သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ စစ်မှုထမ်းနိုင်သူ စာရင်းကောက်


ရခိုင်ပြည်နယ်၊ တောင်ပြိုလက်ယာရွာအနီး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကြားမြေလွတ်မှာ ထွက်ပြေးနေထိုင်နေကြတဲ့ ရိုဟင်ဂျာများ။ (ဇွန် ၂၉၊ ၂၀၁၈)
ရခိုင်ပြည်နယ်၊ တောင်ပြိုလက်ယာရွာအနီး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကြားမြေလွတ်မှာ ထွက်ပြေးနေထိုင်နေကြတဲ့ ရိုဟင်ဂျာများ။ (ဇွန် ၂၉၊ ၂၀၁၈)

ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့က အတည်ပြုပြဌာန်းထားတဲ့ စစ်မှုထမ်းဥပဒေအတွက်ဆိုပြီး ရခိုင်ပြည်နယ်မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ လူစာရင်းကောက်ယူနေတယ်လို့ ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေကပြောပါတယ်။ စစ်တွေ၊ မောင်တော၊ ဘူးသီးတောင်ဘက်တွေမှာကောက်ယူခဲ့တာလို့ပြောပါတယ်။ ရခိုင်ဒေသမှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်ကြား ရိုဟင်ဂျာတွေရပ်တည်ရေးက ပိုခက်ခဲလာတယ်လို့ ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေက ထောက်ပြလာပါတယ်။ ဒီသတင်းရန်ကုန်က ပေးပို့လာတာကို မခွါညိုက တင်ပြပေးထားပါတယ်။

စစ်အာဏာရှင်ဟောင်းတဦးဖြစ်တဲ့ ဦးသန်းရွှေလက်ထက် ၂၀၁၀ ပြည့်နှစ်မှာ ပြဋ္ဌာန်းခဲ့‌တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေ အာဏာတည်တဲ့အကြောင်း လက်ရှိ စစ်ကောင်စီက ဖေဖေါ်ဝါရီ ၁၀ ရက်က အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ ဥပဒေအရ နည်းဥပဒေ ထွက်ဖို့ရှိနေသေးပေမယ့် စစ်မှုထမ်းနိုင်မယ့် လူဦးရေစာရင်းကို ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ စပြီး စာရင်းကောက်ယူလာတာဖြစ်ပါတယ်။

စစ်တွေ၊ မောင်တော၊ ဘူးသီးတောင်ဘက်တွေက ရိုဟင်ဂျာဒုက္ခသည် စခန်းတွေမှာ တည်ဆဲပြဌာန်းထားတဲ့ စစ်မှုထမ်းဥပဒေအရ အမျိုးသားတွေကိုစာရင်းကောက်တာမှာ သတ်မှတ်အသက်ထက် ကျော်သူတွေကိုလည်း စာရင်းကောက်ယူတယ်လို့ ရိုဟင်ဂျာအရေး ဆောင်ရွက်နေသူတဦးကပြောပါတယ်။ လက်ရှိကောက်ယူမှုတွေမှာ အမျိုးသမီးတွေမပါဝင်ဘူးလို့ ပြောပါတယ်။

"စာရင်းကောက်တာတပတ်လောက်ရှိပြီ။ လူငယ်တွေကို နိုင်ငံတော်က ပြဌာန်းထားတဲ့ဥပဒေအတိုင်း ထမ်းရမယ်လို့ပြောတယ်။ စစ်တွေမှာ မြေပြင်သတင်း အရ ၄၀၀ စုရတယ်။ ဘူးသီးတောင်မှာလည်း ၄၀၀ကျော်စုလို့ရတယ်။ ကျောက်ဖြူ ကျောက်တလုံးစခန်းမှာ ပထမ ၁၆၀ ၊ ခု ၁၈၀ ရှိပြီပြောတယ်။ စကစ ကြေညာထားတာက ယောက်ကျားလေးက ၁၈ ကနေ ၃၅ ၊ မိန်းကလေးက ၁၈ ကနေ ၂၇ ပြောထားတယ်။ မိန်းကလေးတွေတော့ ကောက်တာမပါဘူး။ ယောက်ကျားလေးတွေက ၁၈ ကနေ ၃၅ ပါတယ်။ ဒါပေမယ့်ကျောက်ဖြူ ကျောက်တလုံးစခန်းမှာ ၃၅ ကျော်တာတွေလည်းရှိတယ်။ အသက် ၄၀ တွေလည်း ကောက်တာရှိတယ်။ ဘူးသီးတောင်မှာတော့ ၁၈ ကနေ ၃၅ အတွင်း ကောက်တယ်။"

ရခိုင် စစ်တွေ လူဝင်မှုကြီးကြပ်ရေးဌာနက အမည်မဖော်လိုတဲ့အရာရှိတဦးကတော့ စာရင်းကောက်ယူတာဟာ ပုံမှန် သုံးလတကြိမ်၊ ခြောက်လတကြိမ် ရိုဟင်ဂျာတွေရဲ့ လူဦးရေတိုးတာ၊ သေတာတွေအတွက် ကောက်ယူတတ်တဲ့ အစီအစဉ်အတိုင်း လုပ်ဆောင်တာဖြစ်ပြီး စစ်မှုထမ်းဖို့အတွက် ကောက်ယူတာ မဟုတ်ကြောင်း ငြင်းဆိုပါတယ်။

ဒါပေမယ့် ရိုဟင်ဂျာအရေးလုပ်ဆောင်နေသူတွေကတော့ ရိုဟင်ဂျာတွေဟာ မြန်မာပြည်မှာ နေထိုင်သူတွေပဲ ဖြစ်တယ်၊ ဒါ့ကြောင့် စစ်မှုထမ်းဖို့လိုအပ်တယ်လို့ပြောပြီး ကောက်ယူခဲ့တာလို့ ပြောပါတယ်။

စစ်မှုထမ်းဥပဒေကိုမလိုက်နာတဲ့သူတွေဟာ ထောင်ဒဏ် သုံးနှစ်ကနေ ငါးနှစ်အထိ ကျခံရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။ စစ်မှုထမ်းဖို့ စာရင်းကောက်တာအပြင် လက်ရှိ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်ကြားတိုက်ပွဲတွေအတွင်းမှာ ရိက္ခာသယ်တာ၊ စစ်လက်နက်ပစ္စည်းသယ်ဖို့အတွက်ပါ ရိုဟင်ဂျာတွေကို စစ်ကောင်စီဘက်ကကော ရက္ခိုင့်တပ်တော်ကပါ ခေါ်ယူခိုင်းစေတာတွေ လုပ်တယ် လို့ ရိုဟင်ဂျာအရေးလုပ်နေတဲ့ ဦးတင်စိုးက ဗွီအိုအေကို ခုလိုပြောပါတယ်။

"ရွာတရွာရောက်တယ်။ အိမ်ထောင်စုစာရင်းကောက်တယ်။ ယူတယ်။ အဲစာရင်းထဲကနေ နာမည်တွေယူတယ်။ လူဘယ်နှစ်ယောက်ရှိတယ်ဆိုပြီး ယူထားတယ်။ သူတို့ဘာပြောလဲဆိုရင် နောက်နေ့လာရင် အဲလူတွေ လိုချင်တယ်။ နောက်နေ့လာ၊ ရှိတဲ့သူတွေ ခေါ်သွားတာပဲ။ အေအေလည်းအဲလိုပဲ။ စစ်ပွဲဖြစ်နေတဲ့နေရာကနေ ထွက်ပြေးရအောင် ဘယ်မှမရှိဘူး။ လာပြီး ပေါ်တာဆွဲသလို ဆွဲသွားတာပဲ။ လူတွေကိုရွာထဲကနေခေါ်သွားတယ်။ ဒုက္ခသည်စခန်းထဲကနေလည်း လာပြီးပေါ်တာဆွဲသလိုခေါ်သွားတာဘဲ။ အေအေလည်းလုပ်တယ်။ အဲပုံစံ။ စစ်‌ကောင်စီလည်း အဲလိုပဲ။ နှစ်ဘက် တိုက်ပွဲဖြစ်နေတဲ့နေရာမှာ ရိုဟင်ဂျာတွေက ဘေးကျပ်နံကျပ်ဖြစ်နေတယ်။ ကြားထဲက မြေစာပင်ဖြစ်နေရတယ်။ ၂ ခုစလုံးကတော့ ရိုဟင်ဂျာတွေအတွက် ဒုက္ခရောက်နေရတယ်။"

ဒီလအစောပိုင်းကစလို့ ရိုဟင်ဂျာတွေကို ပစ်မှတ်ထားပြီး စစ်ကောင်စီက စစ်မှုထမ်းဖို့ အတင်းအကျပ် ဖိအားပေးလာတာ-လို့ ရိုဟင်ဂျာတွေက ပြောပါတယ်။ ဒါတွေနဲ့ပတ်သက်လို့ သက်ဆိုင်ရာ စစ်ကောင်စီပြောရေးဆိုခွင့်၊ ရခိုင်ပြည်နယ် ပြောရေးဆိုခွင့်၊ ရက္ခိုင့်တပ်တော် ပြောရေးဆိုခွင့်ရှိသူတွေကို ဗွီအို‌အေက ဆက်သွယ်ဖို့ အကြိမ်ကြိမ်ကြိုးစားပေမယ့် ဖြေဆိုတာမရှိခဲ့ပါဘူး။ စစ်ကောင်စီဘက်က ရခိုင်ပြည်နယ်မှာနေတဲ့ အစ္စလာမ်ဘာသာဝင်တွေကို ရိုဟင်ဂျာ-လို့ ပြောဆိုတာ သုံးနှုန်းတာကို လက်ခံမထားသလို ပြောဆိုတာရှိရင် အရေးယူမယ်လို့ ထုတ်ပြန်ထားပေမယ့် ရခိုင်ပြည်နယ်မှာနေတဲ့ အစ္စလာမ်ဘာသာဝင်တွေ ကတော့ သူတို့ဟာရိုဟင်ဂျာဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ရိုဟင်ဂျာတွေရဲ့စခန်းတွေမှာ စာရင်းကောက်တာအပြင် တိုက်ပွဲတွေအတွင်းမှာ ရိက္ခာသယ်တာ၊ စစ်လက်နက်ပစ္စည်းသယ်ဖို့အတွက်ပါ ရိုဟင်ဂျာတွေကို စစ်ကောင်စီဘက်ကကော ရက္ခိုင့်တပ်တော်ကပါ ခေါ်ယူခိုင်းစေတာတွေ လုပ်တယ်ဆိုတာနဲ့ပတ်သက်လို့ ဗွီအိုအေဘက်က သီးခြားအတည်ပြုနိုင်ဖို့ ကြိုးစားနေပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက လူငယ်တွေ စစ်မှုထမ်းရမယ့် အစီအစဉ်ကို လာမယ့်ဧပြီမှာ ပထမအသုတ်အနေနဲ့ လူ ၅,၀၀၀ ကို စတင်ခေါ်ယူဖို့ပြင်ထားတယ်လို့ ထုတ်ပြန် ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာစတင်ခဲ့တဲ့ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (AA) ကြား တိုက်ပွဲတွေဟာ ပြင်းထန်နေဆဲဖြစ်ပြီး ရိုဟင်ဂျာရွာတွေမှာ အခြေစိုက်တဲ့ AA တပ်တွေကို စစ်ကောင်စီက အပြင်းအထန် ပစ်ခတ်တိုက်ခိုက်တာကြောင့် ဇန်နဝါရီနဲ့ ဖေဖေါ်ဝါရီလတွေအတွင်း ရိုဟင်ဂျာအရပ်သား ဒါဇင်နဲ့ချီ သေဆုံးခဲ့ကြောင်း ဒေသတွင်း လူ့အခွင့်အရေးအဖွဲ့အစည်းတွေက ထုတ်ပြန်ကြေညာထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG