သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီတပ်မှာ စစ်မှုမထမ်းလိုတဲ့လူငယ်တချို့ တိမ်းရှောင်နေကြ


MYANMAR-POLITICS/
MYANMAR-POLITICS/

မြန်မာစစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေပြဌာန်းချက်ကြောင့် စစ်မှုမထမ်းလိုတဲ့လူငယ်တွေဟာ ထိုင်းအပါအဝင် အိမ်နီးနာချင်းနိုင်ငံတွေကို ထွက်ခွာတာတွေ၊ တိုင်းရင်းသားလက်နက်ကိုင်နယ်မြေတွေ ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေရှိရာနေရာကို ရောက်ရှိလာတာတွေရှိတယ်လို့ နယ်စပ်သတင်းအရင်းအမြစ်တွေက ပြောပါတယ်။ ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

မြန်မာစစ်ကောင်စီဟာ အာဏာသိမ်းပြီး ၃ နှစ်အကြာမှာ နယ်မြေတွေဆုံးရှုံးနေရတာ၊ တပ်စခန်းတွေ စွန့်ခွါရတာနဲ့ တပ်ရင်း တပ်ဖွဲ့တွေကြားမှာ အယုံအကြည်ကင်းမဲ့ပြီး လက်နက်ချမှုတွေလည်းများလာတဲ့အတွက် နိုင်ငံသားတိုင်း စစ်မှုထမ်းရမယ့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။ ဒီလိုကြေညာအပြီး ၃ ရက်အတွင်းမှာပဲ စစ်မှုုမထမ်းလိုတဲ့မြန်မာလူငယ်တွေဟာ ထိုင်းမြန်မာနယ်စပ်တွေဘက် ထွက်ခွါလာသူတွေရှိသလို တချို့ကလည်း တိုင်းရင်းသားလက်နက်ကိုင်နယ်မြေတွေဆီ ရောက်သွားကြတယ်လို့ အလုပ်သမားရေးတက်ကြွလှုပ်ရှားသူ ဦးရဲမင်းကပြောပါတယ်။

"တချို့ကျတော့လည်း အာဏာသိမ်းပြီးကာစလို နမူနာယူပြီး စောစောထွက်ရင် စောစောချောင်မယ်လို့လည်း အတွေးမျိုးတွေဖြစ်တယ်။ တချို့ကျတော့လည်း ဆုံးဖြတ်ချက်ကို ရဲရဲချလိုက်ကြတယ်။ တွေဝေနေလို့မရတော့ဘူးလို့ဆိုပြီး ထွက်လာကြတော့တာပဲ။ တချို့ကတော့ အခုဆို KNU နယ်မြေတွေဆီကိုတောင် ရောက်ကုန်ပြီ။"

အခုလို စစ်ကောင်စီကိုဆန့်ကျင်တိုက်ပွဲဝင်ဖို့ လက်နက်ကိုင်နယ်မြေကိုထွက်ခွါလာကြသလို နယ်စပ်တွေကတဆင့် ထိုင်းနိုင်ငံထဲကိုဝင်လာကြသူတွေလည်းရှိတယ်လို့ နယ်စပ်က ပြည်သူတဦးကပြောပါတယ်။

"စစ်ဥပဒေအမိန့် ထွက်လာပြီးတဲ့နောက်ပိုင်းမှာ အိုးအိမ်တွေပေါင်နှံပြီး မရှိရှိတာနဲ့ထွက်လာကြတဲ့သူတွေလည်း များလာတယ်။ တချို့အမေတွေဆိုရင် ခြံတွေ နွားတွေရောင်းနေတယ်။ ကလေးတွေ သွားဖို့လာဖို့လုပ်နေတယ်။ အဲဒါ လမ်းတွေက စစ်လားဆေးလားဖြစ်နေတော့ လမ်းအခြေအေနေတွေကကောင်းလားလို့ မေးနေကြတယ်။

စစ်ဆေးရေးဂိတ်တွေက စစ်ဆေးနေတဲ့ကြားကပဲ မခံရပ်နိုင်တဲ့ပြည်သူတွေဟာ သူတို့သားသမီးတွေကို ဘယ်နေရာပို့ရမလဲဆိုတာပဲစဉ်းစားနေကြပြီး စစ်မှုမထမ်းရရင်တော်ပြီဆိုတာကိုပဲ ရွေးချယ်လာကြတယ်လို့ ပြောပါတယ်။

"အခုက စစ်ဆေးရေးဂိတ်တွေ၊ ပဲခူးအထွက်၊ ဘားအံအထွက်တွေမှာ ဖမ်းတယ်ပြောတယ်။ ပြီးတော့ ဘယ်သွားမယ်ဆိုတဲ့ ထောက်ခံစာတွေ ပါမှ ရမယ်ပြောတယ်။ ဘယ်ရပ်ကွက်မှာနေထိုင်တယ်ဆိုတာလည်း ပြောရမယ်၊ ရွာတွေက စစ်မှုမထမ်းမနေရ ဥပဒေဖြစ်လာတော့ ရွာတွေမှာလိုက်စစ်တာ။ ဒီကလေးကဘယ်သွားလဲ၊ ဒါဆို ပြန်ခေါ်ပေး၊ မခေါ်ပေးနိုင်ရင် ပိုက်ဆံပေးဆိုတာတွေ တောင်းတယ်။ ဧရာဝတီတိုင်းမှာ လက်ရှိအဲဒါဖြစ်နေတာ။ ဘယ်သူမှ ဒါကိုလက်မခံဘူး။ တပ်မတော်ကို တာဝန်ထမ်းဆောင်တာ မလုပ်ချင်ကြဘူး။ စစ်တပ်ကလုပ်ထားတာတွေက ရွံရွံမုန်းမုန်းဖြစ်နေတော့ ထိုင်းဘက်ကိုပဲရောက်ရောက်၊ တောထဲပဲရောက်ရောက်ဆိုပြီး လူထုတွေကဖြစ်နေကြတာ။"

စစ်ကောင်စီဘက်ကတော့ အပူတပြင်းလူသစ်စုဆောင်းသွားမှာသဘောဖြစ်ပြီး သင်္ကြန်ကာလနောက်ပိုင်းကစပြီး စစ်မှုထမ်းဖို့ လူသစ်စတင်စုဆောင်းမယ်လို့ တရားဝင်ထုတ်ဖော်ပြောဆိုလာပါတယ်။ စစ်တပ်တွင်းကလူတွေတောင် တပ်ရင်းအလိုက်၊ တပ်ခွဲအလိုက် လက်နက်ချတာ၊ ထွက်ပြေးတာတွေရှိနေတဲ့မြန်မာစစ်တပ်ဟာ အမိန့်အာဏာတွေနဲ့ စစ်မှုထမ်းခိုင်းဖို့ကတော့ လွယ်ကူတဲ့ကိစ္စ မဖြစ်နိုင်ဘူးလို့ သုံးသပ်သူတွေလည်းရှိနေပါတယ်။ ဒီထုတ်ပြန်တဲ့ စစ်မှုထမ်းဥပဒေကြောင့် စစ်ကောင်စီကို တော်လှန်သူတွေ၊ ဆန့်ကျင်သူတွေပိုများသွားနိုင်တယ်လို့ သုံးသပ်တာတွေလည်း ရှိနေကြပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG