သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အာဏာသိမ်း ၃ နှစ်ပြည့်ချိန်မှာ ပြည်တွင်းစစ် ပိုကျယ်ပြန့်လာ


မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ
မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းခဲ့တဲ့ ၃နှစ်ပြည့်လာတဲ့အချိန်မှာ ပြည်တွင်းစစ်ပွဲဟာ ပိုမိုကျယ်ပြန့် လာနေပြီး နေရာဒေသအတော်များများမှာ တိုက်ပွဲတွေဟာ ပြင်းထန်လာ နေပါတယ်။ အထူးသဖြင့် ၂၀၂၃ခုနှစ်အကုန်ပိုင်းမှာ စတင်ခဲ့တဲ့ ညီနောင်မဟာမိတ် ၃ဖွဲ့ရဲ့ ၁၀၂၇ စစ်ရေးအတွင်း စစ်ကောင်စီက တပ်စခန်းတွေ ရာနဲ့ချီလက်လွှတ်လိုက်ရသလို အဓိကကျတဲ့ မြို့ကြီးအတော်များများကို ဆုံးရှုံ့းခဲ့ရပါတယ်။ လက်ရှိ စစ်အာဏာသိမ်း ၃နှစ်အတွင်း စစ်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အပေါ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေ ဘယ်လို ရှုမြင်သုံးသပ်ထားပါသလဲ။ ရန်ကုန်က ပေးပို့လာတဲ့ သတင်းကိုအခြေခံပြီး ကိုစည်သူ က တင်ပြထားပါတယ်။

၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့က ရွေးကောက်ပွဲ မဲမသမာမှုကြောင့်လို့ အကြောင်းပြပြီး စစ်တပ်က အာဏာသိမ်းယူခဲ့တာ အခုဆိုရင် ၃နှစ်ပြည့်ပြီဖြစ်ပါတယ်။ အာဏာသိမ်းမှုကို မြန်မာနိုင်ငံအနှံက ပြည်သူတွေဟာ ငြိမ်းချမ်းစွာ ဆန့်ကျင်ကန့်ကွက်ခဲ့ပြီး စစ်တပ်က လက်နက်နဲ့ အင်အားသုံးဖြိုခွင်းလိုက်တဲ့နောက်မှာတော့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်ဟာ ပိုမို ကြီးမား ကျယ်ပြန့်လာပါတယ်။ အထူးသဖြင့် ကချင်၊ ကရင်နီ( ကယား) ကရင်၊ ချင်း၊စစ်ကိုင်း၊ မကွေး စတဲ့ဒေသတွေမှာ ပြည်သူ့ကာကွယ်ရေးတပ် PDF ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေ အကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့သလို စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုနဲ့ အပြင်းအထန် တိုက်ခိုက် ချေမှုန်းခဲ့ပါတယ်။

နှစ်ဘက်အင်အားစုတွေ တဘက်နဲ့ တဘက် သူမနိုင်၊ ကိုယ်မနိုင်ဖြစ်နေတဲ့ အခြေအနေမှာ ၁၀၂၇ စစ်ဆင်ရေးက စစ်ရေးချိန်ခွင်ညှာ အလှည့်အပြောင်းတခုကို ဖြစ်ပေါ်စေခဲ့ပါတယ်။ အဲဒါကတော့ ကိုးကန့်တပ်ဖြစ်တဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA၊ တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ၊ ရက္ခိုင်တပ်တော် AA တို့ ပါဝင်တဲ့ မြောက်ပိုင်းညီနောင် မဟာမိတ်က ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။
ဒီ စစ်ဆင်ရေးစတင်ပြီး ရက်ပိုင်းအတွင်းမှာ မြို့ကြီး ၇မြို့လောက်နဲ့ တပ်စခန်း ရာနဲ့ချီ သိမ်းယူလိုက် နိုင်လိုက်တာကြောင့် နိုင်ငံအဝှမ်းက လက်နက်ကိုင်အင်အားစုတွေ စိတ်ဓါတ်မြှင့်တက်လာစေခဲ့ပါတယ်။ လက်ရှိ စစ်အာဏာသိမ်းမှု ၃နှစ်ပြည့်လာတဲ့ကာလမှာတော့ တော်လှန်ရေးအင်အားစုတွေဘက်က စစ်ရေးအရ အသာစီးရလာတယ်ဆိုတဲ့ ယူဆချက်တွေ ရှိလာနေပါတယ်။ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဗဟိုပြန်ကြားရေးတာဝန်ရှိသူတဦးဖြစ်တဲ့ တာအယ်စိုးက ကရင်နီခေါ် ကယားပြည်နယ်က အခြေအနေ အခုလို ပြောပါတယ်။

“ ဒီ ၃နှစ်တာကာလအတွင်းမှာ စစ်ကောင်စီကတော့ မြေပြင်မှာ ထိုးစစ်လုပ်ရာကနေ စစ်ကူတောင် မလွှတ်နိုင်တော့တဲ့ အနေအထားမျိုးဖြစ်တယ်ပေါ့နော်။ အထူးသဖြင့် ဒီ ကရင်နီပြည်မှာကတော့ သူတို့ရဲ့ ရှေ့တန်းစခန်းတွေကို ရိက္ခာတွေ ထောက်ပံဖို့ အင်အားဖြည့်တင်းဖို့ စသည်ဖြင့် အဲဒါတွေ လုပ်ဖို့ ဆိုရင် ဒါ လေကြောင်းကိုပဲ အားကိုးရတဲ့အနေအထားဖြစ်သွားတယ်ပေါ့နော်။ ကရင်နီ တပြည်လုံးအတိုင်းအတာနဲ့ စစ်ကောင်စီကို ကျနော်တို့ ပြောက်ကျားတိုက်ခိုက်ရာကနေပြီးတော့မှ ကျနော်တို့ ဒီတန်ပြန်ထိုးစစ် ဆင်နိုင်တဲ့အနေအထားထိကို ရောက်လာတယ်ပေါ့နော်။ ၁၀၂၇စစ်ဆင်ရေးရဲ့ လှိုင်းလုံးတွေနဲ့အတူ ကျနော်တို့ရဲ့ စစ်ဆင်ရေးတွေကိုလည်း ချဲ့ထွင်နိုင်ခဲ့တယ်ပေါ့နော်။ ”

လက်ရှိအချိန်မှာ မယ်စဲ့၊ မော်ချီ၊ နမ့်မယ်ခုံ၊ ရွာသစ်စတဲ့မြို့တွေကို အပြည့်အ၀ ထိန်းချုပ်ထားနိုင်သလို လွိုင်ကော်၊ ဒီမောဆို၊ ဖရူဆိုနဲ့ ရှားတော စတဲ့မြို့တွေကိုတော့ တစိတ်တပိုင်း ထိန်းချုပ်ထားနိုင်ကြောင်း ပြောပါတယ်။ ကရင်နီခေါ် ကယားပြည်နယ်မှာ KNDF နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီရဲ့ ကရင်နီတပ်မတော် KA တို့ဟာ စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို အစောဆုံးဆန့်ကျင် တိုက်ခိုက်ခဲ့တဲ့ အဖွဲ့တွေ ဖြစ်ပါတယ်။

ချင်းပြည်နယ်အတွင်းမှာတော့ ချင်းအမျိုးသားတပ်ဦး CNF နဲ့ ချင်းအမျိုးသားကာကွယ်ရေးတပ် CNDF အာဏာသိမ်းပြီး မကြာခင်မှာ စစ်ကောင်စီကို လက်နက်ကိုင် ဆန့်ကျင်ခဲ့တာပါ။ အာဏာသိမ်း ၃နှစ်ပြည့်ကာလ ချင်းပြည်နယ်ရဲ့ အခြေအနေကို CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက အခုလို ပြောပါတယ်။


“ ဒီ ၃နှစ်အတွင်းမှာ ကျနော်တို့ ချင်းပြည်နယ်ကတော့ စစ်ရေးအနေအထားနဲ့ဆိုရင် ကျနော်တို့က ထိုးစစ်အနေနဲ့ လုပ်နိုင်တဲ့အနေအထားမှာဆိုတော့ နယ်မြေ ၁၀၀မှာ ၇၅ ကတော့ ကျနော်တို့ရဲ့ စိုးမိုးမှုအောက်မှာ ရောက်သွားတဲ့ အနေအထားဖြစ်တယ်။ အခုလက်ရှိ မြို့ပေါ်မှာ အခြေစိုက်တဲ့ စစ်ကောင်စီတွေက တပ်ဖွဲ့ တခုနဲ့ တခု မြို့ တမြို့နဲ့ တမြို့ ချိတ်ဆက် ကူးလူးဆက်ဆံမှုတွေ လုံး၀ မလုပ်နိုင်တော့တဲ့ အနေအထားမှာရှိသလို သူတို့ရဲ့ အုပ်ချုပ်ရေး ယန္တရားတွေလည်း မြို့အဆင့်လောက်မှာပဲ အဲသလိုမျိုး ပြည်နယ်နဲ့ မြို့နယ် ခရိုင်ဆိုပြီးတော့ စစ်ကောင်စီ ယန္တရားလည်ပတ်မှုကတော့ လုံး၀ မရှိတော့ဘူးလို့ ပြောလို့ ရပါတယ်။ ”

ချင်းပြည်နယ်မှာတော့ မြို့ ၇မြို့လောက်ကို ချင်းတော်လှန်ရေးအဖွဲ့တွေက ထိန်းချုပ်ထားပြီး ပလက်ဝကိုတော့ AA က ထိန်းချုပ်ထားတာဖြစ်ပါတယ်။ ကချင်လွတ်မြောက်ရေးတပ်မတော် KIAက ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူကလည်း လက်ရှိ စစ်ရေးအခြေအနေကို အခုလို သုံးသပ်ထားပါတယ်။

“ ဒီ ၂၀၂၃ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၄ ပိုင်းမှာကတော့ ကျနော်တို့ ကချင်ပြည်နယ်တို့ နောက် ရှမ်းမြောက်လည်း ပါမှာပေါ့။ တပ်စခန်းအကြီးအငယ် အားလုံးပေါင်း ၂၀ကျော် သိမ်းခဲ့ပါတယ်။ နောက် သူတို့ဖာသာ သူတို့ ဆုတ်သွားတာလည်း ၈ခုလောက်ရှိပါတယ်။ ရိုးရိုး သာမန် ယေဘူယျ ကြည့်မယ်ဆိုရင်တော့ သူတို့လည်း အင်အားတွေတော့ တော်တော်ချိနဲ့သွားတဲ့ ပုံစံတွေ့ရပါတယ်။ နောက်တခုတွေ့ရတာတော့ သူရဲ့ စစ်သားတွေကလည်း တော်တော်များများ စိတ်ဓါတ်ကျသွားတဲ့ ပုံစံမျိုးလိုတော့ တွေ့ရပါတယ်ခင်ဗျ။ အခုပုံစံမျိုးနဲ့ ဆက်ပြီးမှ သူရပ်တည်မယ်ဆိုရင်တော့ သူလည်း အကျပ်အတည်းကတော့ တော်တော်တော့ ကြုံမယ်လို့တော့ ထင်ပါတယ်။ ”

၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက်မှာ မြန်မာနိုင်ငံတဝှမ်း မြို့ ၃၀ကျော်နဲ့ တပ်စခန်း ၅၀၀လောက်ကို တော်လှန်ရေးအဖွဲ့တွေဘက်က သိမ်းယူထားတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာတော့ စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ် ၃ဖွဲ့ ယာယီအပစ်ရပ် လက်မှတ်ရေးထိုးပေမဲ့ ရခိုင်ပြည်နယ်အတွင်းမှာတော့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပါတယ်။ တချိန်တည်းမှာတော့ စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ဘက်မှာလည်း အားမရမှုတွေ ရှိနေပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးမှုအခြေအနေကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ရဲ့ နာယက ဗိုလ်မှုးကြီးခွန်ဥက္ကာက အခုလို ပြောပါတယ်။
“ အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က မရပ်သွားဘူးဆိုပေမဲ့ မတိုးတက်လာဘူး။ ဟန်မပျက်လုပ်တယ် ဒါပေမဲ့ မတိုးတက်လာဘူး။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလုပ်တဲ့အခါ မြောက်ပိုင်းက ၃ဖွဲ့လာတယ်။ ဝ၊ မိုင်းလား ၊ SSPP ။ ကျနော်တို့ တောင်ပိုင်းကတော့ ၇ဖွဲ့ ထွက်တယ်။ NCA လက်မှတ်ထိုး ၇ဖွဲ့။ သို့သော် ဒီအဖွဲ့တွေက အကြိမ်ပေါင်းများစွာ သွားပေမဲ့ တွေ့ပေမဲ့ ရှင်းရှင်းပြောရရင်တော့ လောက်လောက်လားလား အာမခံချက်ရှိတဲ့ သဘောတူချက်မျိုး တိုးတက်မှုမျိုး မတွေ့ရဘူးဗျ။ ပေးကားပေး၏ မရ သဘောမျိုးပေါ့။ ဆွေးနွေးပွဲတွေတော့ တံခါးဖွင့်ထားတယ်။ ရလဒ်မထွက်တဲ့ သဘောမျိုးပေါ့။”

အဓိက အချက်ကတော့ ညှိနှိုင်းဆွေးနွေးထားတဲ့အချက်တွေကို ရွေးကောက်ပွဲက ထွက်ပေါ်လာမယ် လွှတ်တော်မှာ အတည်ပြုချက်ရယူရမှာကြောင့် ဖြစ်ကြောင်းနဲ့ ၂၀၀၈ဖွဲ့စည်းပုံအပေါ် ဗဟိုပြုလွန်းတာကြောင့် ဖြစ်ကြောင်းလည်း သုံးသပ်ပါတယ်။ ဗိုလ်မှုးကြီးခွန်ဥက္ကာရဲ့ မိခင်အဖွဲ့ဖြစ်တဲ့ PNLO/ PNLA အဖွဲ့ဟာ ဇန်နဝါရီ တတိယအပတ်အတွင်း ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့မှာ စစ်ကောင်စီနဲ့ တိုက်ပွဲတွေ စတင်ဖြစ်ပွားနေပါတယ်။ ဗိုလ်မှုးကြီး ခွန်ဥက္ကာကတော့ ဒီတိုက်ပွဲတွေနဲ့ပတ်သက်ပြီး မှတ်ချက်မပေးပါဘူး။ ဒါပေမဲ့ ပြဿနာတွေကို တွေ့ဆုံဆွေးနွေးမှ ဖြေရှင်းနိုင်မယ်ဆိုတဲ့ မူကို ဆက်လက်ကိုင်စွဲထားဆဲဖြစ်ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ၃နှစ်တာကာလအတွင်း မြန်မာနိုင်ငံမှာ စစ်ရေး၊နိုင်ငံရေး၊ဘဏ္ဍာရေး၊ စီးပွားရေး စတဲ့ အထွေထွေအကျပ်အတည်းတွေ ရင်ဆိုင်နေရတာပါ။ တရုတ်၊ အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်း ကတော့ တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ ထောက်ခံအားပေးနေပေမဲ့ လက်ရှိအချိန်အထိတော့ တွေ့ဆုံဆွေးနွေးမယ့် အခြေအနေတွေ မတွေ့မြင်ရသေးပါဘူး။

XS
SM
MD
LG