သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဏာသိမ်း ၃ နှစ်အတွင်း စစ်ကောင်စီ ရာဇဝတ်မှုနဲ့ လူ့အခွင့်အရေးတွေ ချိုးဖောက်ခဲ့


ကျောက်ကြီးမြို့အနီးတိုက်ပွဲကြောင့် ဒေသခံ တသောင်းခွဲနီးပါး ထွက်ပြေးနေရ (ဇွန်၊ ၂၀၂၃)
ကျောက်ကြီးမြို့အနီးတိုက်ပွဲကြောင့် ဒေသခံ တသောင်းခွဲနီးပါး ထွက်ပြေးနေရ (ဇွန်၊ ၂၀၂၃)

စစ်အာဏာသိမ်း ၃ နှစ်တာ ကာလအတွင်း စစ်ကောင်စီတပ်တွေက စစ်ရာဇဝတ်မှုအပြင် ကျူးလွန်ကြသလို လူ့အခွင့်အရေး ချိုးဖေါက်မှုတွေလည်း ကျူးလွန်ကြတယ်လို့ လူ့အခွင့်အရေးလေ့လာစောင့်ကြည့်သူတွေက ထောက်ပြပါတယ်။ အထူးသဖြင့် ၂၀၂၃ ခုနှစ်အတွင်းမှာဆိုရင် ရှမ်း၊ ကရင်နီ ခေါ် ကယား၊ စစ်ကိုင်းတိုင်းစတဲ့ စစ်ရေးပြင်းထန်တဲ့ ဒေသတွေမှာ သိသိသာသာ လူ့အခွင့်အရေး ချိုးဖေါက်မှုတွ ကျူးလွန်ခဲ့ကြတယ်လို့ ကိုယ်တိုင် ကြုံခဲ့ကြတဲ့ ကာယကံရှင်တွေရော အကူအညီပေးရေး အဖွဲ့အစည်းတွေကပါ ဗွီအိုအေကို ပြောပါတယ်။ စစ်ကောင်စီတပ်တွေရဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး အလိမ္မာ က ပြောပြပေးမှာပါ။

စစ်ရေးပြင်းထန်တဲ့ဒေသတွေမှာ အရပ်သားတွေကို အပြစ်မရှိပဲ ဖမ်းဆီးတာ၊ စစ်တပ် စစ်ဆေးဂိတ်မှာ မရပ်ဘဲဖြတ်ကျော်မိလို့ ပစ်သတ်ခံရတာ၊ မှတ်ပုံတင်နယ်မြေမတူရင် သွားလာခွင့်ပိတ်ပင်ခံရတာနဲ့ ပြည်သူတွေရှိရာ ကျေးရွာတွေကို စစ်ကောင်စီတပ်တွေဟာ လက်နက်ကြီးနဲ့ရော လေကြောင်းကနေပါ ဂျက်တိုက်လေယာဥ်တွေနဲ့ ပစ်မှတ်ထား တိုက်ခိုက်နေတာကြောင်း စောင့်ကြည့်သူတွေက ထောက်ပြထားတာပါ။ အထူးသဖြင့် ၂၀၂၃ ခုနှစ်အတွင်း အဆိုးဝါးဆုံး လူ့အခွင့်အရေးချိုးမှုတွေ ကျူးလွန်ခံနေတယ်လို့ ကိုယ်တိုင်ကြုံတွေ့ရတဲ့သူတွေနဲ့ မြေပြင်မှာ စာရင်းပြုစုနေတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ဗွီအိုအေကို ပြောပါတယ်။

အထူးသဖြင့် ရှမ်းမြောက်ဒေသက ၁၀၂၇ စစ်ဆင်ရေး တိုက်ပွဲပြင်းထန်လာပြီးတဲ့နောက် လာရှိုး၊ ကျောက်မဲဘက်မှာ လူငယ်အယောက် ၂၀ ထက်မနည်း ဖမ်းဆီးခံရသလို ဆယ်ဂဏန်းကျော် ပစ်သတ်ခံခဲ့ရတာလို့ တအာင်းအမျိုးသမီးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

“တိုက်ပွဲအတွင်းမှာမဟုတ်ဘဲနဲ့ ဦးတည်တိုက်ခိုက်ခံရတဲ့ဟာတွေ အပြင် ဖမ်းဆီးမှုတွေ များတယ်။ စစ်ဆေးမှုတွေလည်း များတယ်။ ဒီသွားလာ ခရီးသွားလာတဲ့အချိန်မှာဆိုရင်လည်း လူငယ်ပိုင်းတွေ ပိုပြီးမှစစ်ဆေးခံရတာ၊ မှတ်ပုံတင်မတူတာမျိုးတွေဆိုရင်လည်း သွားလာခွင့်မပေးတာမျိုးတွေ ဖမ်းဆီးမှုတွေ လုပ်တာမျိုးတွေ အဲ့လိုမျိုးလုပ်တဲ့အပိုင်းတွေ အများကြီးရှိတယ်ပေါ့နော်။ ဒီနှစ် နှစ်ကုန်ပိုင်မှာဆိုရင် ပိုပြီးမှ ပစ်သတ်မှုလည်း များတယ်ပေါ့နော်။”

၁၀၂၇ စစ်ဆင်ရေး အတွင်း အရပ်သား သေဆုံးသူ ၂၀၀ ကျော်နဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၄၀၀ ကျော်လောက်ရှိတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့က လက်လှမ်းမီသလောက်ပြုစုထားတဲ့ စာရင်းတွေမှာဖေါ်ပြထားပါတယ်။ ဖုန်းလိုင်း အင်တာနက်လိုင်းဖြတ်တောက် အဆက်အသွယ်မရတဲ့နေရာလည်းရှိတာမို့ သေဆုံးသူအရေအတွက်ဟာ ဒီထက်မက များပြားနိုင်တယ်လို့ တအန်းအမျိုးသမီးအဖွဲ့ တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။

“ တိုက်ပွဲဖြစ်တဲ့အချိန်မှာ လေယာဉ်အသုံးပြုပြီးမှ လူထုတွေ ရှိတဲ့နေရာကို ဦးတည်တိုက်ခိုက်တာတွေကြောင့် သေဆုံးဒဏ်ရာရလာတာရှိသလို တချို့နေရာမှာကျတော့ လက်နက်ကြီး ရမ်းသမ်းပြီးမှ ပစ်ခတ်တာမျိုးကြောင့် ထိခိုက်တာ သေဆုံးတာတွေ အများဆုံးဖြစ်နေတာပေါ့နော်။ တချို့နေရာမှာဆိုရင်တော့ တိုက်ပွဲဖြစ်တာတော့ မဟုတ်ဘူး ဒါပေမယ့် ဒီလေယာဉ်အသုံးပြုပြီးမှ တဖက်သက်လာပစ်တာတွေ လက်နက်ကြီးလှမ်းထုတာမျိုးတွေကြောင့် သေဆုံးအရာတွေလည်း အများကြီးတော့ရှိပါတယ်။”

အလားတူ ကယား(ကရင်နီ)ပြည်နယ်မှာလည်း အဆိုးရွားဆုံး လူ့အခွင့်အရေးချိုးဖောက်မှုတွေ စစ်ရာဇဝတ်မှုတွေ စစ်ကောင်စီက တောက်လျှောက်ကျူးလွန်နေပြီး အသက်ရှင် ရပ်တည်ပိုင်ခွင့်တွေတောင် ခြိမ်းခြောက်ခံနေရတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဗဟိုပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက ဗွီအိုအေကို ခုလို ပြောပါတယ်။

“ ၃ နှစ်တာ ကာလအတွင်းမှာတော့ စစ်ကောင်စီတပ်ဘက်က ကရင်နီပြည်မှာပေါ့နော် အဆိုးရွားဆုံး စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်။ အထူးသဖြင့် ဖရူဆိုမြို့နယ်ပေါ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ခရစ္စမတ်အကြိုနေ့မှာ အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်မှုဖြစ်တယ်။ အဲ့မှာ လူ ၃၀ ကျော်သေဆုံးခဲ့ရတယ်ပေါ့နော်။ ကလေးသူငယ် အမျိုးသမီးတွေ အပါအဝင်။ ဒီတောက်လျှောက်မှာလည်း ကျနော်တို့ ပြည်သူတွေ စစ်ရှောင်နေရတဲ့ အနေအထားမျိုးဖြစ်တယ်ပေါ့နော်။ ဆိုတော့ ပြည်သူတွေရဲ့ အခြေခံရပိုင်ခွင့်တွေဖြစ်တဲ့ အသက်ရှင်ရပ်တည်ပိုင်းခွင့်တွေ ခြိမ်းခြောက်ခံရတဲ့ဟာမျိုးဖြစ်လာတယ်။ လေကြောင်းတိုက်ခိုက်မှုတွေ ခံနေရတယ်။ စစ်ရှောင်စခန်းတွေလည်း လေကြောင်းတိုက်ခံမှုတွေ ပစ်မှတ်ထားခြင်းခံရသလို လက်နက်ကြီးတွေနဲ့ တိုက်ခိုက်တာတွေ ခံရတယ်ပေါ့နော်။”

ကယားပြည်နယ် ဒေသအခေါ် ကရင်နီပြည်မှာလည်း အရပ်သားပြည်သူ အစုလိုက်သတ်ခံရတဲ့ ဖြစ်စဉ်ရှိခဲ့တယ်လို့ ပြောပါတယ်။ ၂၀၂၁ခုနှစ် ဒီဇင်ဘာ ၂၄ ရက်နေ့မှာ ဖရူဆိုမြို့နယ်၊ မိုဆိုရွာဆီ စစ်ဘေးရှောင်လာတဲ့ အရပ်သားပြည်သူ ၃၅ ဦးကို တစုတည်း သတ်ဖြတ်ခဲ့ပြီး ရုပ်အလောင်းတွေကို မီးရှို့ခဲ့တာပါ။ အဲဒီဖြစ်စဉ်အတွင်း သေဆုံးသူထဲမှာ Save The Children က ဝန်ထမ်း ၂ ဦးလည်း ပါဝင်ပါတယ်။

အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ နေအိမ် မီးရှို့တာ၊ ဘာသာရေးအဆောက်အဦးဖျက်စီးတာ၊ ရိက္ခာပို့ဆောင်ရေး လမ်းကြောင်းဖြတ်တောက်တာတွေလည်း ရှိခဲ့တာပါ။
လက်ရှိ ညောင်ရွှေမြို့နယ်မှာ ခိုလှုံနေတဲ့ ဒီးမော့ဆိုမြို့နယ် ငွေတောင်ရွာခံစစ်ရှောင် အမျိုးသမီးတဦးကတော့ ၃နှစ်တာကာလအတွင်း တနေရာပြီး တနေရာ ထပ်ခါတလဲလဲ ပြောင်းရွှေ့နေထိုင်နေရတဲ့အကြောင်း အခုလိုပြောပါတယ်။

“ငွေတောင် စပျက်စီးတဲ့အခါကျတော့ အမေတို့ရွာဘက်ကို ရှောင်ပြေးသွားတယ်ပေါ့နော်။ နောက် ကျမတို့ အိမ်တွေလည်း မရှိတော့ဘူးလေ မီးလောင်သွားတယ်ပေါ့။ နောက် အမေတို့ရွာမှာကျတော့လည်း တိုက်ပွဲတွေ ရှိလာတော့ (လက်နက်ကြီး)အလုံးကြီးတွေလည်း ကျတယ်၊ မီးဖိုချောင်မှာလည်းကျတယ်၊ အိမ်မကြီးလည်းကျတဲ့အခါတော့ နေလို့မရတော့ဘူး အဲ့လိုမျိုးဖြစ်သွားတာ။ ကျမတို့မှာ ဘာမှမရှိတော့ဘူးပေါ့။ အိမ်ကလည်း မီးလောင်သွားပြီး ပြာကျသွားပြီး။ နောက်အမေတို့ဖက်က ကျန်နေတဲ့ ပစ္စည်းတွေက ဘာတခုမှမပါသွားဘူး၊ ဘာမှပစ္စည်းမှမရှိတော့ဘူး။ အခုက ပါလာတဲ့ အဝတ်အစာ အိပ်ယာခင်း အဲ့လောက်ပဲပေါ့ အဲ့လောက်ပဲကျန်တော့တာပေါ့။”

တိုက်ပွဲတွေကြား ဖိနှိပ်မှုမျိုးစုံနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရတာကြောင့် အဖက်ဖက်မှာ အကြောက်တရားနဲ့ အသက်ရှင်နေထိုင်နေရတယ်လို့ ၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းလောက်က စစ်ဘေးရှောင်တိမ်းခဲ့ရတဲ့ ဖားဆောင်းမြို့နယ် ကျောက်ပန်းညိုရွာခံအမျိုးသမီးတဦးက ခုလို ပြောပါတယ်။

“ပြန်လို့ရပြီး ပြန်နေကြတော့ဆိုရင်တောင်မှ ပြည်သူတွေက အဲ့လောက်ကြီး စိတ်သန့်သန့်နဲ့နေရဲပါ့မလားပေါ့။ ဘာဖြစ်လို့ဆို ကျမတို့ ရွာဆိုရင် မိုင်းတွေ ထောင်ထားတယ် နည်းတာမဟုတ်ဘူးလေ၊ ဟိုဘက်ထောင်လိုက် ဒီဘက်ထောင်လိုက်၊ PDF ဖက်ကနေပြီးတော့ ရှင်းလင်းရေးလုပ်ပေးရင်တောင်မှ စစ်တပ်ဖက် ရှင်းလင်းရေးဝင်မလုပ်ပေးရင်လည်း သူတို့ထောင်တဲ့နေရာကို သူတို့မှန်မိပါ့မလားပေါ့ အဲ့လိုမျိုးပေါ့။ အခုဆိုရင် အိမ်တွေ ခြံတွေ မရှိတော့ဘူး။ ကျမတို့ ရွာဆို အကုန်မီးရှို့ခံရတာရော၊ တအိမ်မှမကျန်ဘူး။ ကျမတို့ရွာဆိုရင် လေယာဉ်ဗုံးလာကြဲတာ ခေါက်တုတ်ခေါက်ပြန် ရွာဆို ရစရာမရှိတော့ဘူးပေါ့ အဲ့လိုမျိုးဖြစ်သွားတယ်လေ။”

ဆေးရုံ၊ ဆေးခန်း၊ ဘုန်ကြီးကျောင်း၊ စာသင်ကျောင်း၊ ခရစ်ယာန်ဘာသာရေးအဆောက်အဦးနဲ့ စစ်ရှောင်စခန်းတွေကို ပစ်မှတ်ထားတိုက်ခိုက်တာကြောင့် ကရင်နီပြည်နယ်မှာ မြို့ပျက်သဖွယ်ဖြစ်သွားပြီလို့ ကရင်နီလူ့အခွင့်အရေးတည်ထောင်သူ ကိုဗညားက ဗွီအိုအေကို မကြာသေးခင်က ပြောဆိုထားပါတယ်။

စစ်အာဏာသိမ်း ၃နှစ်နီးပါးကာလအတွင်း အရပ်သားတွေအပေါ် စစ်ကောင်စီရဲ့ ဖိနှိပ်မှုမျိုးစုံကြောင့် ကရင်နီလူ့အခွင့်အရေးအဖွဲ့က လက်လှမ်းမှီသလောက်ပြုစုထားတဲ့ စာရင်းအရ အရပ်သား ၅၂၀ သေဆုံးပြီး နေအိမ်ပေါင်း ၁၅၀၀ ကျော် ဖျက်ဆီးခံခဲ့ရတယ်လို့ လည်း ဆိုပါတယ်။

ချင်းလူမျိုးတွေအပေါ်မှာလည်း စစ်ကောင်စီရဲ့ ဖိနှိပ်မှုမျိုးစုံကြောင့် အာဏာသိမ်းကာလ ၂ နှစ်နဲ့ ၈ လအတွင်း သေဆုံးသူဟာ ၅၂၈ ဦးအထိ ရှိခဲ့တယ်လို့ ချင်းရေးရာအဖွဲ့ချုပ် ICA က အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။ အဲဒီထဲက ၂၀၀ ကျော်ဟာ အရပ်သားပြည်သူတွေ ဖြစ်ပြီး ချင်းအမျိုးသား ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင် ၃၀၀ ကျော်လည်း ပါဝင်ပါတယ်။ အခုလို အာဏာသိမ်းကာလမှာ ချင်းလူမျိုးတွေအပေါ် စစ်ကောင်စီရဲ့ ကျူးလွန်မှုတွေကို မှတ်တမ်းတင်ထားပြီး အရေးယူမှုတွေ ပြုလုပ်နိုင်ဖို့ နိုင်ငံတကာအဖွဲ့တွေဆီ ပေးပို့ထားတယ်လို့ ချင်းရေးရာအဖွဲ့ချုပ်က လက်ထောက်ညွှန်ကြားရေးမှူး ဆလိုင်းဗန်ဆွီးဆန်က ၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ ဗွီအိုအေကို အခုလို ပြောခဲ့ပါတယ်။

"၂ နှစ်ကျော်၊ ၃ နှစ်နီးပါး ကာလအတွင်းမှာ ကျနော်တို့ ချင်းလူမျိုးက ၅၀၀ ကျော်အထိ သေဆုံးခဲ့ပြီ။ ဒီအပေါ်မှာ နိုင်ငံတကာ အဖွဲ့အစည်းတွေက လက်ပိုက်ကြည့်နေရမယ့် အချိန်မဟုတ်တော့ဘဲ အမှန်တကယ် ထိရောက်တဲ့ အရေးယူမှုတွေ၊ လုပ်ဆောင်မှုတွေ၊ Statement ထုတ်နေရုံ၊ စိုးရိမ်ပေးနေရုံမဟုတ်တော့ဘဲနဲ့ အမှန်တကယ် ထိရောက်တဲ့ အရေးယူမှုတွေလုပ်ပေးဖို့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို လှုံ့ဆော်ချင်ပါတယ် ခင်ဗျ။"

၂၀၂၃ ဧပြီလ ၁၁ ရက်နေ့မှာ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာမှာ စစ်ကောင်စီက တိုက်လေယာဥ်နဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် ကလေးငယ် ၄၀ နီးပါး အပါအဝင် လူပေါင်း ၁၇၀ ကျော် သေဆုံးခဲ့ပါတယ်။ ပဇီကြီးကျေးရွာ တိုက်ခိုက်မှုဟာ စစ်အာဏာသိမ်းမှုနောက်ပိုင်း အရပ်သားတွေ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရတဲ့ လေကြောင်း တိုက်ခိုက်မှုလည်း ဖြစ်တာပါ။

ဒီတိုက်ခိုက်မှုအတွင်း ဘယ်သူဘယ်ဝါ မခွဲခြားနိုင်လောက်အောင် ခန္ဓာကိုယ်အစိတ်အပိုင်း တစစီ ဖြစ်သွားသူတွေ၊ တကိုယ်လုံး မီးလောင် သေဆုံးသူတွေ အများအပြား ရှိခဲ့ပါတယ်။ မိနစ်ပိုင်းအတွင်း လူရာနဲ့ချီ သေဆုံးခဲ့ရတဲ့ ထိတ်လန့်စရာ အဖြစ်ဆိုးကြီးကို ကိုယ်တိုင် ကြုံတွေ့ခဲ့ရပြီး ခင်ပွန်းသည်နဲ့အတူ ၆နှစ်အရွယ်သားတစ်ယောက်၊ ၁၂ နှစ်အရွယ် သမီးတစ်ယောက် သေဆုံးခဲ့ရတဲ့ အမျိုးသမီးတဦးက ခုလို ပြောပြပါတယ်။

“ဥမမယ် စာမမြောက် ကလေးလေးတွေ ပါသွားတော့ ကျမ ပိုပြီး ရင်နာတယ်။ ဝမ်းနည်းတယ်။ ကျမလေ အဲ့ဒီနေ့ကဆို အရူးမကြီး တယောက်လိုပဲ။ ဘယ်သွားလို့ ဘယ်လာရမှန်းမသိ။ ဘယ်အားကိုးရမှန်းမသိ။ ကျမတို့မှာလေ ညနေရောက်လာတော့ တခါ ပြန်ပစ်တော့ ကျမတို့မှာ တောကြိုအုံကြားလျှောက်။ နေတတ်စရာလည်း မရှိပါဘူး။ ဒီလို အဖြစ်ဆိုးကြီးထဲမှာလည်း ကျမတို့ မနေချင်ပါဘူး။ ကျမတို့ မိသားစုလို ဘယ်မိသားစုမှ မဖြစ်စေချင်တော့ပါဘူး။ ဒီလိုကြီးလည်း တခါမှမကြားဖူးတော့ ကျမတို့ အဲ့အသံတွေ ကြားရင် ကြောက်ပါတယ်။ ဘယ်ပြေးလို့ ပြေးရမှန်းလည်း ကျမတို့ မသိပါဘူး။ ကျမတို့ မျက်စိရှေ့မှာ မိသားစုတွေ ဒုက္ခဖြစ်နေတော့ ဘယ်မိသားစုမှလည်း ဒီလို အတွေ့အကြုံကြီးနဲ့ မတွေ့စေချင်ဘူး။”

အထူးသဖြင့် အာဏာသိမ်းထားတဲ့ ကာလအတွင်း စစ်ကောင်စီတပ်အနေနဲ့ အင်အားအလွန်အကျွံသုံးပြီး အရပ်သားတွေကိုပါ ဦးတည်ရာမဲ့ ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် နိုင်ငံတရားရုံးတွေမှာ တင်ပြ အရေးယူနိုင်ဖို့အရပ်ဘက်အဖွဲ့အစည်းတွေက ကြိုးပမ်းနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG