သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အာဏာသိမ်းသုံးနှစ်ပြည့် နိုင်ငံအဝှမ်းအသံတိတ်သပိတ်


စစ်အာဏာသိမ်း (၃) နှစ်ပြည့် အသံတိတ်သပိတ်ဆင်နွဲလို့ လူသူရှင်းလင်းနေတဲ့ ရွှေတိဂုံဘုရားလမ်းမြင်ကွင်း။ (ဖေဖေါ်ဝါရီလ ၁၊ ၂၀၂၄)
စစ်အာဏာသိမ်း (၃) နှစ်ပြည့် အသံတိတ်သပိတ်ဆင်နွဲလို့ လူသူရှင်းလင်းနေတဲ့ ရွှေတိဂုံဘုရားလမ်းမြင်ကွင်း။ (ဖေဖေါ်ဝါရီလ ၁၊ ၂၀၂၄)

စစ်အာဏာသိမ်း ၃ နှစ်ပြည့်ဖြစ်တဲ့ မနေ့ ဖေဖော်ဝါရီတရက်နေ့မှာ နိုင်ငံတဝန်းလုံးမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ အသံတိတ်သပိတ်နဲ့ အဖြူရောင်ကမ်ပိန်း လုပ်ခဲ့ကြပါတယ်။ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအတွင်း တနိုင်ငံလုံး အပြင်မထွက်ဘဲ အသံတိတ်သပိတ်ကို ဆင်နွှဲကြဖို့ သပိတ်ကော်မတီတွေက နှိုးဆော်ခဲ့ကြသလို ပြည်သူတွေကလည်း ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ အသံတိတ်သပိတ် မစတင်ခင်အချိန်မှာလည်း နေရာတချို့မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်လှုပ်ရှားမှုတွေ လုပ်ခဲ့ကြပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

စစ်အာဏာသိမ်းမှု ၃ နှစ်ပြည့်တဲ့ ဒီကနေ့ ဖေဖော်ဝါရီတရက်နေ့မှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် တနိုင်ငံလုံးက ပြည်သူတွေကို အသံတိတ်သပိတ်နဲ့ အဖြူရောင်ကမ်ပိန်းမှာပါဝင်ကြဖို့ သပိတ်ကော်မတီတွေက တိုက်တွန်းထားကြသလိုပဲ နိုင်ငံတဝန်းက ပြည်သူတွေကလည်း ဒီကနေ့ အသံတိတ်သပိတ်ကို တက်တက်ကြွကြွပါဝင်ခဲ့ကြတာကို တွေ့ရတယ်လို့ သပိတ်ခေါင်းဆောင်တချို့က ပြောပါတယ်။

မုံရွာမြို့မှာလည်း ဒီကနေ့ အသံတိတ်သပိတ်ကို ပြည်သူတွေက ပူးပေါင်းပါဝင်ပြီး အောင်မြင်ခဲ့တယ်လို့ မုံရွာစီးပွားရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂက ကိုရှင်းသန့်က ပြောပါတယ်။

“မုံရွာမြို့ပေါ်မှာလည်း ကျနော်တို့ အသံတိတ်သပိတ်က အောင်မြင်တယ်လို့ ပြောလို့ရတယ်။ မနက်ပိုင်း နည်းနည်းလောက်ကတော့ စစ်တပ်က ပိုက်ဆံပေးထားတဲ့သူတွေ၊ non CDM တွေက မြို့ထဲမှာ လမ်းလျှောက်တာတွေ၊ ဆိုင်ကယ်လျှောက်မောင်းနေတာတွေ ရှိတယ်လို့တော့ သိရတယ်ပေါ့လေ၊ အများဆုံးကတော့ အောင်မြင်တယ်လို့ သိရပါတယ်ခင်ဗျ။ ပြည်သူတွေကလည်း တော်လှန်နေဆဲပဲ။ နောက်လည်း ဆက်ပြီးတော့ တော်လှန်သွားအုံးမယ်လို့ ကျနော်တို့ ယူဆရပါတယ်ခင်ဗျ။”

စစ်အာဏာသိမ်းမှု ၃ နှစ်အတွင်း စစ်ကောင်စီ စိုးမိုးမှု အားကောင်းတဲ့နေရာတွေမှာ ဆန္ဒပြတာနဲ့ သပိတ်မှောက်တာတွေကို ကျယ်ကျယ်ပြန်ပြန့် မလုပ်နိုင်ကြတော့ဘဲ တော်လှန်ရေး တပ်ဖွဲ့တွေ စိုးမိုးမှုအားကောင်းတဲ့ ဒေသတွေမှာသာ စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြတာတွေကို လုပ်နိုင်ခဲ့ကြတာပါ။ ဒီနှစ် ၂၀၂၄ မှာတော့ အရင် ဆန္ဒပြတာနဲ့ သပိတ်မှောက်တာတွေ မလုပ်နိုင်ခဲ့တဲ့ စစ်ကောင်စီ စိုးမိုးတဲ့ နေရာတချို့မှာပါ သပိတ်အဖွဲ့တွေ ပြန်ဖွဲ့စည်းနိုင်ပြီး လှုပ်ရှားနိုင်လာတယ်လို့ ကိုရှင်းသန့်က ပြောပါတယ်။

“တချို့မြို့နယ်တွေမှာလည်း ဒီနောက်ပိုင်းမှာ သပိတ်တွေက လိုအပ်တယ်၊ ငါတို့ စစ်အာဏာရှင်ကို တော်လှန်နေဖို့လိုတယ်။ အမြဲမပြတ် စစ်အာဏာရှင်ကို ပြဖို့အတွက် သပိတ်တွေ လိုအပ်တယ်ဆိုပြီးတော့ သပိတ်ကော်မတီတွေ၊ သပိတ်အင်အားစုတွေ ပေါ်ထွက်လာတာမျိုးတွေလည်း ရှိတယ်။ တချို့ဒေသတွေမှာလည်း ပြည်သူတွေ အနေအထားက ဘာလဲဆိုတော့ သပိတ်အားနည်းသွားတဲ့ အနေအထားမျိုးတွေလည်း ရှိတယ်ပေါ့လေ။ မြို့ပေါ်တွေမှာဆိုရင်တော့ သပိတ်တွေက အားနည်းသွားပြီ။ တော်လှန်ရေး အားကောင်းတဲ့ နေရာတွေမှာ ဆိုရင်တော့ နေ့စဥ်မပျက် ရှိနေဆဲပဲဖြစ်တယ်။ နေ့စဥ်မပျက် ထွက်နိုင်တဲ့ သပိတ်အဖွဲ့တွေကလည်း ထွက်ကြသလို တချို့သပိတ်အဖွဲ့တွေကလည်း နေ့ထူးနေ့မြတ်တွေ၊ အမှတ်တရ နေ့တွေ၊ ဝမ်းနည်းဖွယ်ကောင်းတဲ့ အထိမ်းအမှတ် နေ့တွေမှာ ထွက်ပြီးတော့ ပြည်သူလူထုဆီကို စစ်အာဏာရှင်ကို အလိုမရှိကြောင်း ပြသနေတာမျိုးတော့ ရှိပါတယ်ခင်ဗျ။”

စစ်ကိုင်းတိုင်းအတွင်းမှာ ယင်းမာပင်၊ ဆားလင်းကြီး ပူးပေါင်းတဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်စစ်ကြောင်း၊ ရွှေနွယ်အေး သပိတ်စစ်ကြောင်း၊ ကလေးမြို့ ပင်မသပိတ်စစ်ကြောင်း စတဲ့ သပိတ်အဖွဲ့တွေက စစ်တပ်အာဏာသိမ်းမှုကို စတင် ဆန္ဒပြခဲ့ကြတဲ့အချိန်ကနေ အခု ၃ နှစ်ပြည့်ပြီးချိန်အထိ အခက်အခဲတွေကြားထဲကနေ စစ်အာဏာရှင်ကို အလိုမရှိကြောင်း နေ့စဥ်မပျက် ချီတက်ဆန္ဒပြနေကြဆဲဖြစ်ပါတယ်။

မနေ့ကအသံတိတ်သပိတ်မှာ မန္တလေးမြို့ကလည်း တက်တက်ကြွကြွပါဝင်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။ ဒီကနေ့မှာ စစ်ကောင်စီဘက်က ဦးပိန်တံတားမှာ တောင်သမန် လွင်ပြင်ဖွင့်ပွဲကို non CDM ကျောင်းသားတွေ၊ ဝန်ထမ်းတွေနဲ့ ကျင်းပခဲ့ပေမယ့်မန္တလေးရဲ့ ကျန်တဲ့နေရာတိုင်းမှာတော့ လုံးဝ တိတ်ဆိတ်ငြိမ်သက်နေခဲ့တယ်လို့ ဒေသခံတဦးက ခုလိုပြောပါတယ်။

“ဦးပိန်ဘက်မှာတော့ တောင်သမန် လွင်ပြင်ဖွင့်ပွဲဆိုပြီးတော့ လုပ်နေတယ်ပေါ့နော်၊ မြို့ထဲမှာကတေော့ ကျနော် ဖုန်းဆက်မေးကြည့်တော့ အသွားအလာတော့ နည်းကြတယ်တဲ့။ နည်းတယ်ဆိုတာက မဖြစ်မနေ သွားကြရတဲ့ သူတွေလောက်ပဲမြင်ရတာပေါ့။ ဒီဘက်မှာက မန်းလေးမှာဆိုရင် ဥပုသ်ရက်တွေက ရုံးပိတ်တာများတော့ လူရှင်းတယ်၊ ခုရက်က ဥပုသ်ရက်လည်းမဟုတ်၊ ရုံးပိတ်ရက်လည်း မဟုတ်ဘဲနဲ့ သပိတ်နေ့မှာ လမ်းမှာ လူတော်တော်ရှင်းတယ်ပေါ့။ ပြောရရင် မနက်ခင်း ၁၀ နာရီကျော်ကတည်းက လူတော်တော်လေးရှင်းနေတာ။ လူသွားလူလာက။ တချို့အလုပ်တွေကျတော့လည်း ပိတ်တော့မပိတ်ဘူး။ လာတော့လာပေါ့။ အလုပ်က အပြင်ထွက်ပြီး လုပ်စရာမလိုဘူးပေါ့၊ ထမင်းချိုင့်လေးဆွဲခဲ့ပြီး အလုပ်မှာပဲနေဆိုတာမျိုး ရှိတယ်လို့လည်း ပြောတာကြားတယ်။ မန္တလေး ကျောက်ဝိုင်းက ကိုကြီးကတော့ ပြောတယ်၊ တော်တော်များများ ကျောက်ဝိုင်းကို မသွားကြဘူးပေါ့နော်၊ ကျောက်ဝိုင်းပိတ်တဲ့ အခြေအနေဖြစ်တာပေါ့၊ တချို့စျေးတွေမှာ ဆိုင်ခန်းတွေကတော့ ဖွင့်ထားရတာ၊ ရောင်းတာဝယ်တာတော့မရှိဘူးလို့ ပြောကြတယ်။”

ရန်ကုန်မြို့မှာတော့ စစ်အာဏာသိမ်း ၃ နှစ်ပြည့်ခဲ့တဲ့ မနေ့တုန်းက စစ်တပ်ထောက်ခံသူ ရာနဲ့ချီက ရန်ကုန်မြို့လယ်ခေါင် ဆူးလေတဝိုက်မှာ ‘သာသနာစော်ကားသူတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကို ဆန့်ကျင်ဖို့’ ကြွေးကြော်သံတွေနဲ့ လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။ ဒါပေမယ့် ရန်ကုန်မြို့ရဲ့ နေရာတိုင်းလိုလိုမှာ မနက် ၁၀ နာရီကနေ ၄ နာရီအထိ လူသွားလူလာ မရှိသလောက်နဲ့ တိတ်ဆိတ်ငြိမ်သက်နေခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

နှစ်စဥ်အသံတိတ်သပိတ်မှာ တက်တက်ကြွကြွပါဝင်ခဲ့တဲ့ ရန်ကုန်သူအမျိုးသမီးတဦးကတော့ အရင်နှစ်တွေတုန်းက လမ်းမကြီးတွေရော ရပ်ကွက်က လမ်းသွယ်တွေပါမကျန် အကုန်ငြိမ်သက်တိတ်ဆိတ်ခဲ့ကြပေမယ့် ဒီနှစ်မှာတော့ ရပ်ကွက်လမ်းတချို့မှာ သပိတ်ပြီးတဲ့ သတ်မှတ်အချိန်ထိမနေဘဲ နေ့လယ်ပိုင်းလောက်မှာ အသွားအလာတချို့ ရှိလာတာကို တွေ့ရတယ်လို့ ခုလိုပြောပါတယ်။

“မနက် ၁၀ နာရီကစပြီးတော့ ပထမပိုင်းကတော့ ဟုတ်နေသလိုလိုပဲ။ နေ့လယ်တနာရီခွဲလောက်လည်းကျရော အသံလေးတွေ ပြန်ထွက်လာတယ်။ ဟိုနားညံစီညံစီ၊ ဒီနားညံစီညံစီ။ ကလေးတွေဆိုလို့ရှိရင်လည်း ဟိုအရင် သပိတ်တွေတုန်းကဆိုရင် လုံးဝ ကလေးတွေက စျေးလာမဝယ်ကြတော့ဘူး၊ ကလေးကအစ လူကြီးအဆုံးပေါ့။ လုံးဝတိတ်ဆိတ် အသံတိတ် အဲ့လိုဖြစ်ခဲ့တာပေါ့နော်၊ ခုကကျတော့ ဒီနေ့က အရင်လောက် မဟုတ်တော့ဘူးလို့ ထင်တာပဲ။ ကျမကတော့ ခုချိန်ထိ သွေးမအေးသေးဘူးဆိုတာကို ပြချင်တယ်။ ဘာတွေပဲ အရေးကြီးနေ ကြီးနေ၊ ဘယ်ကိုပဲ သွားစရာကိစ္စတွေပဲ ရှိနေရှိနေ၊ တော်လှန်ရေးလုပ်နေတဲ့ တသားတည်းရှိနေကြောင်းကို ခုအချိန်ထိ ရှိနေကြောင်းကို ပြချင်တယ်။”

နိုင်ငံတဝန်းက မြို့တိုင်းရွာတိုင်းနီးပါးမှာ ပြည်သူတွေက အသံတိတ်သပိတ်ကို ပူပေါင်းပါဝင်ခဲ့ကြသလို အသံတိတ်သပိတ် အချိန်မတိုင်မီ မနက်အစောပိုင်းမှာ ချီတက်ဆန္ဒပြကြပါတယ်။

စစ်ကိုင်းတိုင်းအတွင်းက ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ်က ပူးပေါင်း သပိတ်စစ်ကြောင်း၊ မြိုင်မြို့နယ်က စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်း၊ လွတ်လပ်သော CDM အင်အားစုအဖွဲ့၊ ရွှေဘိုမြို့နယ်ကျေးရွာတခုက သပိတ်အဖွဲ့၊ ကချင်ပြည်နယ် ဟိုပင်မြို့အခြေစိုက် KPDF အဖွဲ့၊ အညာပစ်တိုင်းထောင်များအဖွဲ့၊ ကရင်ပြည်နယ် ဘုရားသုံးဆူမြို့က စစ်အာရှင်ဆန့်ကျင်သူတချို့၊ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ သပိတ်စစ်ကြောင်း၊ အရာတော်မြို့နယ် သပိတ်အဖွဲ့၊ တနင်္သာရီတိုင်း လောင်းလုံးမြို့မှာလည်း ထားဝယ်ခရိုင် ဒီမိုကရေးစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီက ဦးဆောင်ပြီး အဖြူရောင်ကမ်ပိန်း လှုပ်ရှားမှုအနေနဲ့ အဖြူရောင်ဝတ်စုံတွေကို ဝတ်ဆင်ပြီး ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် ပင်မသပိတ်စစ်ကြောင်းနဲ့ Mayangone democratic Front (MDF)နဲ့ ကြည့်မြင်တိုင်မြို့နပ်က တော်လှန်ပြည်သူတချို့တို့က စစ်အာဏာရှင်တော်လှန်ရေးအဖြူရောင် ကမ်ပိန်းလှုပ်ရှားမှုအဖြစ် အင်္ကျီအဖြူဝတ်ဆင်တာ၊ လက်မှာ ဖဲကြိုးဖြူပတ်တာ စတဲ့ လုပ်ဆောင်ချက်တွေကို ဓာတ်ပုံရိုက်ပြီး လူမှုကွန်ယက်မှာ တင်ခဲ့ကြပါတယ်။

စစ်အာဏာသိမ်းမှု ၃ နှစ်ပြည့်ပြီးချိန် လက်နက်ကိုင်တော်လှန်မှုတွေ ပိုပြင်းထန်လာနေပေမယ့် စစ်အာဏာရှင်ဆန့်ကျင်ရေး အကြမ်းမဖက်လှုပ်ရှားမှုဖြစ်တဲ့ ဆန္ဒပြပွဲတွေကတော့ စစ်ကောင်စီရဲ့ အပြင်းအထန်ဖိနှိပ်မှုတွေကြားကနေ ဆက်ပြီးတော့ ရှင်သန်နေကြဆဲဖြစ်ပါတယ်ရှင်။

XS
SM
MD
LG