်တို့က ဘာမှ မေးခွန်းထုတ်စရာ မရှိဘူး။ စိတ်ပူစရာလည်း မရှိဘူး။ သို့သော်ငြားလည်းပဲ တော်လှန်ရေး တခုလုံးကိုပါ အနှောင့်အယှက်ပေးနိုင်တယ်။ တားဆီးမှုတွေ ဖြစ်လာနိုင်တယ်၊ တနည်းအားဖြင့် စစ်ကောင်စီကို အားပေးမှုမျိုး သွားဖြစ်မှာကို စိုးရိမ်တဲ့အတွက် ကျွန်တော်တို့ကတော့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး ကို ထောက်ပြတာဖြစ်ပါတယ်။”

မဝေဝေနုကတော့ အသာစီးရလာတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တခုက လူမျိုးစုငယ်တွေကို ပစ်မှတ်ထားပြီးတော့ နှိမ်နင်းတယ်ဆိုလို့ရှိရင် အင်မတန်မှ စိုးရိမ်စရာ အခြေအနေလို့ ထောက်ပြပါတယ်။

“ဖက်ဒရယ်ဒီမိုကရေစီ လှုပ်ရှားမှု နွေဦးတော်လှန်ရေး တခုလုံးအတွက် အနာဂတ်အတွက်ပါ အင်မတန် စိုးရိမ်စရာ ကောင်းတဲ့ အခြေအနေတခုကို ဖြစ်နေတာကို တွေ့ရပါတယ်။ ကျွန်မအနေနဲ့ မျှော်လင့်တာကတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) တို့ကလည်း ဒီလို အခြေအနေကို အမြန်ဆုံး ချိတ်ဆက်ပြီးတော့ ဒီလို အခြေအနေကို တားဆီးနိုင်ဖို့ အတွက်ကို လုပ်ဆောင်လိမ့်မယ်လို့ မြင်ပါတယ်။”

တဖက်မှာလည်း ၂၀၁၇ ခုနှစ်တုန်းက ရခိုင်မြောက်ပိုင်းက စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးတွေ အတွင်းမှာ ရိုဟင်ဂျာ သိန်းချီ နေရပ်စွန့်ခွာခဲ့ရပြီး လူမျိုးတုံး သတ်ဖြတ်ခံရတယ် ဆိုတဲ့ စွပ်စွဲချက် အမှုအတွက် နိုင်ငံတကာတရားရုံး (ICJ) က ရိုဟင်ဂျာတွေကို အကာအကွယ်ပေးဖို့ ကြားကာလ အစီအမံ ချမှတ်ထားတာပါ။ ဒါကြောင့် နိုင်ငံတကာ ဥပဒေအရလည်း ရိုဟင်ဂျာတွေကို အကာအကွယ်ပေးဖို့ တာဝန်ရှိနေတယ်လို့ နိုင်ငံတကာဥပဒေ လေ့လာသူတဦးလည်း ဖြစ်တဲ့ မဝေဝေနုက ထောက်ပြပါတယ်။

“ရိုဟင်ဂျာတွေဟာ ပြောမယ်ဆိုရင် နိုင်ငံတကာ ဥပဒေအရ ဒီ လူမျိုးတုံးသတ်ဖြတ်မှု ပပျောက်ရေးနဲ့ တားဆီးရေး ဆိုင်ရာ ဥပဒေအရ Protected Group လို့ခေါ်တဲ့အကာအကွယ်ပေးရမယ့် အစုအဖွဲ့ ဖြစ်ပါတယ်။ ဒီလို Protected Group ဖြစ်တယ်လို့လည်း ICJ ကနေ သတ်မှတ်ပြီးတော့ ကြားဖြတ် အစီအမံ Provisonal Measures တွေကို သူတို့ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ဆိုတော့ ရိုဟင်ဂျာတွေ အပေါ်မှာ ပစ်မှတ်ထားပြီး လူမျိုးတုံးသတ်ဖြတ်မှုတွေ မကျူးလွန်အောင်လို့ နိုင်ငံတော်က အကာအကွယ်ပေးဖို့ လိုပါတယ်။”


နိုင်ငံတော် ဆိုတာ စစ်တပ်ကို ပြောတာမဟုတ်ဘဲ နိုင်ငံအနေနဲ့ တာဝန်ယူ စောင့်ရှောက်ပေးရမှာ ဖြစ်သလို စစ်တပ်အပါအဝင် ကျူးလွန်တဲ့ ဘယ်အဖွဲ့အစည်းမဆို တာဝန်ခံရမှာ ဖြစ်တယ်လို့လည်း သူက ဖြည့်စွက်ပြောပါတယ်။

ရခိုင်က စစ်ရေးအခြေအနေနဲ့ ပတ်သက်လို့ အာဏာသိမ်း စစ်ကောင်စီက လတ်တလော ထုတ်ပြန်တာမျိုး မရှိပါဘူး။ ဒါပေမယ့် ရခိုင်မှာ AA လက်နက်ကိုင် အဖွဲ့က လူမျိုးရေး၊ ဘာသာရေး သွေးထိုးနေပြီး မွတ်ဆလင်တွေက AA ကို မလိုလားလို့ ဆန္ဒ ထုတ်ဖော် ဆန့်ကျင်နေကြတယ်ဆိုပြီး စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်မီဒီယာတွေမှာ အခုလပိုင်းတွေထဲမှာတော့ အကြိမ်ကြိမ် သတင်းထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိရခိုင်မြောက်ပိုင်း နောက်ဆုံးအခြေအနေကတော့ အေအေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲ ပြင်းထန်နေပြီး အေအေက မောင်တော်မြို့သိမ်း တိုက်ပွဲ စနေပြီ ဖြစ်လို “အကြမ်းဖက်မှုတွေ ပြင်းပြင်းထန်ထန်နဲ့ ကြီးထွားလာမယ့် အန္တရာယ်” ရှိနေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးရုံး ပြောရေးဆိုခွင့်ရှိသူ Liz Throssell က မေလ ၂၄ ရက်နေ့က သတိပေးထားပါတယ်။

ရခိုင်အရေးနဲ့ ကုလသတိပေးချက်အပေါ် အမြင်တချို့
please wait

No media source currently available

0:00 0:09:53 0:00

XS
SM
MD
LG