သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ဒေသ မတူကွဲပြားလူမျိုးစုများကြား အမုန်းပွားမှု စိုးရိမ်ဖွယ်သတိပေး


 ရိုဟင်ဂျာတွေကို စစ်သင်တန်းပေးနေကြောင်း ပျံ့နှံ့နေသည့် ဓာတ်ပုံ (မတ် ၂၀၂၄)
ရိုဟင်ဂျာတွေကို စစ်သင်တန်းပေးနေကြောင်း ပျံ့နှံ့နေသည့် ဓာတ်ပုံ (မတ် ၂၀၂၄)

ရခိုင်ပြည်နယ်မှာ လူမျိုးစုတွေကြား အကြမ်းဖက်မှုတွေဖြစ်အောင် စနစ်တကျ သွေးထိုးလှုံ့ဆော်နေလို့ အရင်တုန်းကလို လူမျိုးရေး၊ ဘာသာရေးအသုံးချတဲ့ ထောင်ချောက်ထဲမကျဖို့လိုတယ်လို့ နိုင်ငံတကာက မြန်မာ့အရေး စောင့်ကြည့်နေသူတဦးက သတိပေးလိုက်ပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုငြိမ်းချမ်းအေးက အပြည့်အစုံကို တင်ပြပေးထားပါတယ်။

ရခိုင်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့ အာရက္ခတပ်တော် (AA) တို့ကြား တိုက်ပွဲတွေပြင်းထန်လာချိန်မှာပဲ စစ်ကောင်စီဘက်က မဖြစ်မနေ စစ်မှုထမ်းရမယ့်ဥပဒေကို အသုံးချပြီး ရိုဟင်ဂျာ မွတ်ဆလင်လူငယ်တွေကြား စစ်သားသစ် စုဆောင်းနေလို့ ဒါဟာ ရခိုင်က မတူကွဲပြားတဲ့ လူမျိုးစုတွေကြား ပိုပြီး အမုန်းပွားလာမှာ စိုးရိမ်စရာဖြစ်နေတယ်လို့ ကုလသမဂ္ဂ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ စောင့်ကြည့်လေ့လာသူတွေက ထောက်ပြနေကြတာပါ။ မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး သင်တန်းတွေ ဖွင့်လှစ်ပို့ချခဲ့သူ၊ လက်ရှိမှာလည်း မြန်မာ့အရေး အနီးကပ် စောင့်ကြည့်လေ့လာနေတဲ့ Prague Civil Society Center ရဲ့ အကြီးတန်းအကြံပေး Igor Blaževič ကတော့ ဒီအခြေအနေက အန္တရာယ်ကြီးပြီး လူမျိုးရေး ထောင်ချောက်ထဲမကျဖို့ လိုတယ်လို့ သတိပေးပါတယ်။

“ရခိုင်မှာ ထိန်းချုပ်နိုင်မှုဆုံးရှုံးလာတဲ့ စစ်ကောင်စီဟာ လူမျိုးစုတွေကြား အကြမ်းဖက်မှုတွေဖြစ်အောင် စပြီး ကြိုးစားနေတာပါ။ ရိုဟင်ဂျာတွေ လူမျိုးတုံး သုတ်သင်မှုမှာ စစ်တပ်ကသာကျူးလွန်ခဲ့သူဖြစ်ပါတယ်။ သူတို့ရဲ့အာဏာကို ကာကွယ်နိုင်ဖို့ ဒီ လူမျိုးရေးကိစ္စကို အမြဲ အသုံးချလေ့ရှိပါတယ်။ ဒါအရင်က လုပ်ခဲ့သလို အခုပြန်ပြီး တကျော့ပြန် လုပ်နေတာပါ။ အန္တရာယ်များပါတယ်။ ဒီထောင်ချောက်ထဲကို မြန်မာပြည်မကျဖို့ ကျနော်မျှော်လင့်ပါတယ်။”

စစ်ကောင်စီကတော့ ဒီလို ရိုဟင်ဂျာတွေကို အဓမ္မစုဆောင်းတာကို အမြဲငြင်းဆိုပြီး နိုင်ငံသား အဖြစ် အကျုံးဝင်သူတွေကိုပဲ စစ်မှုထမ်းခိုင်းတာဖြစ်သလို ပထမအသုတ်နဲ့ ဒုတိယအသုတ်တွေမှာ ကိုယ့်ဆန္ဒအလျောက် တာဝန်ထမ်းဆောင်သူတွေ အများစုဖြစ်မယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း မတ်လတုန်းက မီဒီယာတွေကို ဖြေခဲ့ပါတယ်။ ဒါပေမယ့် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ်ရဲ့ ဧပြီလကုန်ပိုင်း ဖြေကြားချက်တခုမှာတော့ “လူသားဒိုင်းအဖြစ်အသုံးချဖို့ ရိုဟင်ဂျာလူငယ် ၁,၀၀၀ ကျော်လောက်ဟာ စစ်သားအဖြစ် အတင်းအဓမ္မစုဆောင်းခံခဲ့ရ ပြီးပြီ” လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၆ အထိ အခြေချ နေထိုင်ခဲ့ဖူးတဲ့ Blaževič ကတော့ စစ်တပ်က မွတ်ဆလင်ကို ပစ်မှတ်ထားပြီး လူမျိုးရေး၊ ဘာသာရေး မှိုင်းတိုက်တာ အရင်ကတည်းက ရှိခဲ့တယ်လို့ ထောက်ပြပါတယ်။

“ဒါဟာ အရင် ဦးသိန်းစိန် အစိုးရလက်ထက် မ-ဘ-သ လှုပ်ရှားမှုကို အသက်သွင်းခဲ့တဲ့ ပုံစံမျိုးပါ။ သူတို့က မြန်မာနိုင်ငံမွတ်ဆလင်တွေအပေါ် အကြောက်တရားနဲ့ မုန်းတီးရေး လှုပ်ရှားမှုတွေ ဖန်တီးခဲ့ကြပါတယ်။ အဲ့တုန်းကတော့ ရွေးကောက်ပွဲ အကြို မဲဆွယ်ရေး အဖြစ် လုပ်ခဲ့တာပါ။”

ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေဟာ လက်နက်ကိုင် နှစ်ဘက်လုံးရဲ့ ကြားညပ်ပြီး ပစ်မှတ်ဖြစ်နေလို့ ၂၀၁၇ ခုနှစ် တုန်းကလို ရိုဟင်ဂျာတွေ ပစ်မှတ်ထားခံရမယ့် အခြေအနေမျိုး ထပ်ဖြစ်လာမှာကို စိုးရိမ်တယ်လို့ ကုလသမဂ္ဂလူ့အခွင့်ရေး မဟာမင်းကြီး Volker Türk က ဧပြီလတုန်းက သတိပေးထားပါတယ်။ ဒီပြောဆိုချက်က မြေပြင်အခြေအနေနဲ့ ကွဲလွဲနေတယ် ဆိုပြီး အာရက္ခတပ်တော် (AA) က ချက်ချင်း ပြန်လည် တုံ့ပြန်ခဲ့လို့ လက်ရှိ ရခိုင်အခြေအနေဟာ စစ်ရေး အရှိန် ပြင်းထန်နေတုန်းမှာပဲ လူမျိုးရေး၊ ဘာသာရေး ဆက်စပ်ပြီး အပြန်အလှန် စွပ်စွဲမှုတွေ ဖြစ်နေတာပါ။

စစ်တပ်ပိုင်နဲ့ စစ်ကောင်စီက ထိန်းချုပ်ထားတဲ့ မီဒီယာတွေမှာတော့ AA က လူမျိုးရေး သွေးထိုးနေတယ်လို့ စွပ်စွဲလေ့ရှိသလို ရခိုင်ပြည်နယ် မြို့တော် စစ်တွေနဲ့ ဘူးသီးတောင်မှာ သူတို့အခေါ် ဘင်္ဂါလီလူမျိုးတွေက AA ကို မလိုလားကြောင်းနဲ့ ဒေသတည်ငြိမ်ရေးအတွက် ဆန္ဒထုတ်ဖော်ကြတယ်ဆိုပြီး မကြာခဏ သတင်းထုတ်ပြန်လေ့ရှိပါတယ်။

AA ကလည်း စစ်ကောင်စီကသာ မွတ်ဆလင်တွေကို စစ်သင်တန်းပေးကာ တိုက်ပွဲတွေမှာ အသုံးပြုနေပြီး အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA)၊ အာရကန် ရိုဟင်ဂျာ တပ်မတော် (ARA), ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ ဆက်စပ်နေတယ်လို့ ပြန်လည် စွပ်စွဲလေ့ရှိပါတယ်။ ဒါ့အပြင် ရခိုင်မြောက်ပိုင်းမှာ စစ်ကောင်စီက ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခတွေ ဖြစ်အောင် လုပ်နေတယ်လို့ ဆိုပြီး ဘူးသီးတောင်နဲ့ မောင်တောမှာ ညမထွက်ရအမိန့်ထုတ်ပြန်ကြောင်း အာရက္ခတပ်တော် (AA) က ဧပြီလနှောင်းပိုင်းကတည်းက ကြေညာထားတာပါ။

ဒီလို ရှုပ်ထွေးမှုတွေ ရှိနေချိန်မှာ ယုံကြည်ကိုးစားထိုက်တဲ့ နိုင်ငံရေးအင်အားစုတွေက အားလုံးပါဝင်နိုင်မယ့် ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတည်ဆောက်ဖို့ ကြိုးစားနေတာကို နိုင်ငံတကာအနေနဲ့ ထိရောက်တဲ့ ထောက်ပံ့တာတွေ မလုပ်ပေမယ့် အလွယ်တကူနဲ့ ဝေဖန်တာမျိုးတွေလုပ်လေ့ရှိတယ်လို့ Blaževič ကတော့ ထောက်ပြပါတယ်။ ဒါ့အပြင် ရခိုင်မှာတင် မဟုတ်ဘဲ မြန်မာတနိုင်ငံလုံးရဲ့ ပြဿနာ ရင်းမြစ်က အာဏာသိမ်း စစ်တပ် ဖြစ်နေလို့ ဒေသတခုတည်း ကွက်ပြီး ကြည့်လို့မရသလို ရခိုင်က လူမျိုးရေး၊ ဘာသာရေး တင်းမာနေတာအတွက် နိုင်ငံတကာရဲ့ စိုးရိမ်ချက်တွေဟာလည်း စစ်ကောင်စီ ရှိနေသရွေ့ ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ Blaževič က သုံးသပ်ပါတယ်။

“မြန်မာနိုင်ငံအခင်းအကျင်းက ရှုပ်ထွေးပြီး နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတဲ့ ခွဲခြားမှုတွေရှိလို့ လူတွေကို နည်းလမ်းများစွာနဲ့ လှည့်ဖြားနိုင်ပါတယ်။ စစ်ကောင်စီက မွတ်ဆလင်တွေ၊ ရိုဟင်ဂျာတွေကို စစ်သားသစ်စုဆောင်းပြီး AA ကို တိုက်မယ်ဆိုရင် တခြားဘက်မှာလည်း ပဋိပက္ခတွေဖြစ်နေတာဖြစ်လို့ ဒါဟာ စစ်ပွဲရဲ့ အကျည်းတန် ရက်စက်မှုတွေ ဖြစ်လာမှာပါ။ ဒါပေမယ့် ဒါတွေအားလုံးရဲ့ မူလရင်းမြစ်ကတော့ စစ်အာဏာရှင်စနစ်ပဲ ဖြစ်ပါတယ်။ ဒါကို မဖယ်ရှားနိုင်ဘဲနဲ့ တိုင်းပြည်ရဲ့ ဒေသတခုမှာ ဖြစ်ပျက်နေတာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းမရှိပါဘူး။ မြန်မာစစ်တပ်ဟာ ဘာသာရေး၊ လူမျိုးစုနဲ့ လူမှုအသိုင်းအဝန်းတွေကြား အကြမ်းဖက်မှုတွေ ဖြစ်အောင် စနစ်တကျနဲ့ကို အဆက်မပြတ် လှုံ့ဆော်နေတာပါ။ သူတို့က စနစ်တကျ လုပ်နေတာပါ။ ဒါကမှ တကယ့်ပြဿနာပါ။ ဒါကို ဖယ်ရှားဖို့ လိုပါတယ်။”

မြန်မာနိုင်ငံရဲ့ လက်ရှိ ပထဝီဝင်နိုင်ငံရေး အခင်းအကျင်းကို သုံးသပ်ရင်လည်း အခြေခံကျကျနဲ့ အလျင်အမြန်ကို ပြောင်းလဲနေပြီး စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအဖြစ် တိုင်းပြည်ဟာ အစိတ်စိတ်အမွှာမွှာ ပြိုကွဲနေပြီးသားလို့ Blaževič က သုံးသပ်ပါတယ်။ အဓိကကျတဲ့မေးခွန်းက လက်ရှိ အပိုင်းပိုင်းကွဲနေတဲ့ ကျရှုံးနိုင်ငံအဖြစ်ကနေ ဘယ်လို အတူတကွ ပေါင်းစည်းပြီး ပြန်လည် တည်ဆောက်ယူမလဲဆိုတာ ဖြစ်တယ်လို့ သူက ထောက်ပြပါတယ်။

“ပထမ မျှော်မှန်းချက်တမျိုးကတော့ ဗဟိုချုပ်ကိုင်မှု ပိုရှိတဲ့ ဖက်ဒရယ်နိုင်ငံ ဖြစ်လာနိုင်ပါတယ်။ နောက်တမျိုးကတော့ ဗဟိုချုပ်ကိုယ်မှုနည်းပြီး တိုင်းရင်းသားတွေကို ဗဟိုပြုတဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်လာနိုင်ပါတယ်။ နောက်တခုကတော့ အတိုင်းအတာ တခုအထိ မဟာမိတ်ပြုထားတဲ့ ဖက်ဒရယ် ကွန်ဖက်ဒရေးရှင်းစနစ် ဖြစ်နိုင်ပါတယ်။”

ဒီ ၃ မျိုးက မတူကွဲပြားတဲ့ အယူအဆတွေ ဖြစ်ပြီး အနာဂတ်မြန်မာကို ဘယ်လိုပုံစံနဲ့ တည်ဆောက်မလဲဆိုတာကို လူမျိုးစုတွေကြား နိုင်ငံရေးသဘာတူညီချက် ဆွေးနွေးရယူနိုင်ဖို့က စစ်တပ်က အုပ်စိုးတဲ့ စစ်အာဏာရှင်စနစ်ကို ဖယ်ရှားဖို့လိုတယ်လို့ Blaževič က ယူဆပါတယ်။ သူ့အနေနဲ့ကတော့ အနာဂတ်တိုင်းပြည်ဟာ မတူညီတဲ့စနစ်တွေ ပေါင်းစပ်ရောနှောကျင့်သုံးတာမျိုး ဖြစ်လာနိုင်တယ်လို့ ခန့်မှန်ထားကြောင်း ပြောပါတယ်။ တချို့နေရာ တွေမှာ ပိုပြီး ကွန်ဖက်ဒရိတ်ပုံစံ ဆက်ဆံရေးရှိနိုင်ပြီး ဖက်ဒရယ်ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ တချို့အစိတ်အပိုင်းတွေမှာ လူမျိုးစုဗဟိုပြု ဖက်ဒရယ်ယူနစ်တွေ ဖြစ်လာနိုင်ကာ တချို့ကတော့ နယ်မြေအခြေပြု ဖက်ဒရယ်ယူနစ်တွေ ဖြစ်လာမယ်လို့ Blaževič က မှန်းဆပြီး ဒါက သက်ဆိုင်သူ အားလုံး အနာဂတ်မှာ ဆွေးနွေးရမယ့် ကိစ္စဖြစ်ကြောင်း အကြံပြုထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

ဆက်စပ်သတင်းများ ...

XS
SM
MD
LG