သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

AA အနေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုရပ်ဖို့  ရိုဟင်ဂျာအဖွဲ့ ၂၈ ဖွဲ့ ပူးတွဲတောင်းဆို


ရခိုင်ပြည်နယ်တွင်းမှ ရိုဟင်ဂျာမိသားတစု၊ ဇန်နဝါရီ ၂၅၊ ၂၀၁၉
ရခိုင်ပြည်နယ်တွင်းမှ ရိုဟင်ဂျာမိသားတစု၊ ဇန်နဝါရီ ၂၅၊ ၂၀၁၉

ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA) နဲ့ လက်နက်ကိုင်အဖွဲ့ အာရက္ခတပ်တော် (AA) အနေနဲ့ ရခိုင်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေကို အဓမ္မ ရွှေ့ပြောင်းထွက်ပြေးစေတာနဲ့ လူ့အခွင့်အရေးချိုးဖောက်တွေကို ရပ်တန့်ပြီး နိုင်ငံတကာဥပဒေတွေကို လိုက်နာဖို့နဲ့ တွေ့ဆုံဆွေးနွေးဖို့ ရိုဟင်ဂျာအဖွဲ့အစည်း ၂၈ ဖွဲ့က မေလ ၂၂ ရက်နေ့က ပူးတွဲကြေညာချက်ထုတ်ပြန်ပါတယ်။ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်ထဲမှာ အမျိုးသမီး၊ ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုတွေအပါအဝင် သောင်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။ ဘူးသီးတောင်မြို့မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အဲဒီက ရိုဟင်ဂျာတွေကို နေအိမ်တွေကနေ မေလ ၁၈ ရက်နေ့ နောက်ဆုံးထားပြီးထွက်ခွာဖို့ AA တပ်ဖွဲ့က အမိန့်ပေးခဲ့ကြောင်း အဲဒီပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ မေလ ၁၇ ရက် ညပိုင်းရောက်ချိန်မှာ AA တပ်ဖွဲ့ဝင်တွေက နေအိမ်ကလူတွေထွက်ပြေးဖို့ မိုးပေါ် ခြောက်လှန့်ပစ်ခတ်ခဲ့ပြီး ပစ္စည်းတွေလုကာ နေအိမ်တွေ မီးရှို့ခဲ့တယ်လို့လည်း ဆိုထားပါတယ်။

အာရက္ခတပ်တော် (AA) ရဲ့ မေလ ၂၀ ရက်နေ့က ထုတ်ပြန်ချက်ထဲမှာတော့ AA အနေနဲ့ စစ်စည်းကမ်း၊ ကျင့်ဝတ်နဲ့အညီ တိုက်ပွဲဝင်နေပြီး အရပ်သားပစ်မှတ်တွေကို ဘယ်တုန်းကမှ ရည်ရွယ်တိုက်ခိုက်တာမျိုးမရှိဘူးလို့ ငြင်းထားပါတယ်။ မြန်မာအာဏာသိမ်း စစ်ကောင်စီဘက်ကသာ RSO၊ ARSA, ARA မွတ်ဆလင် လက်နက်ကိုင်အဖွဲ့တွေကို စစ်သင်တန်းတွေပေး၊ လက်နက်တွေတပ်ဆင်ပေးပြီး ဒေသတွင်းမှာ လူမျိုးရေး၊ ဘာသာရေးအဓိကရုဏ်းတွေဖြစ်အောင် လုပ်ဆောင်နေတယ်လို့ ဖော်ပြထားပြီး ရိုဟင်ဂျာတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ပယ်ချထားပါတယ်။ ရခိုင်မျိုးနွယ်စုဝင်တွေနဲ့ ဒေသခံမွတ်ဆလင်ပြည်သူလူထုကြား ပူးပေါင်းဆောင်ရွက် စည်းလုံးနေမှုကို ပျက်ပြားအောင် တမင်ရည်ရွယ်လုပ်ဆောင်နေတာလို့ တုံ့ပြန်ပါတယ်။ ဒေသခံလူထုကို ဘေးကင်းရာနေရာတွေကို ကူညီကယ်ထုတ်ပေးနေတယ်ဆိုပြီးလည်း ရုပ်သံမှတ်တမ်းတွေနဲ့အတူ AA က သတင်းထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီရဲ့ အရင်ကထုတ်ပြန်ချက်တွေမှာတော့ ရိုဟင်ဂျာတွေအပေါ် အဓမ္မ စစ်သားသစ်စုဆောင်းနေတယ်ဆိုတာကို ငြင်းဆိုခဲ့ဖူးပါတယ်။

ရိုဟင်ဂျာအဖွဲ့အစည်းတွေဘက်ကတော့ ဘူးသီးတောင်မှာရှိနေတဲ့ ဒေသခံနဲ့ စစ်ဘေးရှောင် ရိုဟင်ဂျာတွေအနေနဲ့ တခြား သွားစရာနေရာမရှိလို့ မြို့တွင်းက ထွက်ဖို့ ငြင်းဆိုခဲ့တာလို့ ပူးတွဲကြေညာချက်မှာ ဖော်ပြပါတယ်။ ဘူးသီးတောင်မြို့ပေါ် မီးရှို့တိုက်ခိုက်မှုမတိုင်ခင်မှာလည်း AA ဘက်က ဘူးသီးတောင်က စစ်ပြေး ဒုက္ခသည်တွေ ခိုလှုံနေတဲ့ အထက်တန်းကျောင်းနဲ့ ဆေးရုံတို့ကို ဒရုန်းဗုံးတွေနဲ့ တိုက်ခိုက်ခဲ့လို့ လူသေဆုံးဒဏ်ရာရရှိသူတွေ ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။ အဲဒီအချိန် ဘူးသီးတောင်မှာ စစ်ကောင်စီတပ်နဲ့ စစ်ကောင်စီက အဓမ္မစစ်သားစုဆောင်းထားတဲ့ ရိုဟင်ဂျာတပ်သားသစ်တွေမရှိတော့ဘဲ မောင်တောမြို့နယ်ထဲကို ဆုတ်ခွာသွားခဲ့ပြီးပြီလို့ ရိုဟင်ဂျာအဖွဲ့တွေက မြေပြင်က မျက်မြင်သက်သေတွေကို ညွှန်းဆိုကိုးကားကာ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် ဒါဟာ စစ်အစိုးရခေတ်အဆက်ဆက် ရခိုင်မှာ သွေးခွဲအုပ်ချုပ်မှု မဟာဗျူဟာရဲ့အကျိုးသက်ရောက်မှုတွေလို့လည်း ရိုဟင်ဂျာအဖွဲ့တွေက ထောက်ပြထားပြီး ရိုဟင်ဂျာအရပ်သားတွေကို ကာကွယ်ရေးနဲ့ လက်ရှိအကျပ်အတည်းတွေကို ဖြေရှင်းနိုင်ဖို့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA) / အာရက္ခတပ်တော် (AA) တို့နဲ့ အရေးပေါ် တွေ့ဆုံဆွေးနွေးဖို့ အကြံပြုထားပါတယ်။ တဘက်မှာလည်း အသက်ဘေးက ထွက်ပြေးနေရတဲ့ ရိုဟင်ဂျာတွေအတွက် နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုအကူအညီတွေ အရေးတကြီးလိုအပ်နေကြောင်းလည်း ထုတ်ပြန်ချက်မှာ တောင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG