သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“မြန်မာပဋိပက္ခ တရုတ်နဲ့ရုရှားကို အမြတ်ထွက်စေတယ်” Mitch McConnell 


အမေရိကန်အထက်လွှတ်တော် ရီပတ်ဘလီကန်ခေါင်းဆောင် Mitch McConnell
အမေရိကန်အထက်လွှတ်တော် ရီပတ်ဘလီကန်ခေါင်းဆောင် Mitch McConnell

'မြန်မာနိုင်ငံကြုံနေရတဲ့ပဋိပက္ခဟာ အာရှဒေသတွင်းက တရုတ်နဲ့ရုရှားနိုင်ငံအတွက် အမြတ်ထွက်စေတယ်' - လို့ အမေရိကန်အထက်လွှတ်တော် ရီပတ်ဘလီကန်ခေါင်းဆောင် Mitch McConnell က ပြောလိုက်ပါတယ်။

တရုတ်နဲ့ရုရှားဟာ မြန်မာစစ်တပ်ကို လက်နက်ထောက်ပံ့ပေးခြင်းအားဖြင့် အမြတ်အစွန်းတွေရသလို သူတို့ဩဇာသက်ရောက်မှုလည်း ကြီးလာတယ်လို့ မြန်မာစစ်အာဏာသိမ်း သုံးနှစ်ပြည့်အထိမ်းအမှတ် ထုတ်ပြန်ချက်မှာ Mr. McConnell က ပြောဆိုလိုက်တာပါ။ တရုတ်နိုင်ငံဟာဆိုရင် မြန်မာနိုင်ငံကိုသုံးပြီး အိန္ဒိယသမုဒ္ဒရာဘက်ကို ထွက်ပေါက်ရဖို့ မဟာဗျူဟာမြောက် တိုးချဲ့ဖို့ အရေးပါတဲ့စီမံကိန်းလုပ်ငန်းတွေကို မျက်စိကျနေတယ်လို့လည်း ထောက်ပြထားပါတယ်။ သူ့အနေနဲ့ကတော့ မြန်မာနိုင်ငံနဲ့ အနာဂတ်မီးရောင်ကို ငြိမ်းသတ်ဖို့ကြိုးစားနေတဲ့ မြန်မာစစ်တပ် လူရမ်းကားတွေကို ဆန့်ကျင်နေသူတွေနဲ့ ဆက်ပြီး ရပ်တည်သွားမယ်လို့လည်း အထက်လွှတ်တော်အမတ် Mitch McConnell က ပြောပါတယ်။

အမေရိကန် ပါတီကြီးနှစ်ရပ်လုံးကသဘောတူထားတဲ့ Burma Act ပါအတိုင်း မြန်မာပဋိပက္ခအတွင်း ရှေ့တန်းက စစ်အုပ်စုကို ခုခံနေသူတွေကို ထိစပ်ဆက်သွယ်ပြီး လက်နက်မဟုတ်တဲ့အကူအညီတွေပေးရေး အကောင်အထည်ဖော်ဖို့ကိုလည်း အမေရိကန်ကိုအစိုးရပိုင်းကို အထက်လွှတ်တော်အမတ် Mitch McConnell က တိုက်တွန်းခဲ့ပါတယ်။

မြန်မာနိုင်ငံတွင်း စစ်ကြောင့် လူ ၂.၅ သန်းဝန်းကျင် အိုးအိမ်မဲ့ခဲ့ရပြီး ဒီနှစ်အတွင်းမှာဆိုရင်ပဲ လူပေါင်း တသောင်းခွဲကျော် သေဆုံးခဲ့ရတယ်လို့လည်း သူ့ကြေညာချက်မှာဖော်ပြပါတယ်။ မြန်မာစစ်တပ်ဟာ သူ့ကိုဆန့်ကျင်တဲ့ အပြစ်မဲ့လူသောင်းနဲ့ချီ ဖမ်းဆီးထိန်းသိမ်းထားပြီး အဲဒီအထဲမှာတော့ အထင်ရှားဆုံး သူ့မိတ်ဆွေဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်တယ်လို့ ဝါရင့် ရီပတ်ပလင်ကန်ခေါင်းဆောင် အထက်လွှတ်တော်အမတ် Mitch McConnell က ဖော်ပြထားပါတယ်။

XS
SM
MD
LG