သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေကို စစ်သားအဖြစ် စုဆောင်းမှု စွပ်စွဲချက် AA အဖွဲ့ငြင်းဆန်


စစ်ဘေးရှောင်မွတ်ဆလင်များကို AA ကကြိုဆိုခဲ့ကြောင်း ထုတ်ပြန်ခဲ့သည့်မှတ်တမ်းဓာတ်ပုံ (မေ ၁၃၊ ၂၀၂၄)
စစ်ဘေးရှောင်မွတ်ဆလင်များကို AA ကကြိုဆိုခဲ့ကြောင်း ထုတ်ပြန်ခဲ့သည့်မှတ်တမ်းဓာတ်ပုံ (မေ ၁၃၊ ၂၀၂၄)

စစ်ကောင်စီနဲ့ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ မွတ်ဆလင်တွေကို စစ်သားအဖြစ် အတင်းအကျပ် စုဆောင်းနေတယ်ဆိုတဲ့ စွပ်စွဲချက်ဟာ မမှန်ကြောင်း AA အာရက္ခတပ်တော်က ငြင်းဆန်လိုက်ပါတယ်။ ရခိုင်မြောက်ပိုင်းက တိုက်ပွဲတွေကြား ရွာတွေမှာ ပိတ်မိနေတဲ့ ရိုဟင်ဂျာတွေကို AA အဖွဲ့က ဘေးလွတ်ရာ ထွက်ခွာနိုင်အောင် အကူအညီပေးနေတာတွေလည်း ရှိနေကြောင်းလည်း ဘူးသီးတောင် အခြေစိုက် ရိုဟင်ဂျာအရေးလှုပ်ရှားနေသူ တယောက်က ပြောပါတယ်။ ရခိုင်ပြည်နယ်က တိုက်ပွဲတွေကြား ရိုဟင်ဂျာတွေ ကြုံနေရတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို မဆုမွန် တင်ပြထားပါတယ်။

စစ်ကောင်စီနဲ့ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ဘူးသီးတောင်မြို့နယ်မှာ ပိတ်မိနေတဲ့ မွတ်ဆလင် ၇,၀၀၀ ကျော်ကို ကယ်ထုတ်ပြီး လူသားချင်းစာနာမှုအကူအညီတွေ ပေးထား ကြောင်း AA အာရက္ခတပ်တော်က မေလ ၁၂ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။ အခုလို စစ်ဘေးကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေကို လမ်းကြောင်းဖွင့်ပေးပြီး ကူညီနေတဲ့ AA ရဲ့ လုပ်ရပ်ကို ကြိုဆိုကြောင်း ဘူးသီးတောင်အခြေစိုက် လူ့အခွင့်အရေးလှုပ်ရှားနေတဲ့ ရိုဟင်ဂျာလူငယ် ကိုဇာနည်စိုးက ဗွီအိုအေကိုပြောပါတယ်။

တဖက်မှာလည်း လူသားအဖြစ်ရပ်တည်ပိုင်ခွင့်နဲ့အညီ ရိုဟင်ဂျာဆိုတဲ့ အခေါ်အဝေါ်ကို အာရက္ခတပ်တော် ခေါင်းဆောင်တွေအနေနဲ့ လက်ခံအသိအမှတ်ပြုဖို့ တောင်းဆိုကြောင်းလည်း ကိုဇာနည်စိုးက ပြောပါတယ်။

"အာရက္ခတပ်တော်အနေနဲ့ နေရပ်စွန့်ခွာထွက်ပြေးလာရတဲ့ ရိုဟင်ဂျာတွေကို ဒီလိုမျိုး သူတို့ကြိုဆိုပြီးတော့မှ ကူညီတယ်ဆိုတာက အင်မတန်မှကောင်းတဲ့အချက်တချက်လို့ ကျွန်တော်မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် အဖိနှိပ်ခံလူတန်းစားတွေကို ပိတ်မိနေတဲ့ကြားထဲမှာသူတို့က ဒီလိုမျိုးကူညီတယ်ဆိုတာက အင်မတန်မှ ကောင်းတယ်လို့ကျွန်တော်တို့ပြောလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုလို့ရှိရင် အာဏာရှင်ချေမှုန်းရေးအတွက်ကို တော်လှန်နေရတဲ့ ရခိုင် အာရက္ခတပ်တော်အနေနဲ့ ဒီအာဏာရှင်ချေမှုန်းရေးသက်သက်ကို ဦးစားမပေးပဲ လူသားအားလုံးအတွက်တိုက်ပွဲဝင်တယ်ဆိုတာလည်း ပေါ်လွင်တာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ရခိုင့်တပ်တော်က ဒီလိုမျိုးလုပ်တာဟာ ရိုဟင်ဂျာတွေအနေနဲ့ အင်မတန်မှကြိုဆိုတာလည်းဖြစ်ပါတယ်။"

ရခိုင်ပြည်နယ်မှာ ရှိတဲ့ မွတ်ဆလင်တွေအပေါ် စစ်ကောင်စီသာမက AA ကပါ အတင်းအကျပ် စစ်သားစုဆောင်းတာတွေ၊ သတ်ဖြတ်တာတွေရှိနေကြောင်း ဒေသတွင်း လူ့အခွင့်အရေးအဖွဲ့တွေက သတင်းထုတ်ပြန်ထားသလို ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်ရဲ့ မကြာသေးခင်က ထုတ်ပြန်တဲ့ ရခိုင်ပြည်နယ်က လူ့အခွင့်အရေးအခြေအနေမှာလည်း AAဘက်က လူ့အခွင့် အရေး ချိုးဖောက်တာတွေရှိနေတယ်လို့ ဖေါ်ပြထားပါတယ်။

ဒါနဲ့ပတ်သက်လို့ AAဘက်က မွတ်ဆလင်တွေအတင်းအကျပ် စစ်မှုထမ်းခိုင်းတာလည်းမရှိသလို ရခိုင်မြောက်ပိုင်းမှာ ရခိုင်နဲ့မွတ်ဆလင်အသိုင်းအဝိုင်းကြား ပဋိပက္ခတွေ ကြီးထွားလာအောင် စစ်ကောင်စီဟာ ARSA အပါအ၀င် အခြားရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေ နဲ့ ပူးပေါင်းပြီး လုပ်ဆောင်နေတာဖြစ်တယ်လို့ AAပြောခွင့်ရ ခိုင်သုခက ဗွီအိုအေကို ပြောပါတယ်။

“ ကျနော်တို့ အာရက္ခ တပ်တော်ကတော့ မွတ်ဆလင်တွေကို အတင်းအကျပ် စစ်မှုထမ်းဖို့ ခေါ်တာမျိုး လုံးဝကို မရှိပါဘူးခင်ဗျာ။ ဒီဟာကတော့ ကျနော်တို့လည်း အင်တာနက်တွေ ပေါ်မှာ တွေ့ပါတယ်၊ တချို့ပြည်ပရောက် ဘင်္ဂလီမွတ်ဆလင် လူပုဂ္ဂိုလ်တချို့က သူတို့ရဲ့ အကျိုးစီးပွားအတွက် သတင်းအမားတွေဖြန့်ပြီးတော့မှ ကျနော်တို့ အဖွဲ့အစည်းကို နို်င်ငံရေး အရ ထိုးနှက် တိုက်ခိုက်နေတာတွေကို တွေ့ရပါတယ်။ ကျနော်တို့ အာရက္ခ တပ်တော်ကတော့ ဘယ်သူတဦးတယောက်ကိုမှ အတင်းအကျပ် စစ်မှူထမ်းဖို့ လူသစ်စုဆောင်းတာမျိုးလုံးဝကို မရှိပါဘူးခင်ဗျာ။”

၂၀၁၇ ခုနှစ်က မြန်မာစစ်တပ် အင်အားသုံးဖိနှိပ်ခဲ့တဲ့ ARSA နဲ့ အခြား ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ RSO နဲ့ ARA တို့ကို အာဏာသိမ်းစစ်ကောင်စီက AA ကို တိုက်တဲ့နေရာမှာ အသုံးချဖို့ ဒီအဖွဲ့တွေကို ပြန်ပြီး အခွင့်အရေးတွေပေး၊ လက်နက်တွေပေးပြီး အသုံးချနေကြောင်း ဘန်ကောက်အခြေစိုက် The Arakan Project အဖွဲ့ ညွှန်ကြားရေးမှူး Chris Lewa ကဗွီအိုအေကို ပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီကအသက်သွင်းလိုက်တဲ့ စစ်မှုမထမ်းမနေရ ဥပဒေနဲ့ ရိုဟင်ဂျာတွေကို ရခိုင်တွေကို တိုက်ဖို့ အတင်းအကျပ် စစ်မှုထမ်းခိုင်းတဲ့ ကိစ္စဟာ အခြေအနေတွေကို ပိုပြီးဆိုးရွားစေတယ်လို့ Chris Lewa ကဆိုပါတယ်။

လက်ရှိရခိုင်မြောက်ပိုင်းမှာ မွတ်ဆလင်အရေးနဲ့ပတ်သတ်ပြီး နိုင်ငံတကာအပါအဝင် လူအခွင့် အရေးလှုပ်ရှားသူတွေအနေနဲ့ နှစ်ဘက်ပဋိပက္ခတွေ ကြီးထွားလာမှာကို စိုးရိမ် နေကြပေမယ့် AAဘက်ကတော့ အသိုင်းအဝိုင်းနှစ်ခုကြား အတူယဉ်တွဲနေ ထိုင်နိုင်အောင် စစ်ကောင်စီဖြစ်စေချင်တဲ့ ပဋိပက္ခတွေ ဖြစ်မလာအောင် လုပ်ဆောင်နေတာတွေ့ရတယ်လို့ ရခိုင်နိုင်ငံရေး လေ့လာသုံးသပ်သူ လွတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက ပြောပါတယ်။

“ ULA/AAပေါ်မှာ ရခိုင်ပြည်သူတွေက ယုံကြည်မှု အလွန်မြင့်မားပါတယ်၊ ဘယ်ပြဿနာကို မဆိုဖြေရှင်းနိုင်လိမ့်မယ်လို့ ယုံကြည်တယ်၊ အထူးသဖြင့် AA ခေါင်းဆောင်တွေပေါ်မှာ ယုံကြည်မှုတော်တော်ကို ခိုင်ခိုင်မာမာရှိကြတယ်၊ ဒါကြောင့် ကိုယ့်ခေါင်းဆောင်တွေပြောတဲ့ စကားကိုလည်း နားထောင်ဖို့ အဆင်သင့်ရှိတယ်၊ မလုပ်နဲ့ ဆိုရင်မလုပ် အမိန့်နာခံဖို့လည်း အဆင်သင့်ဖြစ်တယ်၊ အကောင်းဆုံးကို ဖြေရှင်းနိင်လိမ့်မယ်လို့ ယုံကြည်ပြီးသားဖြစ်တယ်။ အဲတာကြောင့် ကို်ယ့်ဘက်က ဒီလောက်တားနေတဲ့ ကြားထဲက ပညာပေးနေတဲ့ ကြားထဲက ဘယ်ရခိုင်မှ မွတ်ဆလင်နဲ့ ပဋိပက္ခကြားထဲမှာ ဝင်ပြီးတော့ ပါဝင်မှာမဟုတ်ဘူး ဖြစ်အောင်လဲ လုပ်မှာမဟုတ်ဘူး၊ ULA/AAရဲ့ မူဝါဒအတိုင်းဆက်လျောက်လိမ့်မယ်လို့ ယုံကြည်ပါတယ်။”

ပဋိပက္ခဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို စစ်တမ်းကောက်ယူနေတဲ့ ပြည်တွင်းအခြေစိုက် Data for Myanmar အဖွဲ့ရဲ့ မေလအစောပိုင်း ထုတ်ပြန်ချက်အရ-ဘူးသီးတောင်မြို့နယ်တဝိုက်မှာ စစ်ကောင်စီနဲ့ ARSA ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေပူးပေါင်းပြီး မီးရှို့ဖျက်စီးခဲ့တဲ့ လူနေအိမ် အလုံးပေါင်း ၃ဝဝဝကျော်ရှိကြောင်းဖေါ်ပြထားပါတယ်။

ရခိုင်ပြည်နယ်မှာ နယ်မြေအတော်များများကို AAက သိမ်းပိုက်လာနိုင်ပြီးလက်ရှိမှာ ရိုဟင်ဂျာ မွတ်ဆလင်အများစုနေထိုင်တဲ့ ဘူးသီးတောင်မောင်တောအပါအဝင် အနောက်ပို်င်းတိုင်းစစ်ဌာနချုပ်တည်ရှိတဲ့ အမ်းမြို့နယ် ကိုပါ သိမ်းယူဖို့ အပြင်းအထန်ကြိုးပမ်းနေတာဖြစ်ပါတယ်။ အခုလိုအချိန်မှာ စစ်ကောင်စီဘက်က တဖက် မွတ်ဆလင်အသိုင်းအဝိုင်းကို အသုံးချလာတာကြောင့် လူမျိုးရေအကြမ်းဖက်မှု အန္တရာယ်တွေ ကြီးမားလာနေတယ်လို့ ICGနိုင်ငံတကာ ပဋိပက္ခစောင့်ကြည့်ရေးအဖွဲ့က သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG